မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 10 juni 2011

သဘောထားကွဲလွဲမှုနှင့်လွတ်လပ်မှုအကြောင်းဒေါ်စုဘီဘီစီမှပြောမည်

မဇ္ဈိမသတင်းဌာန သောကြာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၁ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်သဘောထားကွဲလွဲမှုနှင့် လွတ်လပ်မှုအကြောင်းဟောပြောချက်နှစ်ရပ်ကိုဘီဘီစီအင်္ဂလိပ်ပိုင်းအစီအစဉ်မှဇွန်လ၂၈ရက်နေ့တွင်ဟောပြောမည်ဖြစ်သည်။
ဘီဘီစီ၏အဆိုအရယင်းသည်လွန်ခဲ့သောနှစ်အတွင်းဖြစ်ပွါးခဲ့သောကမ္ဘာ့ အရေးအခင်းများကိုပေါ်လွင်ထင်ဟပ်စေသည့် “လွတ်လပ်ရေးကို ရယူခြင်း”ဆိုသည့် ပိုမိုကျယ်ပျံ့သော အစီအစဉ်၏ အစိတ်အပိုင်းတရပ် ဖြစ်ကြောင်း သိရသည်။
နှစ်စဉ်ထုတ်လွှင့်သည့်ရိသ်ဟောပြောချက်များ(ReithLectures)၂ဝ၁၁ခုနှစ်အစီအစဉ်၏ အစိတ်အပိုင်းတရပ်လည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်၂ဝ၁ဝခုနှစ်နိုဝင်ဘာလတွင်ရန်ကုန်မြို့ရှိနေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်သည် ဘီဘီစီ ပရိသတ်တဦးလည်း ဖြစ်သည်။ “ကျမ နေအိမ်မှာ အကျယ်ချုပ် ကျနေတုန်းကကျမကိုစကားပြောနေတာဘီဘီစီပါပဲ၊ဒီတော့ကျမလဲနားထောင်နေတာပေါ့”ဟု သူက ဘီဘီစီကို ပြောခဲ့သည်။
သောကြာနေ့ကဘီဘီစီ၏ထုတ်ဖော်ပြောဆိုချက်အရဒေါ်အောင်ဆန်းစုကြည်၏ ပထမဟောပြောချက်သည် ဒီမိုကရေစီရေးအတွက်လှုပ်ရှားတိုက်ပွဲဝင်နေရာမှသူရရှိခဲ့သောအတွေ့အကြုံများကိုအခြေခံ ပြောကြားမည်ဖြစ်ကာသဘောထားကွဲလွဲမှုအပေါ်သူ၏အယူအဆနှင့်သဘောပေါက်မှုတို့ကို စူးစမ်းလေ့လာ တင်ပြသွားမည် ဖြစ်သည်။
ဒုတိယဟောပြောချက်တွင်မူဒီမိုကရေစီအပေါ်အယူအဆသဘောထား၊အာဏာရှင်နိုင်ငံများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်း၏တာဝန်ရှိမှုစသည်တို့ကိုမကြာသေးမီကဖြစ်ခဲ့သောအရှေ့အလယ်ပိုင်း အရေးခင်းများကို ရည်ညွှန်းကိုးကား ပြောဆိုမည် ဖြစ်သည်။
အဆိုပါဟောပြောချက်များပြောကြားရာတွင်ဒေါ်အောင်ဆန်းစုကြည်ကဗြိတိသျှသူလျှိုအဖွဲ့အစည်း အကြီးအကဲဟောင်းနှင့် စင်မြင့်ပေါ်တွင် အတူရှိနေမည် ဖြစ်သည်။
အမေရိကန်နိုင်ငံတွင်ဖြစ်ခဲ့သော၉⁄၁၁တိုက်ခိုက်မှုကြီး၁ဝနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ထိုအဖြစ်အပျက်အပေါ်သူမ၏သီးသန့်အမြင်ရှု့ထောင့်၊ကမ္ဘာလုံးဆိုင်ရာထိခိုက်သက်ရောက်မှုများ၊ ဂယက်ရိုက်ခတ်မှုများစသည်တို့ကို ဗြိတိသျှသူလျှိုအဖွဲ့အကြီးအကဲအီလိုင်ဇာမက်နင်ဂမ်ဘူးလား(Eliza Manningham-Buller) က ဟောပြောမည်ဖြစ်သည်။
လုံခြုံရေးနှင့်ထောက်လှမ်းရေးအဖွဲ့အစည်းများ၏အခန်းကဏ္ဍ၊လွတ်လပ်မှုအပေါ်ခြိမ်းခြောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာသုံးသပ်ချက်များ၊အဆိုပါခြိမ်းခြောက်မှုများကိုပြန်လည်တုံ့ပြန်နိုင်မည့် နည်းလမ်း စသည်တို့ကိုလည်း ထည့်သွင်း ဟောပြောသွားမည်။
အီလိုင်ဇာမက်နင်ဂမ်ဘူးလားသည်ဗြိတိသျှလုံခြုံရေး အဖွဲ့အစည်းဖြစ်သောMI5၏ ညွှန်ကြားရေးမှုးချုပ်အဖြစ် ၂ဝဝ၂ ခုနှစ်အောက်တိုဘာလမှ ၂ဝဝ၇ ခုနှစ်ဧပြီလ အနားယူချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ရိသ်ဟောပြောချက်များမှာသာမန်အားဖြင့်ပရိသတ်ရှေ့တွင်လူကိုယ်တိုင်ဟောပြောရခြင်းဖြစ်သော်လည်း ခြွင်းချက်အနေဖြင့်ဒေါ်အောင်ဆန်းစုကြည်၏ဟောပြောချက်ကိုမူယခုအပတ်အတွင်းမြန်မာပြည်သို့ လာရောက်၍ ကြိုတင်ရိုက် ကူးထားမည် ဖြစ်သည်။
အဆိုပါရိသ်ဟောပြောချက်များကို“အတွေးအခေါ်ကိုလှုံ့ဆော်ပေးခြင်းနှင့်အသိဉာဏ်ကို ဖြည့်ဆည်းပေးခြင်း”တို့အတွက်စီစဉ်တင်ဆက်ခဲ့ခြင်းဖြစ်ပြီး ဘီဘီစီ ၏ ပထမဆုံး ညွှန်ကြားရေးမှုးချုပ်ဖြစ်သူ လော့ဒ်ရိသ်ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုသို့ အမည်ပေးထားခြင်း ဖြစ်သည်။ ပထမဆုံး ဟောပြောမှုများကို ဤအစီအစဉ်မှ ၁၉၄၈ ခုနှစ်အတွင်း စတင်ထုတ်လွှင့်ခဲ့သည်။





Geen opmerkingen: