မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၀၉ မိနစ် .
ဦးထောင်ခိုထန်း
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် UNLD သဘာပတိ အဖွဲ့ဝင်)
အမည် ဦးထောင်ခိုထန်း
ရာထူး တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ သဘာပတိအဖွဲ့ဝင် (ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် United Nationalities Leagues for Democracy - UNLD)
မွေးသက္ကရာဇ် ၅. ၇.၁၉၅၁
မွေးရပ်ဇာတိ စံကပ်ကျေးရွာ၊ တမူးမြို့နယ်၊ စစ်ကိုင်းတိုင်း
မိဘအမည် ဦးရန်ခိုလွန်း၊ ဒေါ်လှိုင်ခိုကျင်း
မွေးချင်း မောင်နှစ်မ ၉ ဦးအနက် ဒုတိယမြောက်
ဇနီးအမည် ဒေါ်လှိုင်းမွန်
သားသမီး ၄ ဦး (သား ၂ ဦး၊ သမီး ၂ ဦး)
ပညာအရည်အချင်း ရန်ကုန်မြို့ ကြည့်မြင်တိုင် (ထီးတန်း) အထက - ၂ မှ ၁၉၇၄ ခုနှစ်တွင် အထက်တန်း အောင်မြင်ခဲ့။ ၁၉၇၅ တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်တွင် သင်္ချာဘာသာ အဓိကဖြင့် တက်ရောက်ခဲ့။ ၁၉၇၈ ခုနှစ် တွင် ဘွဲ့ရခဲ့။
နိုင်ငံရေးလောကသို့
ဝင်ရောက်လာပုံ၁၉၈၈ခုနှစ်တွင်တောင်တန်းသားများဒီမိုကရေတစ်ပါတီဖွဲ့စည်းရာအထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူရာမှ နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့။ ရွေးကောက်ပွဲတွင် တောင်တန်းသားများပါတီအနေဖြင့် သီးခြားမဝင်ရောက်နိုင်သဖြင့် UNLD ပါတီနှင့် မဟာမိတ် ဖွဲ့ပြီးနောက် UNLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် တမူးမြို့နယ်တွင် ဝင်ရောက်အရွေးခံခဲ့ရာ အနိုင်ရရှိခဲ့။၁၉၉၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ စစ်အစိုးရ ပြုလုပ်သည့် အမျိုးသားညီလာခံတက်ရောက်ခဲ့။
ထိန်းသိမ်းခံခုနှစ် ၁၉၉၈ ခုနှစ်တွင် စစ်ထောက်လှန်းရေးများက ၃ လ ဖမ်းဆီးထိန်းသိမ်းခဲ့။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် သံဃာ့အရေးအခင်း၌ ပါဝင်လှုပ်ရှားသဖြင့် အင်းစိန်ထောင်တွင် ၁ လနှင့် ၃ ရက် ထိန်းသိမ်းခံခဲ့ရ။
လက်ရှိလိပ်စာ အမှတ် ၂၅၃၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်တိုင်း။
ရွေးကောက်ပွဲ မဝင်ရသည့် အကြောင်းရင်း
“ကျနော်တို့ ရွေးကောက်ပွဲမဝင်တဲ့ အဓိကအကြောင်းက ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်မခံနိုင်တာပါ။ ဒါကြောင့် ဖွဲ့စည်းပုံ ရေးဆွဲပြီးကတည်းက မဝင်ဘူးဆိုတာကို အကြမ်းဖျင်း ရည်ရွယ်ထားတယ်။ ရွေးကောက်ပွဲဥပဒေ ထွက်လာတော့ ပိုသေချာသွားတယ်။ ကျနော်တို့က ၁၉၉ဝ ခုနှစ်ကနေ ဒီနေ့အထိ နိုင်ငံရေးလုပ်လာတာက ဗဟိုအစိုးရမှာ ဝန်ကြီးလည်း မဖြစ်နိုင်ဘူး။ ဝန်ကလေးလည်း မဖြစ်နိုင်ဘူး။ ဝန်ကလေးရဲ့ ဖိနပ်ကိုင်တောင် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ သိသားပဲ။ ဒါဆိုဘာလို့ ဒီနိုင်ငံရေးကို ဆက်လုပ်နေတာလဲဆိုတော့ ဒီဖွဲ့စည်းပုံဥပဒေမှာ ပြည်နယ်သူ၊ ပြည်နယ်သားဖြစ်တဲ့အတွက် ကိုယ့်ပြည်နယ်မှာရှိတဲ့လူတွေ ကိုယ့်ဟာကိုယ် လူကြီးရွေးမယ်။ ကိုယ့်ပြည်နယ်ဝန်ကြီး ကိုယ့်ဟာကိုယ်ရွေးမယ်။ ကိုယ့်ပြည်နယ်ဝန်ကြီးချုပ် ကိုယ့်ဟာကိုယ် ရွေးမယ့်ဖွဲ့စည်းပုံ ရွေးဆွဲနိုင်မယ်လို့ထင်လို့သာ ကျနော်တို့ဟာ အခုထက်ထိ နိုင်ငံရေးဆက်လုပ်တာ။ ခုဟာက ဖွဲ့စည်းပုံ ၂ဝဝ၈ ပြီးတဲ့အခါကျတော့ ကျနော်တို့ လိုချင်တဲ့ပုံစံ ဘာတခုမှ မဝင်လာတဲ့ အခါကျတော့ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျနော်တို့ တိုင်းရင်းသားတွေအတွက် ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိဘူး။ ဒီဖွဲ့စည်းပုံကို လက်မခံတဲ့အတွက် ဒီဖွဲ့စည်းပုံကို အခြေခံမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ငါတို့မဝင်ဘူး။ ပါတီလည်း မှတ်ပုံမတင်ဘူးလို့ ဒီလိုဆုံးဖြတ်လိုက်တာပါ”
၂ဝဝ၈ အခြေခံဥပဒေအပေါ် အမြင်
“အခြေခံဥပဒေ ရေးဆွဲတုန်းက ကျနော် ၉၃ ကနေ ၉၆ အထိ အဲဒီတုန်းက ကျိုက္ကဆံမှာ အမျိုးသားညီလာခံ လုပ်တော့ ကျနော် သွားတက်ဖြစ်တယ်။ အဲဒီမှာ အခြေခံဥပဒေ အပိုဒ် ၅ မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ လောကပါလတရားတွေကို ထိန်းသိမ်းစောင့်ရှောက်ရမယ်လို့ ရေးဆွဲထားတယ်။ အပိုဒ် ၆ ကျပြန်တော့ တပ်မတော်သည် မြန်မာ့နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်ရမည်လို့ ထည့်ရေးပြန်တယ်။ အဲတော့ ကျနော်က ပြောတယ်။ အဲဒီ အပိုဒ် ၅ ကို ထည့်မယ်ဆိုရင် အပိုဒ် ၆ ကို ဖြုတ်ပါ။ အပိုဒ် ၆ ကို ထည့်ချင်ရင် အပိုဒ် ၅ ကို ဖြုတ်ပါလို့ ကျနော်ပြောတော့ အခြေခံဥပဒေရေးဆွဲတဲ့ ကော်မရှင်က ကျနော့်ကို ခေါ်သတိပေးတယ်၊ ခြိမ်းခြောက်တယ်။ နောက်တကြိမ် အမျိုးသားညီလာခံ ပြန်ကျင်းပတော့ ကျနော် မတက်တော့ဘူး။ အဲဒီတော့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်မယ်ဆိုရင် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ လောကပါလတရားတွေကို ထိန်းသိမ်းစောင့်ရှောက်ပါ့မယ် ဆိုတဲ့ အပိုဒ် ၅ နဲ့ လုံးဝဆန့်ကျင်နေတဲ့အတွက် ဒီဖွဲ့စည်းပုံတခုလုံးကို လုံးဝလက်မခံနိုင်တာပါ''
''တိုင်းရင်းသား အခွင့်အရေးတွေကတော့ ပြည်နယ်အသီးသီးမှာရှိတဲ့ ပြည်နယ်အစိုးရတွေမှာ နိုင်ငံတော် သမ္မတက လျာထားသတ်မှတ်ထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို ပြည်နယ်လွှတ်တော်ကနေ ငြင်းပယ်ခွင့် မရှိရဘူး။ အကယ်၍ သဘောမကျဘူးဆိုရင် နိုင်ငံတော်သမ္မတက နောက်ထပ်တယောက် ထပ်ပို့မယ်။ အဲဒါကိုလည်း မကြိုက်ရင် ငြင်းပယ်လို့ မရဘူးလို့ ပါနေတဲ့အတွက် ကျနော်တို့ ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးမယ်။ ကိုယ့်ပြည်နယ်မှာ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ကိုယ့်ဟာကို ရွေးချင်တယ်''
''အခုက ဒီဖွဲ့စည်းပုံထဲမှာက နိုင်ငံတော် သမ္မတက ပြည်နယ်မှာ လှမ်းပြီးတော့ သူ့စိတ်ကြိုက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးတို့ ခန့်မယ့်ဟာကို ပြည်နယ်လွှတ်တော်က ငြင်းပယ်ခွင့်မရှိဘဲ လက်ခံရမယ့်ပုံစံ ဖြစ်နေတဲ့အတွက် နိုင်ငံရေးမှာ လုပ်ပိုင်ခွင့်ဆိုတာ အုပ်ချုပ်ရေးပဲ။ အုပ်ချုပ်ရေးမှာ ဒီလိုပုံစံဖြစ်တဲ့ အခါကျတော့ ကျနော်တို့ ပြည်နယ်သူ ပြည်နယ်သားတွေ အင်မတန်နစ်နာတယ်။ ပြီးတော့ အုပ်ချုပ်ရေး အဖွဲ့မှာလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တင်သွင်းတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါရမယ်ဆိုတာက ပြည်နယ်အထိ ပါနေတယ်။ ဒါကြောင့် ပြည်နယ်သူ ပြည်နယ်သားတွေအတွက် လုံးဝ အဆင်မပြေဘူး။ လက်ခံနိုင်စရာ အကြောင်းမရှိဘူး”
အခြေခံဥပဒေအား လွှတ်တော်အတွင်း ပြင်ဆင်သွားမည့်အပေါ် အမြင်သဘောထား
“ကျနော်တို့ အမျိုးသားညီလာခံတက်တုန်းက အမျိုးသားညီလာခံ လုပ်ထုံးလုပ်နည်းဆိုတာ လာတယ်။ လွှတ်တော်ရောက်တဲ့ အခါကျရင်လည်း လွှတ်တော်လုပ်ထုံးလုပ်နည်းဆိုတာလာဦးမယ်။တချို့လူတွေက ပြောတယ်။ လွှတ်တော်မှာ ရသလောက်ယူမယ်။ တဖြည်းဖြည်း ပြောင်းလဲရမယ်လို့ ပြောတယ်။ တဖြည်းဖြည်း ပြောင်းလဲဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုဘူး။ ခင်ဗျား ဘယ်ကနေ စပြောင်းမလဲ။ ဖွဲ့စည်းပုံကို လှန်ရမယ်။ ကိုယ့်သဘောနဲ့ကိုယ် ပြောင်းလို့မရဘူး။ လွှတ်တော် လုပ်ထုံးလုပ်နည်းကလည်း ပေါ်လာဦးမယ်။ဘောင်တွေခတ်ထားဦးမယ်။ခင်ဗျားလွှတ်တော်မှာအီးတောင်ပေါက်လို့ရမှာမဟုတ်ဘူး။ အနေအထားကဘယ်လိုလုပ်ပြင်မလဲ''
''ပြင်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းနဲ့ စရမယ်။ အဲတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ခွင့်ရမယ်။ အရပ်သားကို ၇၅ ရာခိုင်နှုန်းယူပါလို့ ပြောထားတာကိုဘယ်လိုလုပ်ကျော်နိုင်မလဲ။ကျော်ဖို့ဆိုတာမလွယ်ဘူး။တကယ်လို့ကျော်တယ်ထားဦး၊ ပြင်ပြီးပြီထားဦးအဲဒါကိုလူထုဆန္ဒခံယူပွဲသွားရမယ်။လူထုထောက်ခံမှုထက်ဝက်ကျော်မှဆိုတော့ဘယ်လိုမှ မဖြစ်နိုင်ဘူး။မဖြစ်နိုင်တဲ့ကိစ္စတွေကိုလုပ်နေတဲ့ဟာကိုနိုင်ငံရေးပါတီတချို့ကလည်းဒီထဲမှာဝင်မယ်။ ပြင်မယ်၊ ပြုမယ်ဆိုတာကပွဲလန့်တုန်းဖျာခင်းတဲ့ကောင်တွေပဲ။သူတို့အထဲမှာဘာမှလုပ်လို့ရမှာမဟုတ်ဘူး”
၁၉၉ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ခြားနားချက်
“၉ဝတုန်းကတော့ကွာတော်တော်လွတ်လပ်ပါတယ်။လွတ်လပ်မှုရှိတယ်။တရားမျှတမှုရှိတယ်။ ညီမျှမှု ရှိတယ်။ အခု၂ဝ၁ဝခုနှစ်ကတော့တရားမျှတမှုမရှိတဲ့ရွေးကောက်ပွဲဥပဒေထွက်လာတယ်။အဲဒီမှာ ရွေးကောက်ပွဲဝင်တဲ့အခါမှာလည်းအာဏာပိုင်တွေကသူ့ဘက်တော်သားတွေကိုမဲရအောင်တရားမမျှတတဲ့ နည်းနဲ့ဆက်လက်ပြီးတော့ကြိုးစားဆောင်ရွက်သွားမှာပဲလေ။ကွာခြားမှုကတော်တော်ကွာပါတယ်။၉ဝခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်က လွတ်လွတ်လပ်လပ် တရားဟောခွင့် ရှိတယ်။ မဲပေးခွင့် ရှိတယ်။ အခု ၂ဝ၁ဝ ကတော့ လွပ်လပ်စွာ ဟောပြောခွင့်လည်း မရှိဘူး။ လွတ်လပ်စွာ မဲပေးခွင့်လည်း ရမှာ မဟုတ်ပါဘူး။ ပြည်သူက မဲမပေးရင်လည်း မဲဆန္ဒရှင်ကိုယ်စား သူ့ဟာသူ မဲပုံးထဲမှာ သူ့ထောက်ခံမဲကို သူထည့်မှာပဲ။ မဲပေးပြန်ရင်လည်း ပြည်သူ့မဲပေးမှုကို အမျိုးမျိုးလုပ်ဦးမှာ။ ဆိုတော့ လူထုအနေနဲ့ မဲမပေးလို့ မရဘူး။ မဲမပေးတာထက် မဲပေးပြီးတော့ ကြက်ခြေခတ်ပြီး ပယ်မဲဖြစ်အောင် လုပ်ပစ်လိုက်ရုံကလွဲပြီး တခြားမရှိဘူး”
ရွေးကောက်ပွဲလွန်ကာလ ဖြစ်ပေါ်လာနိုင်သည့် တိုင်းပြည်အခြေအနေအပေါ် ခန့်မှန်းချက်
“တိုင်းပြည်အတွင်းမှာတော့ ဆင်းရဲသားတွေက ဆင်းရဲနေမြဲ၊ ဆင်းရဲနေမှာပဲ။ စီးပွားရေး အဆင်ပြေမှာ မဟုတ်ဘူး။ ပြီးတော့ စစ်အစိုးရလုပ်သမျှတွေကို နောက်တက်လာတဲ့အစိုးရသစ်ကနေထိုင်ရှင်းပေါ့ဗျာ။ ပြီးတော့ ပြဿနာတွေ၊နိုင်ငံရေးအရတောင်းဆိုချက်တွေပေါ်လာမယ်။တပ်မတော်သားတွေက နောက်ဆုတ်ပြီပေါ့။အဲဒီအချိန်မှာ။အရပ်သားဆိုတဲ့လူတွေကလူမှုရေး၊စီးပွားရေး၊နိုင်ငံရေး၊ နယ်စပ်ရေးရာ၊ကမ္ဘာ့ရေးရာ၊လူ့အခွင့်အရေးစတဲ့ပြဿနာအရပ်ရပ်အများကြီးပေါ်လာမယ်။အဲဒါတွေကို ထိုင်ရှင်းပေါ့ဗျာ။တက်လာတဲ့အစိုးရကလွယ်မှာမဟုတ်ဘူး။ခေါင်းစားတာနဲ့အချိန်ကုန်မှာပဲ”
စစ်အစိုးရအပေါ် အမြင်သဘောထား
“လမ်းပြမြေပုံ၇ချက်ကိုသူကဆက်သွားမယ်လေ။ကျနော်တို့လုပ်လို့မရဘူးလေ။ဘာမှလုပ်လို့မရတဲ့ အခါကျတော့သူကအာဏာလည်းသူ့လက်ထဲမှာရှိတယ်။သေနတ်လည်းသူ့လက်ထဲမှာရှိတယ်။ ထောင်လည်းသူ့လက်ထဲမှာရှိတယ်။ထစ်ခနဲဆိုထောင်ထဲထည့်၊နှစ်ရှည်ထောင်ဒဏ်တွေချဆိုတော့ ဘာမှလုပ်လို့မရဘူး။ဒါပေမဲ့ရွေးကောက်ပွဲပြီးပြီဆိုတဲ့အခါ၂ဝဝ၈ဖွဲ့စည်းပုံကိုအသက်သွင်းမယ်ပေါ့ဗျာ။ အသက်ဝင်လာမယ်။အဲဒီမှာလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ပြောဆိုခွင့်၊ရေးသားခွင့်တွေကတော့ အနည်းအကျဉ်းတော့ထွက်လာမှာပေါ့။အဲဒီအခါအခုပါတီမှတ်ပုံမတင်တဲ့လူတွေ၊ရွေးကောက်ပွဲ မဝင်တဲ့လူတွေအဲဒီကစပြီးတော့လုပ်ငန်းစရမှာပေါ့။တရားမျှတခြင်း၊လွတ်လပ်ခြင်း၊ညီမျှခြင်းဆိုတဲ့ဟာကို အဲဒီကစပြီး အရေးစဆိုရမှာပဲ။ ဒါပဲရှိတယ်''
''ဒီကြားထဲမှာတော့တပ်ကမာရှယ်လောနဲ့အုပ်ချုပ်တယ်ဆိုတော့ဟိုနေရာတခုပြောလိုက်ဒက်ခနဲဆို ဖမ်းချုပ်လိုက်၊ဒီနေရာတခုပြောလိုက်ဒက်ခနဲဆိုဖမ်းချုပ်လိုက်ဆိုတော့ဘာမှလုပ်လို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်ကအဲဒါကိုမြင်တဲ့အခါကျတော့NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)ကလည်း အများကြီးနစ်နာပါတယ်။ထောင်ထဲမှာရောက်တဲ့သူနဲ့၊နှစ်ရှည်ထောင်ဒဏ်ကျတဲ့သူနဲ့။ဆက်လုပ်မယ်ဆိုရင် ဒီအတိုင်းနအဖကမာရှယ်လောနဲ့ဆက်အုပ်ချုပ်မှာဆိုတော့အခုကထိုးမယ့်ဆင်နောက်တလမ်း ဆုတ်တဲ့သဘောမျိုးပေါ့။ဒေါ်အောင်ဆန်းစုကြည်ကပြည်တွင်းပြည်ပရော၊နိုင်ငံတကာရောသူက ပုံရိပ်ဖြစ်နေတော့သူကဆင်ဖြစ်တယ်။ဆင်သွားရင်လမ်းဖြစ်တယ်။နအဖကတော့အဲဒီ၂ဝ၁ဝရွေးကောက်ပွဲ ပြီးတဲ့အထိဆင်ကြံကြံဦးမယ်လေ။အဲဒီတော့နိုင်ငံရေးသမားတွေကဆင်ကန်းတောတိုးမလုပ်ဖို့လိုတယ်။ အခြေအနေကိုကြည့်ပြီးကရမှာပေါ့”
ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များ
“ရှေ့ဆက် ဘာတွေလုပ်သွားမလဲဆိုတော့ ဒီရွေးကောက်ပွဲကို စောင့်ကြည့်သွားမယ်။ လာမယ့်အတိုင်းအတာမှာတရားမျှတမှုမရှိတဲ့ဖွဲ့စည်းပုံကိုအခြေခံပြီးတော့လုပ်မယ့်တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဆိုတော့ဝင်ရောက်ယှဉ်ပြိုင်မယ့်လူတွေကတော့ဖြစ်လာမယ့်ရလဒ်ကလည်း တရားမျှတမှု ရှိမှာမဟုတ်ဘူး။ တရားမျှတမှု မရှိတဲ့ ရလဒ်ကို ဆက်ကျင့်သုံးနေမယ်ဆိုတော့ ကျနော်တို့က အဲဒါကို ကြည့်ရမှာပေါ့လေ။ ဘယ်လောက် မျှတသလဲ၊ မမျှတဘူးလဲ။ ဘယ်လောက်ခံရမလဲ၊ မခံရဘူးလဲ။ ကျနော်တို့ ထိုင်ကြည့်ပြီးတော့နိုင်ငံရေးလုပ်ကွက်တွေပေါ်လာတဲ့အနေအထားအပေါ်မှာအတိုက်အခံ အင်အားစုတွေနဲ့ဆွေးနွေးပြီးလုပ်သင့်တာဆက်လုပ်သွားမှာပါ”
ဖြည့်စွက်ပြောကြားချက်
“အနှစ် ၂ဝ ရှိပြီ။ တောက်လျှောက် တရားမျှတမှု မရှိဘဲ၊ ဘက်လိုက်ပြီးတော့ ညှဉ်းပန်းနှိပ်စက်နေတဲ့ အစိုးရ၊ ပြည်သူအတွက် လုံးဝမစဉ်းစားတဲ့ အစိုးရ၊ နိုင်ငံရေး စီးပွားရေး လူမှုရေးကို ပြည်သူလူထုအတွက် လုံးဝ စဉ်းစားမှု မရှိတဲ့ အစိုးရကို မယုံကြပါနဲ့။ ဆက်တက်လာရင် ဒီအတိုင်းပဲ နှိပ်စက်မြဲ၊ နှိပ်စက်နေမှာပါ။ အဲဒါကို လူထုအနေနဲ့ အမြဲသိနေစေချင်တယ်။ ရွေးကောက်ပွဲဝင်မယ့် လူတွေကို ပြောချင်တာက ရွေးကောက်ပွဲမှာတော့ ဝင်ရောက်ယှဉ်ပြိုင်ပါ၊ ဒါပေမဲ့ ပြည်သူလူထုက ခင်ဗျားတို့ တိုင်းကျိုးပြည်ကျိုး ဘာဆောင်ရွက်တယ်၊ ညာဆောင်ရွက်တယ်ဆိုတာ မသိဘူး။ လူထုက မသိတဲ့အခါကျတော့ စွတ်ပြီးတော့ မဲပေးမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ သိဖို့က ခင်ဗျားတို့ ဘာကြုံရမလဲဆိုတော့ ရွေးကောက်ပွဲ ပြီးတာနဲ့ မတရားမှုတွေ ဘယ်လိုအလုပ်ခံရတယ်၊ ရွေးကောက်ပွဲဝင်မိတာ နောင်တရပါတယ်ဆိုပြီး နောင်တတရားနဲ့ ပြန်လာမယ်ဆိုတာ ကြိုပြီးတော့ ပြောချင်ပါတယ်”
donderdag 8 april 2010
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten