မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 16 juni 2011

“ဒီနေရာကိုသူတို့လိုချင်တယ်”

ဧရာဝတီ Thursday, 16 June 2011 19:00 အင်တာဗျူး
.ကချင်ပြည်နယ်တွင်မြန်မာ့တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့အကြားတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်မှာ တပတ်ကြာပြီ ဖြစ်သည်။
ဤအခြေအနေတွင်KIAဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ဂွမ်မော်ကတိုက်ပွဲများ ဖြစ်ပွားမှု၊KIA၏ ပြင်ဆင်မှု၊ စစ်ရေးမဟာမိတ်အဖွဲ့များ၊တရုတ်နိုင်ငံ၏အနေအထား၊စစ်သုံ့ပန်းစသည်တို့နှင့်ပတ်သက်ပြီးဧရာဝတီကို ပြောပြသည်။
                                                                          KIAဒုတိယစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ဂွမ်မော်
ဧရာဝတီ၏အကြီးတန်းသတင်းထောက်ဝေမိုးကယနေ့ ဆက်သွယ်မေးမြန်းထားခြင်း ဖြစ်သည်။
မေး။ ။ဒီနေ့ရောတိုက်ပွဲတွေထပ်ဖြစ်သေးလား။
ဖြေ။ ။နယ်ဘက်မှာတော့ဖြစ်တယ်။ကျနော်တို့(KIAဌာနချုပ်)နားမှာတော့မဖြစ်ဘူး။သူတို့ကတော့ ကောင်းကောင်းဖြေရှင်းပေးမယ်လို့မြို့ထဲမှာတော့ပြောနေတယ်။လေသံပစ်နေတာကတော့ညှိမယ်လို့ ပြောနေတာပဲ။ဘယ်လို ပုံစံလာမလဲတော့မသိဘူး။လုပ်မယ်ပဲလေသံပစ်နေတယ်။ဘာမှမလုပ်သေးဘူး။ တပ်တွေ အများကြီး ချနေတယ်။ နေရာတကာပေါ့။ တပ်တွေကတော့ တောက်လျှောက် တိုးနေတယ်။
မေး။ ။ ၉ ရက်နေ့မှာ တိုက်ပွဲ စဖြစ်တယ်၊ ဒီကြားထဲ တိုက်ပွဲ မဖြစ်တဲ့ရက် ရှိသလား။
ဖြေ။ ။မရှိဘူး။တောက်လျှောက်ပဲ(ဖြစ်နေတယ်)။ကျနော်တို့ကတန်ပြန်ပြီးတော့ပြောက်ကျားတွေ လုပ်နေတယ်။ ပြောက်ကျားနဲ့ တန်ပြန် ခုခံ ကာကွယ်စစ်။
မေး။ ။သူတို့ကဘာကြောင့်တာပိန်ရေအားလျှပ်စစ်စီမံကိန်းရှိတဲ့ဒေသကိုအဓိက ဦးတည်ပြီး တိုက်နေတာလဲ။
ဖြေ။ ။ခွင်တခုလုံးလုပ်ဖို့အတွက်ဒီတာပိန်ကနာမည်တပ်တာပဲ။အားလုံးကိုဖြိုခွင်းဖို့ပဲရည်ရွယ်တာပါ။ သူတို့ကဒီဟာကိုခေါင်းစဉ်လုပ်ပြီးတော့တကယ်ကိုထိုးစစ်ကြီးလုပ်ပြီးတော့ ကြိုးစားနေတာ။ ဒါ ပထမ အဆင့် မအောင်မြင်တော့ သူတို့က နည်းနည်း ဗျူဟာ ပြောင်းနေတာပဲ ရှိတယ်။
မေး ။ ။ အစိုးရဘက်က တပ်ရင်းဘယ်နှစ်ခုနဲ့ ဆိုင်ထားလဲ။
ဖြေ ။ ။ တပ်ရင်း ၆ ခုလောက် ရှိတယ်။ အခုက ၃၃ တို့၊ ၆၆ တို့၊ ၂၂ တို့ အများကြီး ပြန်တက်လာပြီ။
မေး။ ။ တိုက်ပွဲအတွင်းမှာ အစိုးရတပ်က ရဲဘော်တွေကို KIA က ဖမ်းမိထားတယ် ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ ၆ယောက်ပါ။ Lieutenant(ဗိုလ်)တယောက်ပါတယ်။အားလုံး၆ယောက်။ကျနော်တို့အခုမှ နောက်တန်း စခန်းကို ပို့ဖို့ ပြောနေတယ်။ ခလရ လား၊ခမရလား၊၃၁၄ဖြစ်မယ်။နမ့်ကျိုတပ်ကလို့ ပြောတယ်။ အခုမှရှေ့တန်းကနေသတင်းပို့နေတယ်ဆိုတော့ ၆ယောက်တော့သေချာသွားပြီ။ခဏနေရင် နောက်တန်းကို ပြန်ရောက်လာရင်တော့ အကုန် အစုံသိရမယ်။
မေး ။ ။ တရုတ်အစိုးရက ဒေသ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ဆိုတာ အမြဲ ပြောတယ်လေ။ ဒီကိစ္စက တရုတ် အစိုးရရဲ့ပြောဆိုချက်တွေဂရုမစိုက်ဘဲလုပ်တဲ့သဘောမျိုးလား။ ရှေ့လျှောက်ရော ဘာတွေ ဆက်ဖြစ်မယ်လို့ ခန့်မှန်းထားလဲ။
ဖြေ ။ ။ ဒါပါပဲ။သူတို့လုပ်ချင်တာကိုလုပ်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။ ဘာတွေ ဆက်ဖြစ်မယ် ဆိုတာ လောလောဆယ်တော့ခန့်မှန်းလို့ မရသေးဘူး။အခြားအခြေအနေတွေ ကြည့်ရပါဦးမယ်။ ကျနော်တို့ကတော့ တကယ်ကျယ်ကျယ်ပြန့်ပြန့်ကိုတိုက်မှာပဲ။နောက်ဆုံးမှာအခိုင်အမာစခန်းတွေမရှိရင်လည်း ပြောက်ကျားနည်းနဲ့တိုက်မှာပဲ။ဒါပေမယ့်တိုက်ပွဲကတော့ရှည်သွားမယ်။ပိုပြီးကျယ်ပြန့်သွားမယ်။ မြန်မာပြည်အနှံ့ မဟုတ်ပေမယ့် အထက်ပိုင်းမှာတော့ တိုက်ပွဲတွေဖြစ်သွားမှာပဲ။
မေး ။ ။ တရုတ်အာဏာပိုင်တွေဘက်က KIA ကို ဆက်သွယ် ပြောဆိုတာတွေ ရှိလား။
ဖြေ။ ။မရှိဘူး။တရုတ်ကတရားဝင်လာပြီးပြောတာမရှိပါဘူး။အခြားနည်းလမ်းနဲ့အဖြစ်မှန်တွေ သူတို့သိအောင်ပြောပြတာတွေတော့ရှိတယ်။ဒါပေမယ့်သူတို့တရုတ်သတင်းစာတွေက ရေးလာတာတွေတော့ ရှိတယ်။ သတင်းပဲ ကြားသေးတယ်။ ကျနော်တို့ မကြည့်ရသေးဘူး။ သူတို့ ပြည်တွင်း သတင်းစာတွေမှာ ရေးတယ် ပြောတယ်။
မေး ။ ။ အစိုးရနဲ့KIAတို့ကြားမှာတရုတ်အစိုးရ၀င်ပြီးစေ့စပ်ပေးဖို့ကမ်းလှမ်းထားတယ်ဆိုတာ ဟုတ်ပါသလား။
ဖြေ။ ။ဟုတ်ပါတယ်။ကျနော်တို့ကသက်သေအနေနဲ့ပေါ့နော်၊ သူတို့ကို ပါစေချင်တယ်။ သူတို့ရှေ့မှာ ပြောချင်တယ်လို့ ကျနော်တို့ အဲဒီလို အကြောင်း ကြားထားတယ်။ ၂ရက်၊ ၃ ရက်ရှိပြီ ကျနော်တို့ ပို့လိုက်တာ။ ဘာမှ အကြောင်း မပြန်သေးဘူး။ကျနော်တို့ကို ချက်ချင်း ပြန်မှာတော့ မဟုတ်ဘူး။ ပြီးရင် သူတို့လည်း လုပ်ချင်မှလည်း လုပ်မှာလေ။ အခုတော့ (KIAနဲ့ မြန်မာအစိုးရ)၂ ဦးတည်းပဲ။ လုပ်တာက ကြာပြီ။ ၁၆ နှစ်လောက် ရှိပြီ၊ ဘာမှ အရာ မရောက်ဘူး။
မေး။ ။ မြန်မာတပ်တွေ နယ်ကျွံလာတာ ရှိရင် တရုတ်ဘက်က လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုတာမျိုးတွေ ကြားမိသလား။
ဖြေ ။ ။ကျနော်ကတော့သိပ်မထင်ဘူး။ဒီအဆင့်ရောက်ဖို့ဆိုတာကမလွယ်ပါဘူး။ နယ်ခံတပ်တွေက တပ်မှူးတွေ ပြောတဲ့ စကားပဲဖြစ်မှာပါ။ ဘေကျင်း (မြို့တော်)က လာတာ မဖြစ်နိုင်ပါဘူး။ အထက်အဆင့်က လာဖို့ ဆိုတာ မလွယ်ပါဘူး။
မေး ။ ။ ကချင်ပြည်နယ်ထဲမှာ တရုတ်လူမျိုး စီးပွားရေး လုပ်ငန်းရှင်တွေ၊ အလုပ်သမားတွေရဲ့လုံခြုံရေး အခြေအနေက ဘယ်လိုလဲ။
ဖြေ ။ ။ လုံခြုံရေးကတော့ သိပ်ပြောစရာ မရှိပါဘူး။ ထိခိုက်တာတော့ ထိခိုက်မှာပဲ။ ကျနော်တို့ အနေနဲ့က တရုတ်ကုမ္ပဏီတွေ၊တရုတ်လူမျိုးတွေကိုကောင်းကောင်း မွန်မွန် ဆက်ဆံဖို့ အားလုံးကို ညွှန်ကြားထားတယ်။ ကိုယ့်ဘက်ကအမှားမရှိအောင်ပေါ့။ကျနော်တို့ဘက်ကတော့လုံခြုံရေးအတွက်အားလုံး ညွှန်ကြားထားပြီးသားပါ။
မေး ။ ။ ဟိုနေ့က KIAသုံ့ပန်းတယောက် သေဆုံးမှုနဲ့ ပတ်သက်ပြီး ကချင်လူထုက တော်တော်လေး စိတ်ဆိုး ဒေါသ ထွက်ကြတယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်လဲ။
ဖြေ ။ ။ ဆက်သွယ်ရေး စခန်းမှာ တယောက်တည်း ရှိတာကို ဖမ်းသွားတာ။ ဖမ်းပြီးတဲ့နောက်မှာ သတ်ပစ်လိုက်တယ်။ သူသေပြီးတဲ့နောက်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ သူတို့က တရုတ်ကို သွားပြောတာက အဲဒီလူကတိုက်ပွဲမှာကျတာလို့ဘေကျင်းအစိုးရကိုအဲဒီလိုပြောတယ်။ အဲဒါ ဒီလူက တိုက်ပွဲ မဖြစ်ခင် သေတယ်လေ။ ဒီလူရဲ့အလောင်းကိုကျနော်တို့ကမရမက တောင်းပြီးမှ သူတို့က ပြန်လာပို့တယ်။ အဲဒီတော့ တိုက်ပွဲမှာသေတာမဟုတ်ဘူး။တယောက်တည်းရုံးမှာနေနေတာကို သူတို့က ၀ိုင်းပြီး ဖမ်းလိုက်တာ။ အဲဒါပဲ။
မေး ။ ။ မြန်မာ့တပ်မတော်က ဒီဒေသကို ထိုးစစ်ဆင်နေတာ ဘာကြောင့်လို့ ထင်သလဲ။
ဖြေ။ ။သူတို့ဘက်ကဒီဒေသတခုလုံးကိုစိုးမိုးချင်တယ်။ပထမအဆင့်ပေါ့။ အဲဒါ စိုးမိုးလို့ရရင် အခြား အပိုင်းတွေ ပြန်လုပ်မှာပေါ့။ဒီနေရာကိုစိုးမိုးရင်တပ်မဟာ၃၊တပ်မဟာ၅ဌာနချုပ်တွေကို ဖြတ်တောက်ပြီးသား ဖြစ်သွားတယ်။ ဒီနေရာက မိုးမောက် (မြို့)ကနေပြီးတော့တရုတ်ပြည်နယ်စပ်ကို အတိုဆုံး နေရာ ဖြစ်တယ်လေ။ ကီလိုမီတာ ၃၀ လောက်ပဲ ရှိတာ။ အဲဒါကြောင့်ဒီနေရာကိုသူတို့ လိုချင်တယ်။ အဲဒါကြောင့်ပဲ။
မေး ။ ။ ကေအိုင်အေ ဘက်ကတော့ အစစ အရာရာ ပြင်ထားပြီးပြီလား။
ဖြေ ။ ။ ပြင်ထားသလောက်တော့ ပြင်ထားပြီးပါပြီ။ ကျနော်တို့ အားလုံး တောက်လျှောက် (အထက်က) အမိန့်ပေးတဲ့အတိုင်းလုပ်နေပါတယ်။ ကျနော်တို့က ဘာပဲဖြစ်ဖြစ်လေ ဖြေရှင်းတဲ့ နည်းလမ်းကို လိုချင်တယ်။ ကျနော်တို့တိုက်နေတာကခုခံကာကွယ်တဲ့ အဆင့်ပဲ။ တပ်စုတွေနဲ့လည်း ညှိနေပြီ။ သိပ်ပြီး ကျယ်ပြန့်သွားတဲ့ အဖြစ်မျိုးတော့ မဖြစ်စေချင်ဘူး။ မတတ်နိုင်ရင်တော့ လုပ်ရမှာပဲ။
မေး ။ ။ မဟာမိတ် အခြေအနေကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ကျနော်တို့ ၄၊ ၅ ဖွဲ့နဲ့ ညှိနေပါပြီ။ ထုတ်ပြောလို့တော့ မရပါဘူး။ ရထားတဲ့ အဖွဲ့တွေ ၃၊ ၄ ဖွဲ့ရှိနေပါပြီ။ အခုလည်း တက်လာနေကြပါပြီ။
မေး ။ ။ ၅ ဖွဲ့ဆိုတာ သဘောတူညီချက် စာချုပ်ချုပ်ထားတဲ့ တိုင်းရင်းသား စစ်ရေး မဟာမိတ် အဖွဲ့ ၅ ဖွဲ့ကို ဆိုလိုတာလား။
ဖြေ။ ။မဟုတ်ပါဘူး။ စာချုပ်ထဲမှာ မပါတဲ့ အဖွဲ့တွေလည်း ပါပါတယ်။ ၅ ဖွဲ့ဆီကတော့ ကတိတွေ ရထားပါပြီ။ ဘယ်နေ့မှာစတင်မလဲ ဆိုတဲ့ အပိုင်းလောက်ပဲ ကျန်တော့တယ်။ အချို့လည်း တက်လာပါပြီ။ အချို့ကတော့ သူတို့ရဲ့ ဆက်ဆံရေး အရာရှိတွေ ရုံး လာထိုင်နေပြီ။ ၂ ရက်လောက် ရှိနေပြီ။ ။

Geen opmerkingen: