မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 4 juni 2011

အခိုင်အမာခြေလှမ်းများလှမ်းရန်ဂျွန်မက်ကိန်းတိုက်တွန်း

စနေနေ့၊ ဇွန်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၂၈ မိနစ် 
ချင်းမိုင်(မဇ္ဈိမ) ။ ။`စကားအလှများ´ပြောနေရုံသက်သက်သာ ၏မဟုတ်ဘဲ`အခိုင်အမာခြေလှမ်းများ´ လှမ်းပါရန်အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းကသူ၏၃ရက်ကြာမြန်မာခရီးစဉ်အပြီး သောကြာနေ့တွင် မြန်မာအစိုးရကို တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ၃ရက်ကြာခရီးစဉ်အတွင်းဂျွန်မက်ကိန်းသည်ဒုသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးအပါအ၀င်အခြား အရေးပါသောအစိုးရခေါင်းဆောင်များ၊နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်NLDပါတီဝင်များနှင့်တွေ့ဆုံခဲ့ပြီးNLDကရန်ကုန်တွင်ဖွင့်လှစ်ထားသောHIV/AIDS ကယ်ဆယ်ရေး ဂေဟာ´သို့လည်းသွားရောက်ကြည့်ရှုခဲ့သည်။
`အစိုးရသစ်သည်အမေရိကန်နိုင်ငံနှင့်ဆက်ဆံရေးကောင်းမွန်ရန်စိတ်ဆန္ဒရှိနေကြောင်း´ထင်ရှားသည်ဟု လွန်ခဲ့သော၁၅နှစ်လုံးလုံးဗီဇာငြင်းပယ်ခံခဲ့ရသည့်မစ္စတာမက်ကိန်းကတွေ့ဆုံဆွေးနွေးပွဲများအပြီး ပြောကြားခဲ့သည်။
အမေရိကန် ဆီးနိတ်အမတ် မစ္စတာ ဂျွန်မက်ကိန်းသည် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ အမေရိကန်စင်တာ၌ သောကြာနေ့ ဇွန်လ ၃ ရက် ၂ဝ၁၁ ခုနှစ်၊ မနက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - မဇ္ဈိမ)။
အမေရိကန် ဆီးနိတ်အမတ် မစ္စတာ ဂျွန်မက်ကိန်းသည် ရန်ကုန်တိုင်း ဒဂုံမြို့နယ်ရှိ အမေရိကန်စင်တာ၌ သောကြာနေ့ ဇွန်လ ၃ ရက် ၂ဝ၁၁ ခုနှစ်၊ မနက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ - မဇ္ဈိမ)။
မြန်မာနိုင်ငံကိုနောက်တခေါက် လာရောက်ရသည့်အတွက်`အလွန်ဝမ်းမြောက်ကြောင်း´အနာဂတ်အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက်လည်းအကောင်းမြင် မျှော်လင့်ချက်ထားရှိပါကြောင်း သူက ပြောကြားသည်။

အမေရိကန်အနေနှင့်မည်သည့်နိုင်ငံနှင့်မျှ ဆက်ဆံရေး ဆိုးရွားစေလိုသည့်ဆန္ဒမရှိကြောင်းနှစ်နိုင်ငံကြား အလွန်ပင် ဆက်ဆံရေး ဆိုးရွားခဲ့သည့် အိမ်နီးချင်း ဗီယက်နမ်နှင့်သံတမန်ရေးဆက်ဆံမှု တိုးတက်လာမှုကို ဥပမာပေးကာ သူက အလေးပေး ပြောကြားသွားခဲ့သည်။
 `အခုအစိုးရသစ်ဟာအတိတ်နဲ့နှိုင်းစာရင်အပြောင်းအလဲတစုံတရာရှိခဲ့တာကိုကျနော်အသိအမှတ်ပြုပါတယ်။သို့သော်ကျနော်မနေ့က အစိုးရအရှာရှိတွေနဲ့တွေ့ဆုံတုန်းပြောခဲ့သလိုပါဘဲဆက်ဆံရေးတိုးတက်လာဖို့ဆိုတာစကားအလှတွေ ပြောနေရုံနဲ့မရဘူး၊အခိုင်အမာလုပ်ဆောင်ပြဖို့လိုတယ်´ဟုအမေရိကန်သံရုံးသို့လာရောက်သော အကဲခတ်များကို သူက ပြောကြားခဲ့သည်။
`ထိတွေ့ဆက်ဆံရေးမူဝါဒအရကြိုးပန်းမှုတွေဟာရလဒ်ပြနိုင်ရမယ်၊အချိန်အကန့်အသတ်ရှိရမယ်´ဟုလည်း အလျင်အမြန်အပြောင်းအလဲများပြုလုပ်ရန်သူကတိုက်တွန်းပြောကြားသွားသည်။
အမေရိကန်အစိုးရ၏မြန်မာနိုင်ငံအပေါ်ထားရှိသောထိတွေ့ဆက်ဆံရေးမူဝါဒသည်အရေးပါသော ခြေလှမ်းများလှမ်းနိုင်မှုအပေါ်တွင်မူတည်နေပြီး၊ဤသို့လှမ်းနိုင်မှသာမြန်မာအစိုးရသည်ဒီမိုကရေစီရေး အပြောင်းအလဲများပြုလုပ်ရန်အမှန်တကယ်ပိုင်းဖြတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသက်သေပြနိုင်မည်ဖြစ်ကာ အမေရိကန်ဘက်ကလည်းအပြန်အလှန်အပြောင်းအလဲများပြုလုပ်လိုသည့် ဆန္ဒပေါ်လာစေမည်ဖြစ်ကြောင်း သူက ပြောသည်။
နိုင်ငံရေးအကျဉ်းသားများကိုခြွင်းချက်မရှိလွှတ်ပေးရေးသည်လည်းမြန်မာနိုင်ငံတွင်စစ်မှန်သောဒီမိုကရေစီ အပြောင်းအလဲများ ပေါ်ပေါက်ရေးအတွက်အရေးပါသော လိုအပ်ချက်ဟုသူကသာဓကအဖြစ် ပြောခဲ့သည်။
အပြုသဘောဆောင်သောထိတွေ့ဆက်ဆံမှုမူဝါဒတွင် လက်ရှိ ပိုနေမြဲကျားနေမြဲ အခြေအနေမှ ပြောင်းလဲရန် လိုအပ်ပြီးထိုသို့အပြောင်းအလဲများ အထင်အရှား ပေါ်ပေါက်လာခြင်းမရှိပါက ပိတ်ဆို့အရေးယူမှုသည်လည်း ဆက်လက်ရှိနေဦးမည်ဟု သူက ပြောသည်။ `ဒီမိုကရေစီရေး အပြောင်းအလဲအတွက် နက်နက်ရှိုင်းရှိုင်း စိတ်ဆန္ဒရှိနေတယ်ဆိုတာကိုသက်သေပြနိုင်တဲ့အခိုင်အမာခြေလှမ်းတွေကိုဒီအစိုးရအနေနဲ့မလုပ်ဆောင်နိုင်ရင် ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးနိုင်မယ့် အလားအလာလည်း ရှိမှာမဟုတ်ပါဘူး´ ဟု သူက ဆိုသည်။
ရှိရင်းစွဲပိတ်ဆို့အရေးယူမှုများကိုပိုမိုထိရောက်စေရေးအတွက်တိုးတက်ကောင်းမွန်အောင်လုပ်ဖို့လိုသေးသည်ဟုလည်းသူကပြောသည်။`တကယ်တော့ကျနော်တို့လုပ်ရမှာလက်ရှိရှိနေတဲ့ပိတ်ဆို အရေးယူမှုတွေကို အကောင်အထည်ဖော်ရာမှာ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေကို ရှာဖို့ပဲ´ ဟုလည်း သူက ပြောသည်။
အမျိုးသားရင်ကြားစေ့ရေးဒီမိုကရေစီလုပ်ငန်းစဉ်ဖြင့်တိုင်းပြည်ကိုတစည်းတလုံးတည်းဖြစ်အောင်လုပ်ရာတွင် ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လည်း မစ္စတာမက်ကိန်းက တောင်းဆိုလိုက်သည်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ကြေညာချက်ဖြစ်သည့်`မည်သည့်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွင်မဆို ဒေါ်အောင်ဆန်းစုကြည်၊တိုင်းရင်းသားလူနည်းစုများ၊အခြားအတိုက်အခံခေါင်းဆောင်များ၊NLDတို့ပါဝင်ရမည်´ကိုသူသဘောတူညီကြောင်းနှင့်NLDသည်ယခင်ကတရားဝင်ပါတီအဖြစ်အသိအမှတ်ပြုခံခဲ့ရသည့် ပါတီဖြစ်ပြီးယခုလည်းတရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ်နောက်ထပ်ပြန်လည်အသိအမှတ်ပြုသင့် ကြောင်းလည်း  သူက ပြောသည်။
အနုမြူမပြန့်ပွားရေးဆိုင်ရာကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များကိုလိုက်နာရန်လည်းသူက မြန်မာအစိုးရကိုတောင်းဆိုသွားသည်။မြန်မာနိုင်ငံ၏ နျူကလီးယား အစီအစဉ်ကို ရပ်တန့်ထားပြီးဖြစ်ကြောင်း အဆိုပါခရီးစဉ်အတွင်းဒုသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးကသူ့ကိုပြောဆိုခဲ့သည်ဟုဆိုသည်။ အစိုးရထုတ်သတင်းစာမြန်မာ့အလင်းတွင်ဖော်ပြထားချက်အရ`မြန်မာနိုင်ငံအနေဖြင့်အနုမြူလက်နက်များ ထုတ်လုပ်ရန် အခြေအနေမရှိပါကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ရန် စီးပွားရေးအင်အားလည်း တောင့်တင်းခြင်း မရှိပါကြောင်း´ ဒုသမ္မတက သူ့ကို ပြောကြားခဲ့သည်။
`မြောက်ကိုရီးယားအစိုးရနှင့်စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှန်သမျှကို ရပ်ဆိုင်းရန်နှင့် နိုင်ငံတကာ ဥပဒေအရ တာဝန်ရှိမှုများကိုလည်း လေးစားလိုက်နာပါရန်´ သူက မြန်မာအစိုးရကို တောင်းဆိုပြောကြားခဲ့သည်။
ရန်ကုန်မြို့ပြင်ပသို့ထွက်ရန်ရည်ရွယ်ထားသည့်ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်သည် မြန်မာအစိုးရအတွက် အပြောင်းအလဲများကိုအမှန်တကယ်လိုလားကြောင်းပြသရန်အခွင့်အရေးတရပ်ဟုလည်းသူက ပြောဆိုခဲ့သည်။ယခင်ကဖြစ်ပွားခဲ့သောNLDပါတီဝင်များ၏နိုင်ငံရေးလူထုအစည်းအဝေးကြီးများကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းများကို ရည်ညွှန်း၍ သူက`ယခင်ကကဲ့သို့သော အဖြစ်အပျက်များ ယခုတခါ မဖြစ်ပေါ်စေရေးအတွက်အစိုးရသစ်၏ဆောင်ရွက်နိုင်စွမ်းနှင့်လိုလိုလားလားရှိမှုသည်သူတို့၏ အပြောင်းအလဲအပေါ်တကယ်စိတ်ဆန္ဒရှိမှုကိုစမ်းသပ်မည့် အရေးကြီးသော စမ်းသပ်ချက်တရပ်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုအကာအကွယ်ပေးရေးသည်ထင်ရှားသောနိုင်ငံသားတဦးကိုပေးအပ်သည့် အထူးအခွင့်အရေးမျှသာမဟုတ်ဘဲလူသားဂုဏ်သိက္ခာအတွက်တောင်းဆိုမှုတရပ်လည်းဖြစ်ကာ နိုင်ငံသားတိုင်း ရထိုက်သော အခွင့်အရေးတရပ်လည်းဖြစ်သည်ဟု ပြောဆိုသည်။
နအဖ ၏ လူမှုရေးအသင်းဟုဆိုကာ ယခုအခါ အစိုးရရာထူးကြီးမျာကို ရယူထားသည့် ယခင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့၏အဖွဲ့ဝင်များနှင့်စစ်အစိုးရဗိုလ်ချုပ်ကြီးများသည်NLDပါတီဝင်များ၏ ယာဉ်တန်းကို ၂၀၀၃ ခုနှစ်တွင် ဒီပဲယင်း၌ တိုက်ခိုက်ခဲ့ရာတွင် စီစဉ်ကြံစည်ခဲ့ကြသည်ဟု စွပ်စွဲပြောဆိုမှုများ ရှိသည်။ ယင်းဒီမိုကရေစီစနစ် ဆန့်ကျင်သည့် လုပ်ရပ်၌ NLD ပါတီဝင် အနည်းဆုံး ၇၀ ကို ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုကြသည်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားဖြစ်မှုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက်ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးရေး ဆက်လက် လုပ်ဆောင်ရန်လည်းမစ္စတာမက်ကိန်းက ကမ္ဘာ့နိုင်ငံများကို တောင်းဆိုပြောကြားသွားသည်။ သို့သော် ထိုသို့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းစစ်ဆေးရေးကိုထောက်ခံပြောကြားခြင်းသည်`လက်စားချေရန်နှင့် အပြစ်ပေးဒဏ်ခတ်ရန်´တောင်းဆိုခြင်းမဟုတ်ကြောင်းလည်းသူကအလေးပေးပြောဆိုခဲ့သည်။ `အရာရာကို တာဝန်ခံမှုရှိစေရန်နှင့်မြန်မာပြည်သူလူထုအတွက်တရားမျှတမှုပေါ်ပေါက်ရေးအတွက်သာဖြစ်ကြောင်း´ သူက ပြောဆိုခဲ့သည်။
သူကအာရပ်ကမ္ဘာတွင်ဖြစ်ပေါ်လျက်ရှိသောနွေဦးရာသီတော်လှန်ရေးများကိုရည်ညွှန်းကာ`ယခုအခါ အပြောင်းအလဲများဖြစ်ပေါ်တော့မည့်လက္ခဏာများကိုတွေ့မြင်နေကြရပြီဖြစ်သည်။ထိုအပြောင်းအလဲများသည်အာရပ်ကမ္ဘာတွင်သာရပ်တန့်နေမည်မဟုတ်ပါ။တရွေ့ရွေ့ပြောင်းလဲသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုအစိုးရများကရှောင်ဖယ်နေမည်ဆိုလျှင်တော်လှန်ရေးနည်းဖြင့် ဖြစ်ပေါ်မည့်အပြောင်းအလဲများကိုသူတို့ရင်ဆိုင်ကြရမည်။ထိုသို့ရွေးချယ်ခွင့်ကိုရွှေ့ဆိုင်းထား၍မူ ရနိုင်ကောင်း ရနိုင်ပါသည်၊ အချိန်ဆွဲထား၍ ရကောင်းရနိုင်ပါသည်၊ သို့သော် ငြင်းပယ်၍မူ ရမည်မဟုတ်ပါ´ ဟု သတိပေးပြောကြားသွားခဲ့သည်။
မြို့တော်သစ်နေပြည်တော်ကိုအမေရိကန်ဒေါ်လာ၃၀ဘီလျံအကုန်ခံ၍တည်ဆောက်ခဲ့သောလက်ရှိအစိုးရကို ဖွံ့ဖြိုးမှုအတွက် တကယ်လိုအပ်နေသည့် အရာများကိုလည်း ပိုမိုအာရုံစိုက် လုပ်ဆောင်ပါရန်လည်း သူက တိုက်တွန်းပြောကြားသွားသည်။ `ပြည်သူလူထုအတွက် အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အရာများကိုမျက်ခြည်မပြတ်ရန်လည်းလိုပါသည်။တိုင်းပြည်တွင်းရှိအရေးတကြီးစိန်ခေါ်နေသည့် ပြဿနာများဖြစ်သော ကျန်းမာရေး၊ ဆင်းရဲမွဲတေမှု၊ ပညာရေး၊ အုပ်ချုပ်မှု စသည်တို့ကိုလည်း အစိုးရသစ်က အလားတူ ကိုင်တွယ်ဆောင်ရွက်သင့်ပါကြောင်း၊ နေပြည်တော် တည်ဆောက်စဉ်က အသုံးပြုခဲ့သော ဇွဲနှင့် အရင်းအမြစ်များ အတိုင်းပင် အသုံးပြု ဆောင်ရွက်သင့်ပါသည်´ ဟု သူက ပြောသည်။
`အစိုးရသစ်ကတကယ့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စစ်စစ်မှန်မှန် လုပ်ဆောင်လိုစိတ် ရှိသည်ဆိုပါက သူတို့သည် အမေရိကန် ပြည်ထောင်စုဘက်မှ အလားတူ လိုလိုလားလား ဆောင်ရွက်မည့်သူကို တွေ့နိုင်မှာ ဖြစ်ပါသည်´ ဟုလည်း သူက ပြောသည်။

Geen opmerkingen: