မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 juni 2011

ဦးရွှေမန်းမိန့်ခွန်းကိုပြန်ကြားရေးကဆင်ဆာဖြတ်

ဧရာဝတီ Monday, 27 June 2011 18:25
.ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကရန်ကုန်ပြည်သူ့လွှတ်တော်အဆောက်အအုံ၌ပြောကြားခဲ့သော မိန့်ခွန်းကို အစိုးရ သတင်းမီဒီယာအားလုံးက ဆင်ဆာ ဖြတ်တောက်ထားကြောင်း သိရသည်။
                                                        ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်း(ဓာတ်ပုံ-Reuters)
ဇွန်လ၂၄ရက်နေ့တွင်ရန်ကုန်တိုင်းပြည်သူ့လွှတ်တော်ရုံးတွင်ကျင်းပသောအစည်းအဝေး၌သူရဦးရွှေမန်းက မိန့်ခွန်းပြောကြားပြီးရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်များ၊စီးပွားရေး လုပ်ငန်းရှင်များ၊ သတင်းမီဒီယာများ တက်ရောက်ခွင့်ရခဲ့သည်။
သူရဦးရွှေမန်းကမြန်မာနိုင်ငံသည်အလွန်နိမ့်ကျလျက်ရှိပြီးအရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပေါ်သော ဆူပူအုံကြွမှုမျိုးမဖြစ်ပေါ်စေရန်နှင့်ဆူပူအုံကြွမှုဖြစ်ပေါ်လျှင်ပြည်သူများပင်နစ်နာမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း အဆိုပါ ပြောဆိုချက်များကို အစိုးရပိုင် သတင်းမီဒီယာအားလုံးတွင် ဖော်ပြခြင်းမပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်တဦးက“ဦးရွှေမန်းကတိုင်းပြည်အင်မတန် နိမ့်ကျနေတယ်ဆိုပြီးတော့ ၀န်ခံတယ်။သူပြောသွားတဲ့အထဲမှာဆူပူအုံကြွမှုဖြစ်ရင်ပြည်သူတွေပဲနစ်နာမယ်လို့လည်းပြောတယ်။ သူဆိုလိုတာကတိုင်းပြည်ဆူပူရင်တပ်ကအာဏာပြန်သိမ်းမယ်။အဲလိုဆိုရင်ပြည်သူပဲနစ်နာမယ်ပေါ့။ ဒါပေမယ့်အဲဒါတွေကအစိုးရရုပ်မြင်သံကြားသတင်းစာထဲမှာမထည့်တာကအတော်ထူးခြားတယ်”ဟု ပြောသည်။
“အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းမြန်မာပြည်လာတုန်းကပြောသွားသလိုပဲအရှေ့အလယ်ပိုင်း ဒေသတွေမှာလိုလူထုအုံကြွမှုတွေမဖြစ်အောင်အားလုံးဝိုင်းဝန်းကြိုးပန်းရမယ်”ဟုသူရဦးရွှေမန်းက ပြောဆိုခဲ့ပြီး ထိုပြောဆိုချက်များ ဆင်ဆာဖြတ်တောက်ခံရသည်။
သူရဦးရွှေမန်း၏တွေ့ဆုံပွဲကိုပြန်ကြားရေးဝန်ကြီးဌာန၊အစိုးရပိုင် ရုပ်သံ၊ သတင်းစာ၊ရေဒီယိုများအားလုံးတွင် သတင်းအဖြစ်ဖော်ပြကြသော်လည်းမိန့်ခွန်းကိုမှုအပြည့်အစုံဖော်ပြခြင်းမပြုဘဲ ဆင်ဆာဖြတ်တောက်ခဲ့သည်မှာထူးခြားကြောင်းတွေ့ဆုံပွဲတက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းစာဆရာများက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးက “သူရ ဦးရွှေမန်း ပြောတာတွေ အကုန်လုံးလည်း သတင်းစာမှာ မပါလာတဲ့အပြင် ဦးရွှေမန်းကလည်း အစိုးရအနေနဲ့ လွှတ်တော်က ချမှတ်မယ့် ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေကို လိုက်နာ ဖော်ဆောင်ရမည်ဆိုပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၂၈ ကို ကိုးကားပြီး ပြောသွားတယ်” ဟု ပြောသည်။
ပြည်တွင်းသတင်းဂျာနယ်အယ်ဒီတာချုပ်တဦးက“ပုဂ္ဂလိကသတင်းမီဒီယာတွေတင်မဟုတ်ဘူး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းလည်းပြောချင်ရာပြောလို့မရဘူး၊စိစစ်ရေးရဲ့ ဆင်ဆာဖြတ်တောက်မှု ခံနေရတယ်ဆိုတာ ထင်ရှားတယ်” ဟု ပြောသည်။
သူရ ဦးရွှေမန်းသည် ဗိုလ်ချုပ်ကြီးအဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ လက်ထက်တွင် ကြည်း ရေ လေ ညှိနှိုင်း ကွပ်ကဲရေးမှူးအထိ တာဝန်ယူခဲ့သည်။
ဇွန်လ ၂၅ ရက်နေ့တွင် သူရ ဦးရွှေမန်းသည် ရုရှနိုင်ငံသို့ အလည်အပတ် ထွက်ခွာသွားသည်။

Geen opmerkingen: