ကျော်ခ
ဗုဒ္ဓဟူးနေ့၊ ဧပြီလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၁၂ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။လူထုဒေါ်အမာကွယ်လွန်ခြင်း၂နှစ်ပြည့်အထိမ်းအမှတ် ဆွမ်းကပ်လှူဒါန်းပွဲကို မန္တလေးမြို့ မဏိရတနာရာမမြတောင်တိုက်ကျောင်းတိုက်ရှိနှစ်၁ဝဝပြည့်သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့မနက်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယနေ့အခမ်းအနားတွင် သံဃာတော် အပါး ၁ဝဝ တို့အား နေ့ဆွမ်းဆပ်ကပ် လှုဒါန်းခဲ့ပြီး ကြွရောက်လာသည့် ဆွေမျိုးများ၊ စာရေးဆရာများ၊ ကဗျာဆရာများ၊ ဗြဟ္မစိုရ် လူမှုဖူလုံရေး အမှုဆောင်များနှင့် နိုင်ငံရေး နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ် ၇ဝ ခန့်အား နေ့လည်စာဖြင့် ဧည့်ခံခဲ့သည်။
“မနက်၁ဝနာရီလောက်ကနေနေ့လည်၁၂နာရီလောက်ထိလုပ်ဖြစ်ပါတယ်။ထူးထူးခြားခြားကြီးတော့ မဟုတ်ပါဘူး။အမေဆုံးတာ၂နှစ်ပြည့်အနေနဲ့သံဃာတော်တွေပင့်၊အမေရဲ့နယ်ပယ်အသီးသီးက မိတ်သင်္ဂဟတွေဖိတ်ပြီးတော့ ဆွမ်းကပ်လှုဒါန်းပွဲလုပ်တာပါ”ဟု လူထုဒေါ်အမာ၏ သားငယ်ဖြစ်သူ စာရေး ဆရာ ဦးညီပုလေးက မဇ္ဈိမကိုပြောသည်။
သတင်းစာဆရာမကြီး လူထုဒေါ်အမာသည် ၂ဝဝ၈ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီးနောက် သူ့ကို ကြည်ညိုချစ်ခင်လေးစားသော စာပေနှင့် နိုင်ငံရေးနယ်ပယ်မှ သားတပည့်၊ မိတ်သင်္ဂဟများက နှစ်ပတ်လည်ဆွမ်းကပ်ပွဲနှင့် မွေးနေ့ အမှတ်တရ အခမ်းအနားများကို တက်ရောက်ခဲ့ကြသည်။
ကွယ်လွန်ခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “ပြည်သူချစ်သော လူထုဒေါ်အမာ” ခေါင်းစဉ်ဖြင့် စာရေး ဆရာများဖြစ်ကြသည့် ဆရာဦးအံ့မောင်၊ ဆရာဦးစိန်မောင်ဦး၊ ဆရာလူထုဦးစိန်ဝင်း၊ ဆရာမ ရွှေဘို ဒေါ်မိမိကြီး၊ ဆရာမောင်ညိုပြာ၊ ဆရာ ဦးဝင်းငြိမ်း တို့၏ လူထုဒေါ်အမာကွယ်လွန်စဉ် အမှတ်တရ ရေးပေးထားသည့်ဆောင်းပါးများနှင့်ကဗျာများကိုယခုလလည်ပိုင်းတွင်ထုတ်သွားမည်ဖြစ်ကြောင်း ဦးညီပုလေးကပြောသည်။
လူထုဦးလှနှင့်လူထုဒေါ်အမာတို့တွင်သားသမီး၅ယောက်ထွန်းကားခဲ့ပြီး အကြီးဆုံးသား ကိုစိုးဝင်း (ကွယ်လွန်)၊ဒုတိယဒေါက်တာဒေါ်သန်းရင်မာ၊တတိယရဲဘော်ဖိုးသံချောင်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ စတုတ္ထ ဒေါ်တင်ဝင်း (လူထုပုံနှိပ်တိုက်) နှင့် အငယ်ဆုံးသား စာရေးဆရာ ဦးညီပုလေးတို့ဖြစ်ကြသည်။

Geen opmerkingen:
Een reactie posten