မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 14 juni 2011

အကယ်ဒမီနွဲ့နွဲ့မူခရစ်တော်၌အိပ်ပျော်ပြီ

ယုယမိုး Tuesday, 14 June 2011 19:03
.မြန်မာ့ရုပ်ရှင်လောက၏အနုပညာငွေကြယ်တပွင့်ဖြစ်သူရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီနွဲ့နွဲ့မူသည်ဇွန်၁၃ ရက်နေ့နံနက်၅နာရီမိနစ်၅၀အချိန်ကရန်ကုန်ပြည်သူ့ဆေးရုံသစ်ကြီး(ဂျပန်ဆေးရုံကြီး)ပေါ်တွင်အစာအိမ် သွေးကြောပေါက်၍ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။
                                                                             အကယ်ဒမီနွဲ့နွဲ့မူ(ဓာတ်ပုံ-ElevenMedia)
မင်းသမီးကြီးနွဲ့နွဲ့မူကို၁၉၅၀ပြည့်နှစ်သြဂုတ်လ၁၈ရက်နေ့ကဟင်္သာတမြို့တွင်မွေးဖွားခဲ့ပြီးဖခင်ဖြစ်သူ ဦးသော်(ပညာရေးဌာန၀န်ထမ်း)နှင့်မိခင်ဖြစ်သူအကယ်ဒမီဒေါ်သိန်းရှင်တို့၏ တတိယမြောက်သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်မြသန်းနွဲ့ဖြစ်သည်။
နွဲ့နွဲ့မူသည်အသက်၁၄နှစ်အရွယ်တွင်အနုပညာလောကထဲသို့မိခင်ဖြစ်သူ၏တိုက်တွန်းမှုကြောင့် “မေတ္တာမိုးမြေ”ဇာတ်ကားဖြင့်စတင်ဝင်ရောက်ခဲ့ပြီးနောက်ဇာတ်ကားရိုက်ကူးမှုများမရှိခဲ့သော်လည်း အသက်၁၆နှစ်အရွယ်တွင်“သမန်းကျား”ဇာတ်ကားဖြင့်အနုပညာလောကသို့တကျော့ ပြန်လည်ရောက်ရှိကာ ပရိသတ်များ၏ အသိအမှတ်ပြုမှု ရရှိခဲ့သည်။
၁၉၇၀ပြည့်နှစ်ဝန်းကျင်ကာလကမြန်မာ့ရုပ်ရှင်လောကတွင်ဝင်းဦး၊ခင်သန်းနု၊မြင့်မြင့်ခင်၊၀ါဝါ၀င်းရွှေ၊ညွန့်ဝင်း၊ဒေစီကျော်ဝင်း၊ထွန်းဝေ၊ကျော်ဆွေ၊ချိုပြုံး၊ကောလိပ်ဂျင်နေဝင်း၊အောင်လွင်အစရှိသည့် မင်းသားမင်းသမီးများနှင့်အတူနွဲ့နွဲ့မူသည်လည်းမြန်မာရုပ်ရှင်ကြည့်ပရိသတ်များအကြားရေပန်းစား အောင်မြင်ကျော်ကြားသည့်သရုပ်ဆောင်တဦး ဖြစ်သည်။
ဒရာမာ(ဘဝအလွမ်းအမော)ဇာတ်ကားများတွင်သရုပ်ဆောင်ရာ၌အားသန်သည့်မင်းသမီးတဦးဖြစ်သူ နွဲ့နွဲ့မူသည်သရုပ်ဆောင်ရာတွင်လည်းလိုအပ်သည့်အခန်း၌လိုအပ်သလိုပိုင်နိုင်စွာခံစားချက်ထည့်သွင်း သရုပ်ဆောင်တတ်ကြောင်း၊သဘာဝကျကျသရုပ်ဆောင်တတ်သူတဦးဖြစ်ကြောင်းရွှေအမြုတေအနုပညာ မဂ္ဂဇင်းအယ်ဒီတာချုပ်ဦးဝင်းငြိမ်းကပြောသည်။
“ဒရာမာဘက်မှာအားသန်တဲ့မင်းသမီးမျိုးပါ။အနုပညာမျိုးရိုးရှိတဲ့သရုပ်ဆောင်တဦးလည်းဖြစ်တယ်။သူ့အမေ ဒေါ်သိန်းရှင်ဆိုရင်အသက်ကိုနှင်း၍ဆိုတဲ့ဇာတ်ကားနဲ့အမျိုးသမီးဇာတ်ပို့အကယ်ဒမီဆုရခဲ့တဲ့အပြင် အကယ်ဒမီလေးထပ်ကွမ်းပိုင်ရှင်ဒေါ်ကြည်ကြည်ဌေးဟာလည်းသူရဲ့အဒေါ်အရင်းဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားချက်ကတော့အမူအရာကောင်းပြီးသဘာဝကျကျသရုပ်ဆောင်နိုင်တယ်၊မျက်ရည်ကို လိုအပ်တဲ့နေရာမှာချပြနိုင်စွမ်းရှိပါတယ်။စကားပြောခန်းတခန်းမှာမျက်ရည်ပေါက်ခနဲကျပြရမယ်ဆို ကျပြနိုင်တဲ့ အရည်အချင်းရှိပါတယ်။ အခုလိုမျိုး ဆုံးပါးသွားတော့ နှမြောရပါတယ်” ဟု သူက ဆိုသည်။
ဒေါ်နွဲ့နွဲ့မူသည်၁၉၇၀ခန့်တွင်စတင်အောင်မြင်ခဲ့သူဖြစ်ကြောင်း ၎င်း၏ နာမည်ကြီး ဇာတ်ကားများဖြစ်သော “နော်ကူးမ”နှင့်မင်းသားထွန်းဝေ၊ညွန့်ဝင်း၊ဦးနေစိုးတို့ပါဝင်သရုပ်ဆောင်ခဲ့ပြီးအေ၀မ်းမောင်လှမျိုး ရိုက်ကူးခဲ့သော“ချောင်း”ဇာတ်ကားမှာအောင်မြင်မှုရရှိခဲ့သည့်ဇာတ်ကားကြီးများဖြစ်ကြောင်းဦးဝင်းငြိမ်းက ဆက်ပြောသည်။
“ဒီဇာတ်ကားတွေကအောင်မြင်တဲ့အပြင်ပရိသတ်တွေနှစ်သက်လက်ခံကြတဲ့ဇာတ်ကားတွေပါ။ချောင်း ဇာတ်ကားဟာမိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပြီးနွဲ့နွဲ့မူကကရင်တိုင်းရင်းသူအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ဇာတ်လမ်းများ သရုပ်ဆောင်ရာတွင် ရင်ထဲမှ အမှန်တကယ်ခံစား သရုပ်ဆောင်လေ့ရှိသည့် နွဲ့နွဲ့မူသည် ၁၉၇၄ ခုနှစ်တွင် “နော်ကူးမ” ဇာတ်ကားဖြင့် အကယ်ဒမီ ရွှေစင်ရုပ်တုကို ပိုင်ဆိုင်ခဲ့သည်။
“အဲဒီနှစ်ကထူးထူးခြားခြားအောင်လွင်နဲ့နွဲ့နွဲ့မူနှစ်ယောက်တည်းအကယ်ဒမီဆုရရှိခဲ့တဲ့အပြင်၊သူတို့နှစ်ယောက် ဆုရခဲ့တဲ့နှစ်ကအကယ်ဒမီ ဆုပေးပွဲကို အင်းလျားလိတ်မှာ ပထမဦးဆုံး ကျင်းပခဲ့တဲ့ ပွဲလေးလည်းဖြစ်တယ်” ဟု ဒါရိုက်တာ ကြည်စိုးထွန်းက ပြောပြသည်။
နွဲ့နွဲ့မူသည် ဒါရိုက်တာကြည်စိုးထွန်း ရိုက်ကူးခဲ့သည့် သမီးနှင့်အမေများ(၁၉၉၀ခုနှစ်)ဇာတ်ကား အပါအ၀င်သူငယ်ချင်းသုံးယောက်ရှိလေသည်(ကျော်ဟိန်း၊နွဲ့နွဲ့မူ၊ခင်သီတာထွန်း)၊ချစ်တဲ့ရက်ကိုကြိုနေမယ် (ကောလိပ်ဂျင်နေ၀င်း၊ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊စံရှားတင်)၊နေခြည်ဖြာမှနွေးသောကြောင့် (အောင်လွင်၊ နွဲ့နွဲ့မူ)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ)၊ စံရွှေမြင့် လေးခင်ခင်(ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊နော်ကူးမ(ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ဒူးမထောက်လက်မမြှောက်(ညွန့်ဝင်း၊မြင်းစိုင်းသားအောင်အောင်၊ဆွေဇင်ထိုက်၊နွဲ့နွဲ့မူ) အစရှိသည့် ဇာတ်ကားများမှာထိုခေတ်အခါကအောင်မြင်ခဲ့ပြီးပရိသတ်များလက်ခံအားပေးခဲ့သည့် ဇာတ်ကားများဖြစ်သည်။
နွဲ့နွဲ့မူသည် သရုပ်ဆောင်ရာတွင် အလွန်ကြိုးစားပြီး ဒရာမာဇာတ်လမ်းများ ပိုင်နိုင်သကဲ့သို့ ဒူးမထောက် လက်မမြှောက် ဇာတ်ကားကဲ့သို့ ဇာတ်ကြမ်းများတွင်လည်း သရုပ်ဆောင်နိုင်သူ ဖြစ်သည်ဟု ဦးကြည်စိုးထွန်းက ဆိုသည်။
“သူ့ရဲ့သိသာတဲ့အရည်အချင်းတခုကသဘာဝကျအောင်သရုပ်ဆောင်နိုင်တဲ့အပြင်ရင်ထဲကနေ တကယ်ခံစားပြီးသရုပ်ဆောင်လေ့ရှိတယ်။အရမ်းလည်းကြိုးစားပါတယ်။သူကိုယ်တိုင်လည်း သရုပ်ဆောင်ပညာပိုင်နိုင်သလိုတခြားမင်းသမီးတွေကိုလည်းစိတ်နဲ့ခံစားပြီးတော့ကိုသင်ပေးနိုင်တာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။
မျိုးဆက်သစ် သရုပ်ဆောင်များအား သင်တန်းပေးမည့် အစီအစဉ်တခုတွင် နွဲ့နွဲ့မူကို သင်ကြားသူအဖြစ် ဖိတ်ခေါ်ရန် အစီအစဉ် ရှိကြောင်းလည်း သူက ဆိုသည်။
“အခုလို သူကွယ်လွန်သွားခဲ့တဲ့ အတွက် အနုပညာလောကမှာ ဆုံးရှုံးမှု တခုပါပဲ” ဟု ဦးကြည်စိုးထွန်းက ပြောသည်။
ဒူးမထောက်လက်မမြှောက်၊ချစ်တဲ့ရက်ကိုကြိုနေမယ်အစရှိသည့်ဇာတ်ကားများတွင်နွဲ့နွဲ့မူနှင့် အတူ တွဲဖက် သရုပ်ဆောင်ဖူးသည့် အနုပညာညီအစ်မ တဦးဖြစ်သူ အကယ်ဒမီဆွေဇင်ထိုက်ကလည်း နွဲ့နွဲ့မူ၏ အသံမှာ ဆွဲဆောင်မှုရှိပြီးသရုပ်ဆောင်ပညာကိုလည်း ပိုင်နိုင်ကျွမ်းကျင်သူတဦးဖြစ်ကြောင်း၊မဟုတ်မခံစိတ်ရှိကာ စိတ်ဆတ်လွယ်သည့်အတွက်တချို့ကအထင်လွဲကြသော်လည်းနွဲ့နွဲ့မူသည်စိတ်ရင်းကောင်းသူ တဦးဖြစ်ကြောင်း၊ စိတ်မာသူ တဦးဖြစ်ပြီး အတိုက်အခိုက်၊ အက်ရှင် ဇာတ်ကားများက အစ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူ တဦးဖြစ်ကြောင်း ပြောပြသည်။
“အစ်မနွဲ့နွဲ့မူနဲ့အတူဒူးမထောက်လက်မမြှောက်ဇာတ်ကားရိုက်တုန်းကဆိုရင်မန္တလေးကရိုက်ကွင်းတခုမှာ သျှောင်ထုံးတွေ၊ရာဇ၀င်အ၀တ်အစားတွေဝတ်စားပြီးတနေ့လုံးနေပူထဲမှာရိုက်ခဲ့ရတာတွေကလည်း အမှတ်တရပါပဲ” ဟုဆွေဇင်ထိုက်က ဆိုသည်။
နွဲ့နွဲ့မူသည်ပြီးခဲ့သည့်မေလကနေမကောင်းဖြစ်ကာဆေးရုံတင်ခဲ့ရသေးကြောင်း၊ထိုစဉ်က သက်သာသွားသောကြောင့် ဆေးရုံက ဆင်းခဲ့ကြောင်း၊မကြာသေးမီကရောဂါသည်းကာ အရေးပေါ်ခန်းတွင် တင်လိုက်ရပြီးယမန်နေ့က ဆုံးပါး သွားခဲ့ကြောင်း၊ ထို့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ဆွေဇင်ထိုက်က ပြောသည်။
အကယ်ဒမီ နွဲ့နွဲ့မူ၌သား၁ဦး၊သမီး၁ဦး ထွန်းကားခဲ့ပြီး မကွယ်လွန်မီ အချိန်အထိ စမ်းချောင်းမြို့နယ် ဝေဠုဝန်အိမ်ရာ တိုက် (၁၂) အခန်း(၂) တွင်နေထိုင်ခဲ့သည်။
ဇွန်၁၅ရက်နံနက် ၁၁ နာရီတွင်ရန်ကုန်မြို့စမ်းချောင်းမြို့နယ်ဗားကရာခရစ်ယာန်ဘုရားကျောင်းတွင် ၀တ်ပြုကိုးကွယ်ပြီးမှအကယ်ဒမီနွဲ့နွဲ့မူ၏ ကျန်ရစ်သောရုပ်ကြွင်းကိုရေဝေးခရစ်ယာန်သုဿာန်သို့ ပို့ဆောင်ဂူသွင်းမည် ဖြစ်သည်။

Geen opmerkingen: