မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 april 2010

ဒေါ်နန်းရွှေကြာ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၁၄ နာရီ ၁၂ မိနစ် .

ဒေါ်နန်းရွှေကြာ

(ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ၊ ဝံသာနု NLD - ပြည်ထောင်စု မြန်မာနိုင်ငံ)
အမည် ဒေါ်နန်းရွှေကြာ
ရာထူး ဗဟိုကော်မတီဝင်နှင့် အလှည့်ကျ ဥက္ကဋ္ဌ (၂ဝဝ၅ - လက်ရှိ)
အဖွဲ့အမည် ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)
မွေးသက္ကရာဇ် ၁၃. ၁၂. ၁၉၆၃
မွေးရပ်ဇာတိ ကွန်ဟိန်းမြို့၊ ရှမ်းပြည်နယ် (တောင်ပိုင်း)
မိဘအမည် ဦးစိုင်းနွဲ့၊ ဒေါ်နန်းခင်စိုး
မွေးချင်း မောင်နှစ်မ ၄ ဦးအနက်၊ ဒုတိယမြောက်
ခင်ပွန်း ဦးရဲမင်း
သားသမီး ၃ ဦး (သား ၁၊ သမီး ၂)
ပညာအရည်အချင်း တောင်ကြီးမြို့ အထက - ၃ မှ ၁၉၇၈ ခုနှစ်တွင် ၁ဝ တန်း အောင်မြင်ခဲ့။
၁၉၈၄ ခုနှစ်တွင် တောင်ကြီးကောလိပ်တွင် မြန်မာစာ အဓိကဖြင့် BA ဘွဲ့ ရရှိခဲ့။
အဝေးသင် တက်ရောက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် မြန်မာစာ (ဝိဇ္ဇာဘွဲ့) ရခဲ့။
နိုင်ငံရေးလောကသို့
ရောက်ရှိလာပုံ       ၁၉၈၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD သို့ ဝင်ရောက်ခဲ့။
ပါဝင်ခဲ့ဖူးသည့်အဖွဲ့    မန္တလေးတိုင်း အမျိုးသမီးအဖွဲ့ဝင် (၁၉၈၉ - ၂ဝဝ၄)
၂ဝဝ၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် NLD နှင့် သဘောထားချင်း
မတိုက်ဆိုင်သဖြင့် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့။
ထိန်းသိမ်းခံခုနှစ်၁၉၉၆နှင့်၉၇ခုနှစ်များတွင်ဗိုလ်ချုပ်ခင်ညွှန့်၏စစ်ထောက်လှမ်းရေးကတကြိမ်လျှင် အများဆုံး၆လ၊အနည်းဆုံး၃လဖြင့်၇ကြိမ်ထိန်းသိမ်းခဲ့။
လက်ရှိလိပ်စာလှည်းတန်းရပ်၊အနှိပ်တော်အုပ်စု၊နန်းတော်ရှေ့ရပ်ကွက်၊ပုသိမ်ကြီးမြို့နယ်၊မန္တလေးတိုင်း။
အဖွဲ့၏ရွေးကောက်ပွဲ
ဝင်ရောက်မည့်နယ်မြေ မန္တလေးတိုင်း
ပါတီဝင်အင်အား ၁၅ဝဝဝ မှ ၂ဝဝဝဝ ကြား။

ပါတီ၏ လက်ရှိ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှု အခြေအနေ

“ကျမတို့ပါတီကိုမှတ်ပုံတင်ဖို့ပြင်ဆင်နေပါပြီ။ဒီလ၆ရက်နေ့ နေပြည်တော်သွားမယ်။ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်၁၅ယောက်စာရင်းလည်းပြုစုပြီးသွားပြီ။၇ရက်နေ့မှာပါတီမှတ်ပုံတင်မယ့်အကြောင်းကို သွားအကြောင်းကြားမှာပါ။ ပါတီဖွဲ့စည်းပုံလည်း ကျမတို့ ရေးဆွဲပြီးသွားပါပြီ။ ဝင်ပြိုင်ဖို့တော့ မန္တလေးတိုင်းကို အဓိကထားပါတယ်။တနိုင်ငံလုံးအတိုင်းအတာနဲ့လည်းတိုးချဲ့ပြီးလုပ်သွားဖို့အစီအစဉ်ရှိပါတယ်။အခုကျမတို့ စည်းကမ်းတကျလုပ်နေတယ်။ပြည်သူလူထုကိုလည်းစည်းကမ်းတကျနဲ့ဒီ၂ဝ၁ဝရွေးကောက်ပွဲကို ဖြတ်သန်းဖို့ရန်ကျမစည်းရုံးမှာပါ။နောက်NLDထဲမှာရှိတဲ့မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း မေးကြည့်မှာပါ”

ရွေးကောက်ပွဲဝင်ရသည့် အကြောင်းရင်း

“ရွေးကောက်ပွဲနဲ့သွားမယ့်နည်းလမ်းဟာပြည်သူလူထုကိုပိုပြီးအကျိုးရှိစေမယ်လို့ခံယူတယ်။အခုချိန်မှာ ပြည်သူလူထုကိုကိုယ်စားပြုဖြစ်ချင်တယ်၊ပြည်သူလူထုအတွက်ပြောချင်တယ်ဆိုရင်ဒီရွေးကောက်ပွဲကို မဖြတ်သန်းလို့မဖြစ်ပါဘူး။ရွေးကောက်ပွဲကိုဖြတ်သန်းမှသာပြည်သူလူထုကိုကိုယ်စားပြုမယ်လို့ ယူဆပါတယ်။အဲဒီလိုရည်ရွယ်ချက်တွေနဲ့ပဲရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာပါ”

၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်သဘောထား

''ဖွဲ့စည်းပုံကိုကျမတို့လေ့လာပြီးသွားပြီ။တချို့ကျတော့လည်းဒီဖွဲ့စည်းပုံအခြေခံဥပဒေကလိုအပ်ချက်တွေ အများကြီးရှိတယ်၊သူတို့လိုချင်တာတဖတ်သတ်ရေးဆွဲတယ်ပေါ့နော်။အများပြည်သူအလွှာပေါင်းများစွာ၊ အခြေခံပေါင်းများစွာနဲ့ရေးဆွဲထားတဲ့ဒီအခြေခံဥပဒေကိုပြန်ပြင်ဆင်မယ်။လိုအပ်ချက်ရှိနေတဲ့အပိုင်းတွေကို လွှတ်တော်ထဲမှာပြန်ပြင်ဆင်မယ်ဆိုတဲ့သဘောလေးပါ။အခုလောလောဆယ်မှာပြည်သူလူထုအများစုက အတည်ပြုပေးထားတဲ့ဖွဲ့စည်းပုံကိုတော့ပြင်မှာမဟုတ်ဘူး။ကျမတို့ဈေးဆစ်လို့လည်းရမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ဈေးမဆစ်ဘဲနဲ့သူတို့လုပ်ပေးတဲ့ရွေးကောက်ပွဲကိုဝင်ပြီးဖြတ်သန်းမယ်၊ အနိုင်ရအောင်လည်း ကြိုးစားမယ်။ကြိုးစားတဲ့အခါကျမတို့အတွက်တနေရာလေးရတဲ့အခွင့်အရေးတခုကိုကောင်းကောင်း အသုံးချမယ်ဆိုလို့ရှိရင်ပြည်သူလူထုအတွက်အကောင်းဆုံးဖြစ်လိမ့်မယ်လို့ယုံကြည်တယ်လေ''
''အခု၅နှစ်သက်တမ်းမှာသူတို့က၂၅ရာခိုင်နှုန်းအမြတ်တင်ထားပြီးသား။ကျမတို့က၇၅ရာခိုင်နှုန်း အမြတ်ရအောင်လုပ်ရမယ်။လုပ်ရမယ့်အပိုင်းမှာအခု၅နှစ်သက်တမ်းမှာကျမတို့လိုချင်တာရဲ့ တဝက်လောက်ရမယ်၊နောက်ထပ်၅နှစ်သက်တမ်းမှာအပြည့်အဝရရမယ်လို့ ယုံကြည်တယ်။ဘာပဲပြောပြော ပြည်သူလူထုကိုယ်စားပြုပြီးပြောနိုင်ဆိုနိုင်တဲ့အခွင့်အရေးရတဲ့လမ်းကြောင်းလေးပေါ် လျှောက်လှမ်းကြမယ်ဆိုရင် အောင်မြင်မယ်လို့ ယူဆတယ်။ မိမိကိုယ်ကိုလည်း ယုံကြည်တယ်''
''သူတို့ချထားတဲ့ အုတ်မြစ်တခုကို ခိုင်မာမှု မရှိဘူးဆိုပြီး အဝေးကနေ ပြောနေလို့ မရဘူးလေ။ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဘဲနဲ့ အဝေးကနေ အပြစ်တင်မယ်ဆိုရင် အဆောက်အဦးရဲ့ ခိုင်ခံ့မှုက ကျမတို့ နားမလည်ဘဲ၊မသိဘဲနဲ့ခိုင်ခံ့မှုမရှိပါဘူးလို့အပြစ်တင်မယ်ဆိုရင်ကျမတို့လိုချင်တဲ့အဆောက်အဦးတခု ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ရည်ရွယ်ချက်ကျမမှာရှိတယ်။ကောင်းတဲ့အချက်ကလေးတွေကိုလည်း ကြည့်ရမယ်။မှားတယ်ဆိုတဲ့အချက်ကလေး၊ပျက်စီးယိုယွင်းနေတယ်ဆိုတဲ့အချက်ကလေးတွေကိုလည်း အပြုသဘောနဲ့ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်နဲ့ပူးပေါင်းပြီးတော့ဆွေးနွေးပြီးတော့ ယူသွားမယ်ဆိုရင်ရမယ်လို့ ကျမယုံကြည်တယ်''

၂ဝ၁ဝ ရွေးကောက်ပွဲအပေါ် အမြင်သဘောထား

''အခုကသူတို့ဟပေးတဲ့ဟကြောင်းလေးတခုကိုကျမတို့ဝင်မှပဲပူးပေါင်းမှုဖြစ်နိုင်မယ်လို့ယူဆတယ်။ ကျမတို့ကဘာမှမလုပ်ရသေးဘဲနဲ့အပြစ်တင်စကားတွေပြော၊အပြစ်ရှာနေမယ်ဆိုရင်ကျမတို့ ပြည်သူလူထု လိုလားတဲ့ဒီမိုကရေစီနိုင်ငံဆိုတာဖြစ်မလာနိုင်ဘူး၊မပြောင်းလဲနိုင်ဘူးလို့လည်းယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဖြတ်သန်းခဲ့တာလည်း ကြာပြီ။ လုပ်ခဲ့တာ နှစ်ပေါင်းလည်း မနည်းတော့ဘူး။ အဲဒီလို လုပ်ခဲ့တဲ့အပိုင်းမှာ ဘာမှလည်း ထိရောက်မှု ရှိမလာဘူးဆိုတော့ အခု ကိုယ်လုပ်မယ့် လုပ်ငန်းမှာ ဘာပဲပြောပြော ထိရောက်မှုရှိမယ်လို့ ယုံကြည်လို့ ဒီလမ်းကြောင်းကို ရွေးလိုက်တာပါ''
''နိုင်ငံတနိုင်ဘယ်နိုင်ငံမဝုန်းကနဲဆိုပြောင်းလဲနိုင်တဲ့အနေအထားမရှိဘူး။ဘယ်နိုင်ငံဖြစ်ဖြစ်ကျမတို့ လေ့လာတယ်။နိုင်ငံတကာလည်းလေ့လာတယ်။ချက်ချင်းဝုန်းဆိုမပြောင်းလဲနိုင်ဘူးဆိုတော့ ပြောင်းလဲနိုင်မယ့်လမ်းကြောင်းလေးတွေရှာပြီးပူးပေါင်းသွားရင်လွှတ်တော်မှာအဆင့်မြင့်မြင့် စကားပြောမယ်ဆိုရင်ကျမတို့လိုချင်တဲ့လိုအပ်ချက်ကလေးတွေတနေ့နေ့တချိန်ချိန်မှာရလာမယ်လို့လည်း မျှော်လင့်တယ်။ရမယ်လို့ယုံကြည်တယ်။၉ဝရွေးကောက်ပွဲဟာလွတ်လပ်တဲ့၊တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့လည်း အားလုံးက ယူဆကြတယ်''
''နောက်ပိုင်းကအစိုးရမဖွဲ့နိုင်တာကအကြောင်းအမျိုးမျိုးကြောင့်နဲ့ကိုယ့်ရဲ့ပါတီထဲမှာလည်းတယောက်နဲ့ တယာက်မညီညွတ်မှုတွေလည်းအများကြီးရှိခဲ့ပါတယ်။အနိုင်ရပြီးတော့ကိုယ်ကိုယ်တိုင် အစိုးရမဖွဲ့နိုင်တာဟာကိုယ့်အဖွဲ့အစည်းရဲ့ချို့ယွင်းချက်တခုပေါ့နော်။ဒီ၂ဝ၁ဝရွေးကောက်ပွဲကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့သွားမယ်ဆိုရင်ဘာပဲပြောပြောကိုယ်အနိုင်ရမယ်ဆိုရင်ကျမတို့အနေနဲ့ အစိုးရတရပ် ဖြစ်နိုင်တယ်လို့လည်း ယူဆပါတယ်”

ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာ အသိအမှတ်ပြုနိုင်ဖွယ် ရှိ မရှိ

''ဒါကကျမတို့နိုင်ငံရဲ့ပြည်တွင်းရေးပါ။နိုင်ငံတကာအဖွဲ့အစည်းတွေကအော်နေတာပဲ၊ကြားနေရ သိနေရတာပဲ။ကျမတို့ကကိုယ့်ပြည်တွင်းရေးကိစ္စကိုအားလုံးကပူးပေါင်းဆောင်ရွက်ရင်နိုင်ငံတကာ အဖွဲ့အစည်းတွေကNLDမပါလို့ဒီဟာကြီးကိုပျက်ရမယ်ဆိုတာကိုကျမတို့ကလက်ခံမှာမဟုတ်ပါဘူး။ ဘာပဲပြောပြောအားလုံးကိုဖွင့်ပေးပြီးပြီ။ဟိုလူမပါလို့၊ဒီလူမပါလို့၊ဟိုလူမရှိလို့၊ဒီလူမရှိလို့ဆိုပြီး ဈေးဆစ်နေမယ်ဆိုရင်ကိုယ့်နိုင်ငံကပိုပြီးတော့သူများနိုင်ငံနဲ့ယှဉ်ပြီးတော့ရင်ဘောင်တန်းနိုင်မှာ မဟုတ်ပါဘူး။ ဈေးသည်လို ဈေးဆစ်နေလို့ မရပါဘူး''

လက်ရှိ စီးပွားရေး မူဝါဒအပေါ် အမြင်သဘောထား

''စီးပွားရေးပိတ်ဆို့မှုကြောင့်ကျမတို့တိုင်းပြည်ကတော်တော်လေးကိုခံရပါတယ်။ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုဆိုပြီးတော့အဖွဲ့၉ ဖွဲ့ပေါင်းပြီးလှုပ်ရှားခဲ့တာရှိပါတယ်။ ကျမတို့နိုင်ငံကိုစီးပွားရေးပိတ်ဆို့တာကိုလက်မခံဘူး။ဒီဒဏ်ကြောင့်ကျမတို့နိုင်ငံတိုးတက်သင့်သလောက် မတိုးတက်ခဲ့ဘူး။ဒီဒဏ်ကိုပြည်သူလူထုကအလူးအလိမ့်ခံရတာပေါ့နော်။စီးပွားရေးပိတ်ဆို့မှုကြောင့် စက်ရုံအလုပ်ရုံတွေ ပိတ်သွားတယ်။ အဲဒီအခါမှာ အလုပ်လက်မဲ့တွေ အများကြီး ဖြစ်သွားတယ်။ အဲဒီတော့ တိုင်းပြည် စီးပွားရေးကတော့ တော်တော်ပြန်လုပ်ယူရဦးမှာပေါ့နော်''

အာဏာရခဲ့လျှင် ပြည်သူအတွက် လုပ်ဆောင်ပေးမည့် ရည်မှန်းချက်

''လွှတ်တော်မှာအမှန်အတိုင်းတင်ပြနိုင်ရမယ်လေ။တိုင်းပြည်နဲ့ချီပြီးတောမပြောဘူး။နိုင်ငံနဲ့ချီပြီးတော့ ပြောမှာမဟုတ်ဘူး။ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူထုတွေမှာကြုံတွေ့နေရတဲ့ ဒုက္ခတွေ၊ အကျပ်အတည်းတွေအားလုံးကိုလွှတ်တော်မှာကျမတို့ကတင်ပြမှာဖြစ်တယ်။လွှတ်တော်မှာပြောတာက ပိုပြီးတော့ ထိရောက်မှု ရှိတယ်လို့လည်း ယုံကြည်တယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

''၁၉၉ဝခုနှစ်ရွေးကောက်ပွဲရလဒ်ကို တအားမျှော်လင့်ခဲ့ပါတယ်။ ကျမတို့ကိုယ်တိုင်ပင် တအိမ်တက်ဆင်းပေါ့၊ ကျမတို့ခမောက်ကလေးကိုကြက်ခြေခတ်မယ်ဆိုရင်ပြည်သူလူထုလိုလားတဲ့ ဒီမိုကရေစီနိုင်ငံကိုပြောင်းလဲနိုင်ပါတယ်ဆိုပြီးစည်းရုံးခဲ့တာပါ။ကျမတို့အဲဒီတုန်းက အောင်မြေသာစံမြို့နယ်မှာ နေတယ်။ ၉ဝ ရွေးကောက်ပွဲကို အင်တိုက်အားတိုက် လုပ်ခဲ့တယ်။ အနိုင်လည်း အနိုင်ရခဲ့တယ်။အခုကျမတို့ရဲ့NLDအဖွဲ့အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကိုရအောင်၊ ပြည်သူတွေက တာဝန်ကျေတယ်။ ကျမတို့တွေက တာဝန်မကျေတဲ့ အပိုင်းတွေ ရှိတယ်။ တာဝန်မကျေဘူးဆိုတာက ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ အပိုင်းမှာတွေရော၊ တယောက်နဲ့ တယောက် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းမှာ ရအောင် အကောင်အထည်ဖော် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ကြောင့် အခုချိန်ထိအောင် ရေစုံမျောနေရတဲ့ အပိုင်းတွေပေါ့''
''သူတို့က၉ဝခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့ဘူးဆိုတော့၊ NLD က မဝင်ဘူးဆိုတော့ ကျမ တကယ် စိတ်မကောင်းတာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဝင်စေချင်တယ်။ အခုထိအောင် ပြည်သူလူထုကသူတို့ကိုထောက်ခံနေတဲ့အပိုင်းကိုလည်းသိစေချင်တယ်။ပြည်သူလူထုကို ယုံကြည်မှုအပြည့်နဲ့ဝင်မယ်ဆိုရင်၂ဝ၁ဝရွေးကောက်ပွဲဟာဘာပဲပြောပြောအဲဒီတုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးသား မရှိတဲ့အတွက်ကြောင့် ကျမတို့ NLD ဟာ အစိုးရဖွဲ့တဲ့အထိ မလုပ်ခဲ့နိုင်ဘူး''
''အခုကဖွဲ့စည်းပုံအခြေခံဥပဒေရှိပြီးပြီ။ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကျမတို့ရွေးကောက်ပွဲဝင်မယ်ဆိုရင်NLDအနေနဲ့မဲအများဆုံးရရင်အစိုးရဖွဲ့နိုင်တဲ့အခွင့်အရေးရမှာပဲ။ဒီမိုကရေစီဆိုတာအများဆန္ဒကို လေးစားတဲ့ ဝါဒဖြစ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သူတို့လိုအပ်တဲ့ နေရာမှာ ပြင်ဆင်သွားမယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်လို့ကျမယုံကြည်တယ်။ဒါကြောင့်NLDကိုလည်း ပါစေချင်တယ်။ NLDမပါဘူးဆိုတော့ အင်မတန်မှစိတ်မကောင်းဖြစ်ရပါတယ်။ကျမတို့ကကိုယ့်နိုင်ငံကိုယ့်လူမျိုးအချင်းချင်း ထိပ်တိုက်တွေ့နေမယ့်အစား လက်တွဲပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် သူတို့ပေးထားတဲ့ လမ်းကြောင်းကို လျှောက်လှမ်းမယ်ဆိုရင် NLD အနေနဲ့ အခြေအနေ ကောင်းမယ်လို့လည်း ကျမမြင်ပါတယ်''

ဖြည့်စွက်ပြောကြားချက်

''ကျမကတိုင်းရင်းသူတယောက်ဆိုတော့တကယ်တမ်းပုဂ္ဂိုလ်စွဲ၊ဒေသစွဲ၊နေရာစွဲ၊တဦးတယောက်ကို စွဲလမ်းနေမယ်ဆိုရင်ရှမ်းပြည်ကောင်းစားရေးအတွက်ပဲ ကျမ လုပ်နေမှာပေါ့။ မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်ကို ရောက်လာစရာအကြောင်းမရှိဘူး။ပြည်ထောင်စုစိတ်ဓာတ်အရင်းခံပြီးတော့ ကျမတို့ပတ်ဝန်းကျင် ၄-၅ အိမ်လေးရဲ့ အတိဒုက္ခလေးတခုကို လွှတ်တော်မှာတင်ပြနိုင်လို့ အဲဒီတင်ပြချက်ကလေးက အောင်မြင်ခဲ့မယ်ဆိုရင် ကျမ လုပ်ရကျိုးနပ်တယ်ဆိုတဲ့ ခံယူချက်ကလေးပါ။ NLD မှာ နေတုန်းကလည်း အမျိုးသားရေး အခြေခံပြီး NLD ထဲဝင်ပြီး ၁၆ နှစ်၊ ၁၇ နှစ်လောက် လုပ်ကိုင်ခဲ့တယ်။ အခု ဝံသာနု NLDမှာ ဝင်ပြီးလုပ်ကိုင်ခဲ့တာဟာလည်း အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံပြီး လုပ်သွားမယ်ဆိုတဲ့ အပိုင်းလေးပါ''



Geen opmerkingen: