မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 2 april 2010

လမ်း xxx ဆက်လျှောက်မယ်

၂/ ဧပြီ ၂၀၁၀
ရွှေဂျိုးပဲ ၀ိရိယကောင်းသည်လား၊ လေအိုးပဲ သူ့အိမ်မှာ ငြိမ်ဝပ်ပိပြားနေသေးသည်လား တခုခုတော့ တခုခုဖြစ်မည်။ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်၏ နံနက်ခင်းကလေးသည်ကား မိုးလေးတဖြိုက်နှစ်ဖြိုက် ရိုက်ပုတ်ခြင်း ခံထားရသည့်အပြင် လေအိုးကဲ့သို့ နားဝင်ပီယံမရှိလှသည့် အသံရှင်များကို မတွေ့ရသေးသည့်အတွက်လည်း အုံ့အုံ့မှိုင်းမှိုင်း ခြောက်ခြောက်သွေ့သွေ့ အေးအေးလူလူရှိလှကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် အလွန်အင်မတန် ခညောင်းနေပေတော့သည်။
ရွှေဂျိုးလည်း ထိုင်နေကျစားပွဲတွင် ရခဲလှသည့် နားအေးပါးအေး အရသာကို အားပါးတရ ခါးယားဆန့် ခံစားရင်း …
ရွှေဂျိုး ။ ။ ဝှေး …ပိုက်ထွေးရေ ရေနွေး (အဲ…)မင့်လက်ရာ ခပ်ညံ့ညံ့ လက်ဖက်ရည်တခွက်လောက် မြန်မြန်လုပ်စမ်းပါကွာ။ ကိုလေအိုးရောက်မလာခင်လက်ဖက်ရည်စည်းစိမ်လေး ခံစားဖူးတယ်ရှိအောင် ခံစားချင်လို့ပါ။ မဟုတ်ရင်ကွာ တနေ့တနေ့ …သူ့ရဲ့အရည်မရအဖတ်မရနိုင်ငံရေးဒေသနာတွေ နာကြားနေရတာနဲ့ မင့်ရဲ့ ခပ်ညံ့ညံ့လက်ရာကို ဘာမှန်းမသိရသလိုဖြစ်ဖြစ်ကုန်လို့ပါ။ ဆိုင်ပြောင်းထိုင်သင့်ရင်လည်း ပြောင်းဖို့ပေါ့ကွာ ဟား ဟား ဟား။
ပိုက်ထွေး ။ ။ ဗျို့ … အစ်ကိုရွှေဂျိုး၊ ဒီဆိုင်မှာ ခပ်ညံ့ညံ့ လက်ဖက်ရည်တော့ မရှိဘူး။ နောက်ဆုံးတစက်အထိ အရသာရှိတဲ့ ပိုက်ထွေးလက်ရာ ရှယ်တကာ့ရှယ်ပဲ ရှိတယ်။ မယုံရင် ဟိုဘက်ဝိုင်းမှာ ထိုင်တတ်တဲ့ အတင်း (အဲ…)သတင်းဆရာတွေ၊အေအေပီပီတွေပြန်သွားရင်သူတို့လက်ဖက်ရည်ခွက်တွေသွားကြည့် အစ်ကိုရွှေဂျိုး၊ ရေဆေးထားတာထက်ကိုပြောင်သလင်းခါနေတာတွေ့ရလိမ့်မယ်ဟဲဟဲပိုက်ထွေးလက်ရာက နောက်ဆုံးတစက်အထိကို အဲသလို …
ရွှေဂျိုး ။ ။ အေးပါကွာ ပြေးစရာ မြေမရှိ၊ ရွေးစရာ ဆိုင်မရှိတဲ့ ဘ၀ဆိုတော့လည်း မင်း ပြောအားရှိထားပေါ့ကွာ။ ဟော ပြောရင်းဆိုရင်း ကံဆိုးပြန်ပြီကွာ၊ ဟိုမှာ စက်ဘီးတွန်းလာတာ ကိုလေအိုးကြီး မဟုတ်လားကွ။ တွန်းလာပုံထောက်တော့ ကြည့်ရတာ ဘီးပေါက်လာပြီနဲ့ တူတယ်။ လက်ဖက်ရည်စည်းစိမ်လေးတော့ ပျောက်ပါပြီကွာ။ သွားပါပြီ သွားပါပြီ။
ကိုလေအိုး စက်ဘီးဒေါက်ထောက်နေစဉ်မှာပင် အဖျော်ကောင်တာမှ ပိုက်ထွေး လှမ်းအော်လေသည်။
ပိုက်ထွေး ။ ။ဗျိုး…အစ်ကိုလေအိုး ဒီနေ့မနက်မျက်ခုံးတွေဘာတွေလှုပ်မနေဘူးလားဗျ၊ ဟိုမှာ အစ်ကိုရွှေဂျိုးတယောက်အစောကြီးပေါက်ချလာပြီးဝေနေယျသတ္တ၀ါမှန်သမျှကိုမေတ္တာထိုင်ပို့နေလို့လေ ဟား ဟား ဟား။
လေအိုး ။ ။ ဟုတ်မှာပါ ပိုက်ထွေးရာ၊ သူ့မိန်းမ အိမ်က နှင်ချလိုက်လို့ ဆိုင်ကို အစောကြီး ရောက်နေတာဖြစ်မှာပေါ့။ အလုပ်မရှိအကိုင်မရှိ လူတွေက ဒီလိုပဲကွ။ အားအားနေ တလောကလုံးကို မေတ္တာပဲ ထိုင်ပို့နေတော့တာ။ ဟုတ်တယ်မဟုတ်လား ကိုရွှေဂျိုး ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်)။
ရွှေဂျိုး ။ ။ ကျုပ်မိန်းမလား နှင်ချမှာ။ “မင်းနား အမြဲနေမယ် xxx မင်းနား အမြဲနေမယ်” သီချင်းပဲ တနေကုန် ဆိုဆိုနေလို့ ခက်နေတာဗျ။ ဒါနဲ့ ဒီနေ့မနက် ကိုလေအိုး နောက်ကျနေလို့ မိန်းမထမီတွေ တပတ်စာ လျှော်နေရပြီ အောက်မေ့နေတာ လက်စသပ်တော့ ဘီးပေါက်ပြီး တွန်းနေရလို့ကိုးဗျ ဟား ဟား ဟား။
လေအိုး ။ ။ ဘယ်ကလာ ထမီလျှော်ရမလဲဗျာ။ လေအိုးတို့မှာ ထုံးစံရှိရိုလား၊ အလွန်ဆုံးလျှော်လှ အတွင်းခံပေါ့ ဟား ဟား ဟား ဟား (ပြောရင်းဆိုရင်း ပါးစပ်ကို လက်နှင့်အုပ်ကာ ရယ်ပြန်၊ ပြီးမှ …) အေးဗျာ။ အပြန်မှပဲ ဘီးဝင်ဖာတော့မယ်။ တိုင်းရေးပြည်ရေး ဆွေးနွေးစရာတွေက အရေးကြီးတယ်မဟုတ်လား ကိုရွှေဂျိုးရ ဟဲ ဟဲ။
ရွှေဂျိုး ။ ။ မသိပါဘူးဗျာ။ တနေကုန်တနေခန်း လေကန်ဝေဖန်ရေးပဲ လုပ်နေတဲ့ ကိုလေအိုးကို မိန်းမက ငြိမ်ဝပ်ပိပြားရေးဥပေဒ ထုတ်ထားတယ် အောက်မေ့လို့ဗျ ဟား ဟား ဟား။ ဒါနဲ့ ကိုလေအိုး အန်အယ်လ်ဒီကြီးက ပါတီ မှတ်ပုံမတင်တော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီဆိုဗျ။
လေအိုး ။ ။ အဲဒါပေါ့ဗျ။ အဲဒါ ပြောမလို့။ အခုမှပဲ အလုံးကြီး ကျသွားတော့တယ်ဆိုတာပေါ့။
ရွှေဂျိုး ။ ။ ဘာအလုံးကြီး တစ်နေလို့ ဘယ်ကိုကျသွားပြန်တာလဲဗျာ။ ကိုလေအိုး ပြောလိုက်ရင် အရင်းမပါ အဖျားမပါ ဟိုဒင်းဟိုဟာတွေချည်းပါပဲလား။ ပြည့်ပြည့်စုံစုံ လင်းမှပေါ့ဗျာ။
လေအိုး ။ ။ အော် …ကိုရွှေဂျိုးကလည်း အရိပ်ပြ အကောင်မမြင်ဘဲကိုးဗျ။ အလုံးကြီးကျသွားတယ်ဆိုတာ အန်အယ်လ်ဒီနှစ်ခြမ်းကွဲမယ့်အရေး ပူပင်နေရတာ၊အခုတော့(၂၉)ရက်နေ့ စုံညီအစည်းအဝေးက မှတ်ပုံမတင်ရေးကို ကန့်ကွက်သူမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်တယ်ဆိုတော့ အန်အယ်လ်ဒီ ဟက်တက်ကွဲမယ့်အရေး စိတ်အေးသွားရတာကို ပြောတာပေါ့ဗျ။
ရွှေဂျိုး ။ ။ ဒါနဲ့ ကိုလေအိုး၊ ဥက္ကဋ္ဌ ဦးအောင်ရွှေက မှတ်ပုံတင်ချင်ဆိုဗျ။ သူ့နောက်မှာ ဦးခင်မောင်ဆွေတို့၊ ဒေါက်တာသန်းငြိမ်းတို့၊ ကော့ကရိတ် ဦးသိန်းညွန့်တို့ ‘ဆွေငြိမ်းညွန့်’အုပ်စုက အမာခံရှိတယ်လို့ ကြားနေတာ။ သူတို့ ဘယ်လိုဘယ်ပုံ အလျှော့ပေးသွားကြတာလဲဗျ။
လေအိုး။။အလျှော့ပေးတာတော့ဟုတ်ပုံမရဘူးဗျ။အားမတန်လို့အမြီးကုတ်လိုက်ရပုံပေါ်တယ်ဗျ။ ဒေါ်စုကိုယ်တိုင်က ပါတီ မှတ်ပုံတင်တာကို သဘောမတူဘူးလို့ အစည်းအဝေးမတိုင်ခင် သူ့သဘောထားကို ရှင်းရှင်းလင်းလင်း ပြောလိုက်တော့ နဂိုက နအဖအကြိုက် လုပ်ချင် (အဲ …)မှတ်ပုံတင်ချင်နေတဲ့ ကိုယ်တော်တွေ သူတို့အခြေအနေ သူတို့သိသွားပြီး အမြီးကုတ်သွားကြတာဖြစ်မှာပေါ့။ ဒေါ်စုရဲ့ပါဝါ ဘယ်လောက်ကြီးတယ်ဆိုတာကို ဒီလူတွေ ဘောပေါက်သွားလို့ နေမှာပေါ့ဗျာ။ ဘောမပေါက်ရင် ကျောပေါက်တော့မယ်ဆိုတာ သူတို့သိလို့နေမှာပေါ့။ စောစောစီးစီး ကျွတ်တန်းဝင်သွားကြာတာ
ကောင်းတာပေါ့ဗျာ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ အေးဗျာ ကောင်းတယ်၊ အတွင်းရန်ရှင်းသွားတော့ အပြင်ရန် သန်းရွှေတို့ကိုပဲ ညီညီညွတ်ညွတ် တိုက်ပွဲဝင်ဖို့ ကျန်တော့တာပေါ့ ကောင်းတယ် ကောင်းတယ်။ အနှစ် (၂၀)လုံးလုံး အတွင်းရန်သူ ဒုက္ခပေးနေလို့ အန်အယ်လ်ဒီကြီး ခြေတပေါင်ကျိုးဖြစ်ပြီး လမ်းမလျှောက်နိုင် ထော့နဲ့ထော့နဲ့ ဖြစ်နေရာက အခုတော့ ဒေါ်စုရယ် အပြင်မှာရှိတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ ခေါင်းဆောင်မှုရယ်နဲ့ သန်သန်မာမာ လမ်းဆက်လျှောက်နိုင်တော့မယ်ပေါ့ ကောင်းပါလေ့ဗျာ။ ကောင်းပါလေ့။
လေအိုး ။ ။ ဒါပေမယ့် သတိတော့ ထားရမယ်ဗျ။ သိတဲ့အတိုင်း သန်းရွှေတို့က ကလိမ်ကကျစ်တွေလေ။ ‘ဆွေငြိမ်းညွန့်’အုပ်စုကလိုပုတ်သင်ညိုတွေကိုဘယ်လိုဘယ်ပုံသွေးထိုးမြှောက်ပင့်ပေးပြီး တစင်ထောင်ခိုင်းဦးမလဲဆိုတာလည်း စောင့်ကြည့်ရဦးမယ်ဗျ။
ရွှေဂျိုး ။ ။ ဒါပေမယ့် သိပ်တော့ စိတ်မပူပါနဲ့ ကိုလေအိုးရာ။ ‘ဒေါ်စုသည်သာ အခရာ’ဆိုတာကို မြန်မာပြည်သူတွေ သိပါသဗျာ။ ‘ဒေါ်စုမပါ အရာရာ ဘာဆိုဘာမှ မပြီးပါ’ဆိုတာလည်း မြန်မာပြည်သူတွေက သိပါတယ်ဗျ။ မြန်မာပြည်သူတွေတင် မကပါဘူး၊ သန်းရွှေတို့လည်း သိပါတယ်ဗျာ၊ ဒီမောင်တွေ အာဏာလက်မလွှတ်ချင်တိုင်း ကလေးကွက်တွေ လျှောက်လုပ်ပြီး ရူးချင်ယောင်ဆောင်နေတာပါဗျ။
လေအိုး ။ ။ ရူးချင်ယောင်ဆောင်လည်း ရှေ့လျှောက်တော့ ပွဲကကောင်းပြီဗျ ကိုရွှေဂျိုး။ နအဖနဲ့ အန်အယ်လ်ဒီ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြပြီပေါ့ဗျာ။ ရက် (၆၀) ကျော်တာနဲ့ မှတ်ပုံမတင်တဲ့ အန်အယ်လ်ဒီကို နအဖက ဘာလုပ်မလဲ၊ မှတ်ပုံမတင်ဘူးဆိုတဲ့ အန်အယ်လ်ဒီကပဲ နအဖကို အဆုံးသတ်တိုက်ပွဲ ဘယ်လိုဆင်နွှဲမလဲဆိုတာ တွေ့ရတော့မှာပေါ့။ ကောင်းပြီဗျို့။
ရွှေဂျိုး ။ ။ အဲဒါဆို ကျုပ်တို့ ပြည်သူတွေကကော ဘယ်လိုအနေအထားမှာ ရှိဖို့လိုမလဲဗျ။ ဘာတွေ ပြင်ဆင်ထားဖို့ လိုမယ်ထင်လဲ ကိုလေအိုး။
လေအိုး ။ ။ ဟ …ဘာလုပ်ရမလဲ ကိုရွှေဂျိုး၊ တိုက်ပွဲလမ်းကြောင်းက ရှင်းနေပြီပဲဟာ။ ဦးဆောင်ပါတီ အန်အယ်လ်ဒီကို ၀န်းရံပြီး အန်အယ်လ်ဒီ တိုက်ပွဲဖော်တဲ့အခါ တညီတညွတ်တည်း လိုက်ပါကြဖို့ပဲပေါ့ဗျ။ လူထုတိုက်ပွဲ ဆင်နွှဲပြီး တိုက်ပွဲကို အဆုံးသတ်ဖို့ပဲပေါ့။ ဒီအတွက် အားမွေးထားကြရမှာပေါ့ဗျ။ ခင်ဗျားလုပ်တာနဲ့ လေအိုးတော့ အဆဲခံရတော့မှာပဲ။ အပြင်ကနေ ဟိုဟာလုပ်ပါလား ဒီဟာလုပ်ပါလားဆိုပြီး အာချောင်နေလို့လေ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဒါတော့ဗျာ။ ကိုယ်မြင်တာကို မြင်တဲ့အတိုင်း အကြံပြုဖို့က စစ်ဖိနပ်အောက်က လွတ်မြောက်ချင်သူတိုင်းမှာ တာဝန်ရှိတာပဲဗျ။ ဒါပေမယ့် ကိုလေအိုး၊ အားမွေးတယ်ဆိုတာက အမျိုးမျိုး ရှိတယ်နော်။ ဘယ်လိုဘယ်ပုံ အားမွေးရမယ်ဆိုတာတော့ ခင်ဗျားအမြင်ကို လင်းဦးမှပေါ့။ တော်နေကြာ အားမွေး အားမွေးဆိုလို့ တချို့က အမ်လွဲဟတ်စိတို့၊ ကျွဲရိုင်းအချိုရည်တို့၊ ကြက်ဥအကာကျက်တို့ တ၀တပြဲ သောက်တာကို အားမွေးတယ်ထင်ပြီး စွတ်သောက်နေကြလို့ အချိုရည်ဈေးတွေ၊ ကြက်ဥဈေးတွေ တက်ကုန်ပါဦးမယ်ဗျာ ဟား ဟား။
လေအိုး ။ ။ အဲဒါတွေ မလိုပါဘူးဗျ။ အားမွေးတယ်ဆိုတာ ဟိုဗျာ ပလေးဘွိုင်သန်းနိုင်ရဲ့ သီချင်းလေးတပုဒ် ရှိတယ်မဟုတ်လားဗျ။ ဘာတဲ့ “ပေတရာလမ်းမ အနက်ရောင်လေးပေါ် xxx လမ်း ဆက်လျှောက်မယ် xxx လမ်း ဆက်လျှောက်မယ် xxx” ဒါပဲပေါ့ဗျာ။ “လမ်း ဆက်လျှောက်မယ်” ဆိုတဲ့ စိတ်ဓာတ်တွေ ပြင်းပြင်းပြပြ မွေးမြူထားကြဖို့ပဲလိုတာပေါ့ဗျ။ ကဲ ကဲ … ပြောနေကြာတယ်။ ကျုပ်လည်း စက်ဘီးတွန်းရင်း လမ်း ဆက်လျှောက်လိုက်ဦးမယ်ဗျို့။ ဘီးသွားဖာရမယ် ဘီးသွားဖားရမယ် လစ်ပီဗျို့။
ပြောပြောဆိုဆို လေအိုးတယောက် စက်ဘီးတွန်းရင်း “ပေတရာလမ်းမ အနက်ရောင်လေးပေါ် xxx လမ်း ဆက်လျှောက်မယ် xxxလမ်း ဆက်လျှောက်မယ် xxx”လို့ ဟစ်အော် ထွက်ခွာသွားသကဲ့သို့ အောက်ရေတိုးနေပြီဖြစ်သည့် ရွှေဂျိုးလည်း အချိန်မှန် စွန့်ထုတ်ရန် ဆိုင်နောက်ဖေးသို့ လမ်းဆက်လျှောက်သွားလေတော့သည်တကား။ ။





Geen opmerkingen: