မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 juni 2011

တိုင်းရင်းသားပဋိပက္ခအရေးNLDနှင့်EUဆွေးနွေးမည်

လင်းသန့် Monday, 20 June 2011 17:09
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည်မြန်မာနိုင်ငံသို့ရောက်ရှိနေသည့်ဥရောပသမဂ္ဂ(EU) ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံသည့်အခါတိုင်းရင်းသားဒေသများတွင်လတ်တလောဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီးငြိမ်းချမ်းရေးအမြန်ဖြစ်ပေါ်စေရန်ကူညီပေးရေး ထည့်သွင်းဆွေးနွေးမည်ဟု သိရသည်။
          မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာပေရိုဖက်စီနို(ဓာတ်ပုံ-PieroFassino)
EUကိုယ်စားလှယ်အဖွဲ့တွင်EUနိုင်ငံခြားရေးဆိုင်ရာအကြီးအကဲဖြစ်သူကက်သရင်းအက်ရှ်တန်၏ အထူးအကြံပေးအရာရှိမစ္စတာရောဘတ်ကူးပါးကဦးဆောင်ကာယမန်နေ့ကနေပြည်တော်သို့ ရောက်ရှိသည်။ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာEUအထူးကိုယ်စားလှယ်မစ္စတာပေရိုဖက်စီနိုသည်လည်း တရက်စော၍ ကြိုတင်ရောက်ရှိသည်။
EUကိုယ်စားလှယ်အဖွဲ့သည်နေပြည်တော်တွင်နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်အပါအ၀င်တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိဟု သိရသည်။
“မြန်မာအစိုးရအာဏာပိုင်တွေရဲ့စိတ်နေစိတ်ထားကို အကဲခတ် ချဉ်းကပ်နိုင်ဖို့အတွက် ကျနော်ရဲ့ ပထမဆုံး ကြိုးစားချက် တရပ်ပဲ”ဟုEUသံတမန်တဦးကို ကိုးကားပြီးAFPသတင်းတပုဒ်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်အစိုးရသစ်တက်လာပြီးနောက်ပထမဆုံးလာရောက်သည့်EUသံတမန် ကိုယ်စားလှယ်အဖွဲ့နှင့်NLDတို့ တွေ့ဆုံရန် ဇွန်လ၂၂ ရက်ကို အကြမ်းဖျင်း စီစဉ်ထားကြောင်းNLDပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
ဦးအုန်းကြိုင်က “EUကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါ ထည့်သွင်းပြောမှာတွေက ပါတီရဲ့ လက်ရှိရပ်တည်မှု၊ လက်ရှိအစိုးရအပေါ်သဘောထား၊ဒီ့အပြင်အခုကချင်အပါအ၀င်တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေဖြစ်နေတာတွေ အမြန်ဆုံးရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းရေး အမြန်ရဖို့တွေကိုကူညီနိုင်တဲ့ နိုင်ငံတွေကို ကူညီပါလို့ ဆွေးနွေး သွားဖို့ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယခုအခါကချင်ပြည်နယ်မိုးမောက်ဒေသတွင်ဖြစ်ပွားနေသည့်မြန်မာအစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တို့အကြားတိုက်ပွဲများကြောင့်ဒုက္ခသည်ပေါင်းထောင်ချီကာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး တရုတ်နိုင်ငံတွင်းသို့လည်း သွားရောက် ခိုလှုံနေကြရသည်။
ထို့အပြင်ရှမ်းပြည်နယ်၊ကရင်ပြည်နယ်တို့တွင်လည်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက်မွေးနေ့ အခမ်းအနားတွင် သူ့အနေဖြင့် မွေးနေ့၌ အလိုချင်ဆုံးသည် ငြိမ်းချမ်းရေးဖြစ်ကြောင်း ပြောကြားခဲ့သည်။
EUနိုင်ငံများထဲမှအင်္ဂလန်နှင့်ပြင်သစ်၂နိုင်ငံတို့မှလွဲပြီးတခြားနိုင်ငံများကမြန်မာအပေါ်စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုကိုလျှော့ပေါ့ရန်သဘောထားရှိနေကြပြီးယခုနှစ်ဧပြီလတွင်မြန်မာအစိုးရ ဝန်ကြီးတချို့ကို ဥရောပသို့ ပြည်ဝင်ခွင့် ယာယီ လျှော့ပေါ့ပေးခဲ့သည်။

Geen opmerkingen: