မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 22 juni 2011

ကချင်အမျိုးသမီးများမတရားကျင့်ခံရ

သန်းထိုက်ဦး Wednesday, 22 June 2011 18:55
တိုက်ပွဲဖြစ်ပွားနေသောကချင်ပြည်နယ်တွင်အစိုးရစစ်တပ်ကအမျိုးသမီးများကိုမတရားပြုကျင့်နေကြောင်းထိုင်းနိုင်ငံ အခြေစိုက် အဖွဲ့အစည်းတခုက အင်္ဂါနေ့တွင် စွပ်စွဲလိုက်သည်။
KWATအဖွဲ့ကထုတ်ပြန်သောမြေပုံတွင်မတရားကျင့်မှုဖြစ်ပွားခဲ့သည့်မြို့ရွာများကိုဖော်ပြထားသည် အုပ်စုလိုက်မတရားကျင့်ခံရသူအမျိုးသမီးအနည်းဆုံး၁၈ဦးရှိပြီးထိုအထဲမှ၎ဦးသေဆုံးသွားကြောင်း ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ(KWAT)အဖွဲ့ကထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။
“၂၅ယောက်လောက်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရတယ်လို့ပြောပေမယ့်၁၈ယောက်ကိုပဲ အတည်ပြုနိုင်တယ်၊ဒီအချက်အလက်တွေကိုဒေသခံပေါ်တာနဲ့အထဲမှာအလုပ်လုပ်နေတဲ့လူတွေဆီက ရတယ်” ဟု KWATအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရှယ်လီဆိုင်းက ဧရာဝတီကို ရှင်းပြသည်။
ထိုအမှုများမှာယခုလ၁၀ရက်နေ့မှ၁၈ရက်နေ့အတွင်းဖြစ်ပွားခဲ့ကြောင်း၊ မတရားကျင့်ခံရသူတို့မှာ မိုးမောက်၊ မိုးညှင်း၊ မန်စီ၊ ဒေါဖုံးယမ် မြို့နယ်တို့မှ ဒေသခံများ ဖြစ်ကြောင်း ကြေညာချက်က ဆိုသည်။
ခြေမြန်တပ်ရင်းအမှတ်၄၃၇၊ခြေလျင်တပ်ရင်းအမှတ်၂၃၇၊၁၄၁ ၊၁၄၂၊၁၃၉ တို့မှစစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊မိုးမောက်မြို့နယ်အတွင်းရှိဖြစ်ရပ်တခုတွင်အမျိုးသမီး ၆ ဦး မတရားကျင့်ခံရပြီး၊ ကလေးငယ် ၇ ဦး အသတ်ခံရကြောင်း ဖော်ပြထားသည်။
ဧရာဝတီက ထိုဖြစ်ရပ်များနှင့် ပတ်သက်၍ အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
အစိုးရကKWATအဖွဲ့၏ စွပ်စွဲချက်နှင့်ပတ်သက်၍ တုန့်ပြန်ခြင်း မပြုသေးကြောင်း တွေ့ရသည်။
ကချင်ပြည်နယ်တွင်ယခုလ၉ရက်နေ့မှစတင်ပြီး အစိုးရစစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်များ တိုက်ပွဲ ဖြစ်ပွားနေသည်။
ထိုအမှုများသည်အစိုးရထိန်းချုပ်သည့်ဒေသများတွင်အဖြစ်များသည့်အတွက်စုံစမ်းစစ်ဆေးရန် အခက်အခဲရှိကြောင်းKIA၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့်ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က ပြောသည်။
“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့အမျိုးသမီးအရေအတွက်ကထုတ်ပြန်ထားတာထက်ပိုများဖို့ပဲရှိပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့တချို့ရွာတွေကဘယ်သူတွေကျန်ရစ်ခဲ့သလဲဆိုတာမသိကြဘူး သက်သေအထောက် အထားတွေရအောင် ကြိုးစားနေပါတယ်”ဟုKIOတွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောသည်။
ဒေသခံများ လုံခြုံရာသို့ တိမ်းရှောင်ရန် တိုက်တွန်းထားသည့် ကချင်လူငယ် အဖွဲ့တဖွဲ့၏ ထုတ်ပြန်ချက်ကို ဇွန်လ ၁၆ ရက်နေ့က ကျေးရွာများတွင် ဖြန့်ဝေခဲ့ကြောင်း လိုင်ဇာမြို့ဒေသခံ တဦးက ပြောသည်။
စစ်ဖြစ်ပွားရာ ဒေသများတွင် အစိုးရ စစ်တပ်က မတရားပြုကျင့်မှုကို လက်နက်သဖွယ် အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ဆိုသည်။
“ကရင်ပြည်နယ်ဘက်မှာကြည့်မလား၊ရှမ်းပြည်နယ်ဘက်မှာကြည့်မလား၊ဒီလိုနေရာတိုင်းမှာအမြဲတမ်း ဒီမုဒိန်းကျင့်တာကိုတော့စစ်လက်နက်သဖွယ်အသုံပြုနေကြတာပဲ အဲဒီလိုမျိုး စစ်ပွဲတွေ ဖြစ်တဲ့နေရာတိုင်းမှာ ဒီမုဒိန်းကျင့်မှုဆိုတာအမြဲတွေ့ကြုံနေရတယ်”ဟုWLBအထွေထွေအတွင်းရေးမှူးမတင်တင်ညိုက ပြောသည်။
ထိုင်းနိုင်ငံ အခြေစိုက် တခြားသော အမျိုးသမီးအဖွဲ့များကလည်း ထိုနည်းတူ သုံးသပ်ကြသည်။
၂၀၀၇ခုနှစ်ကထုတ်ပြန်ခဲ့သောကရင်အမျိုးသမီး အစည်းအရုံး KWO၏ အစီရင်ခံစာတစောင်တွင် အစိုးရ စစ်တပ်များက ကရင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်း နှိပ်စက်မှု၊ သတ်ဖြတ်မှု၊ လုပ်အားပေး ခိုင်းစေမှုပေါင်း ၄၀၀၀ ကျော်ကို မှတ်တမ်းတင်ထားသည်။
ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း(SWAN)၏ “မုဒိန်းကျင့်ခွင့် လိုင်စင်” အမည်ရှိ အစီရင်ခံစာ တစောင် ၂၀၀၂ ခုနှစ်တွင်ပေါ်ပေါက်လာရာစစ်အစိုးရတပ်များ ရှမ်းပြည်နယ် အတွင်း ကျူးလွန်ခဲ့သည်ဟု ဆိုသည့်မတော်မတရားမှုများကို ဖွင့်ချထားသည်။ ၁၉၉၆မှ၂၀၀၁ခုနှစ်အထိ ငါးနှစ်ကြာ ကာလအတွင်းအမျိုးသမီး၆၂၅ဦးသည်မုဒိမ်းမှု၊လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့်ကြုံတွေ့ခဲ့ရသည်ဟု အစီရင်ခံစာက ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး မြန်မာအာဏာပိုင်တို့ ကျူးလွန်ခဲ့သည့် စစ်ရာဇ၀တ်မှုများကို စုံစမ်း စစ်ဆေးရန် လူ့အခွင့်အရေး အဖွဲ့များက လှုံ့ဆော်နေကြသည်။ ထိုကော်မရှင် ပေါ်ပေါက်ရေး အတွက် ထောက်ခံပေးရန်လည်း ဥရောပ သမဂ္ဂကို မကြာသေးခင်က တောင်းဆိုခဲ့ကြသည်။

Geen opmerkingen: