မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 25 juni 2011

စည်းကမ်းမဲ့စွန့်ပစ်ပစ္စည်းများဒဏ်ရခိုင်ဒေသခံများမခံနိုင်

ခင်ဦးသာ Saturday, 25 June 2011 13:10
.ရခိုင်ပြည်နယ်ကျောက်ဖြူမြို့၌တည်ဆောက်နေသောကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ် လုပ်ငန်းခွင်များမှထွက်သောစွန့်ပစ်ပစ္စည်းများအားလူနေကျေးရွာအနီး၌စည်းကမ်းမဲ့စွန့်ပစ်နေခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားသော်လည်း အရေးယူမှုမရှိဟု ဒေသခံများက ပြောသည်။
                                                   တည်ဆောက်ဆဲကျောက်ဖြူရေနက်ဆိပ်ကမ်း(ဓာတ်ပုံ-ဧရာဝတီ)
ကျောက်ဖြူမြို့ကံ့ကော်တောဘုရားအနီးတည်ဆောက်နေသောသဘာဝဓာတ်ငွေ့သန့်စင်စက်ရုံစီမံကိန်း လုပ်ငန်းခွင်များ၌ကိုရီးယား၊တရုတ်၊အိန္ဒိယ၊မလေးရှား၊ဖိလစ်ပိုင်စသည့်နိုင်ငံသားတရာကျော်နှင့် မြန်မာနိုင်ငံတွင်းမှကုမ္ပဏီတချို့၏၀န်ထမ်းများနေထိုင်လုပ်ကိုင်ကြောင်း သိရသည်။
“အဲဒီလူတရာကျော်ရဲ့စားကြွင်းစားကျန်တွေ၊အဲဒီလူတွေသုံးတဲ့အိမ်သာကမိလ္လာတွေ၊အသုံးအဆောင်စွန့်ပစ်ပစ္စည်းတွေကို ကံ့ကော်တောဘုရားနဲ့နီးစပ်နေတဲ့အုန်းတောနဲ့ဂုံးချိန်ရွာနားကချောင်းထဲကို နေ့တိုင်းလာစွန့်ပစ်နေတယ်”ဟု အုန်းတောရွာသားတဦးက ဧရာဝတီကို ပြောသည်။
အဆိုပါစွန့်ပစ်ပစ္စည်းများမှထွက်သောအနံ့ဆိုးများကြောင့်ရွာသားများသည်နေထိုင်မရအောင်ပင်ကြုံနေကြရကြောင်း၊ အထူးသဖြင့်မိုးရွာသောနေ့များတွင်ပိုမိုဆိုးရွားကြောင်း၊ထို့ကြောင့်အုန်းတောရွာသားတရာဝန်းကျင်နှင့်ဒေသခံများ၊ဒေသခံသံဃာတော်များကစုပေါင်းလက်မှတ်ထိုး၍မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်အုပ်ချုပ်ရေးမှူးများထံ ဇွန်လ၁၄ရက်နေ့တွင်တိုင်ကြားသော်လည်း၎င်းတို့၌ပြောဆိုဟန့်တားပိုင်ခွင့်မရှိဟု ပြန်လည်ပြောဆိုကြောင်း ဒေသခံများက ပြောပြသည်။
“ဒေသဆိုင်ရာတွေကတာဝန်ယူမှုမရှိလို့ဇွန်လ၁၈ရက်နေ့မှာပြည်နယ်ဝန်ကြီးချုပ်ဦးလှမောင်တင်ကို ထပ်မံတိုင်ပါတယ်။ဝန်ကြီးချုပ်ကလည်းဘာမှအရေးယူပြောဆိုတာမရှိဘူး”ဟုအုန်းတောရွာခံကဆိုသည်။
ဒေသဆိုင်ရာအာဏာပိုင်များနှင့်ပြည်နယ်အစိုးရကအရေးယူမှုမရှိ၍ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့်နေပြည်တော်ရှိဗဟိုအစိုးရထံထပ်မံတိုင်ကြားသွားမည်ဟုဒေသခံများကပြောသည်။
“တိုင်စာတွေတော့ရထားပြီးပါပြီ၊ပြည်နယ်အစိုးရနဲ့ဆွေးနွေးဖို့ဆောင်ရွက်နေပါတယ်၊ပြည်နယ်အစိုးရအနေနဲ့တော့ အရေးယူမှုလုပ်နိုင်မယ်မထင်ဘူး၊နေပြည်တော်ကလွှတ်တော်အစည်းအဝေးတွေမှာလည်းပဲဒီကိစ္စကိုပြောထားပါတယ်”ဟုရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(RNDP)၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ကျောက်ဖြူမြို့ခံ ဦးဘရှင်က ပြော သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်နွယ်နေသောလုပ်ငန်းခွင်များတွင်လုပ်ကိုင်နေကြသည့် ကုမ္ပဏီများ၊ပြည်တွင်း၊ပြည်ပနိုင်ငံသားများ၊အာဏာပိုင်များအနေဖြင့်သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ ဒေသခံပြည်သူလူထုအား ထိခိုက်နစ်နာ စေ မည့် ကိစ္စများ မဖြစ်ပေါ်စေရေးကို အလေးထားလုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးဘရှင်က ဆိုသည်။
ကျောက်ဖြူမြို့အနီးရှိမဒေးကျွန်းပေါ်မှတရုတ်နိုင်ငံသို့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမည့် မဒေးကျွန်းအနီးရှိပင်လယ်ပြင်၌တည်ရှိသောကျောက်ဆောင်၊ကျောက်တန်းအများအပြားကိုလည်း ဒိုင်းနမိုက်ကိရိယာများအသုံးပြုကာဖြိုခွဲဖျက်ဆီးခဲ့မှုများကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်ခဲ့သည့်အပြင် ရေနေသတ္တ၀ါအများအပြားကို သေဆုံးစေခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်သောသဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု မရှိသေးကြောင်း၊တာဝန်ရှိသူများ၏ စီမံကိန်းနှင့်ပတ်သက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစာရွက်စာတမ်းများ၌ရေးသားထားချက်များသည် ကောင်းမွန်သော်လည်း လက်တွေ့လိုက်နာမှု အားနည်းသေးကြောင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ပညာရှင် ဦးအုန်းက ပြောသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ဆက်စပ်နေသောလုပ်ငန်းခွင်များ၌တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခုဖြစ်သောတရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း(ChinaNationalPetroleum Corporation-CNPC)ကုမ္ပဏီကဦးဆောင်ကာ၂၀၁၀ပြည့်နှစ်အောက်တိုဘာလမှစ၍အကောင်ထည်ဖော် တည်ဆောက်လျက်ရှိပြီး၂၀၁၃ခုနှစ်တွင်အပြီးတည်ဆောက်မည်ဟုအစိုးရသတင်းစာများ၌ ရေးသားခဲ့သည်။
                                                   ကျောက်ဖြူရေနက်ဆိပ်ကမ်းလုပ်ငန်းခွင်တခု(ဓာတ်ပုံ-ဧရာဝတီ)
ထိုစီမံကိန်းများပြီးစီးပါကကျောက်ဖြူမြို့မှတရုတ်နိုင်သို့တနှစ်လျှင်သဘာဝဓာတ်ငွေ့တန်ချိန်ကုဗမီတာ၁၂ ဘီလီယံနှင့် ရေနံစိမ်း စည် ၄၀၀၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
CNPCကုမ္ပဏီအပြင်PSCကုမ္ပဏီ၊MNG၊HyundiaMyintandAssociate၊ဒေ၀ူး၊ မြန်မာ့ ရွှေသရဖူ၊ အေးရှားဝေါလ်စသည့်ပြည်တွင်း၊ပြည်ပကုမ္ပဏီများကလုပ်ဆောင်နေကြကြောင်းရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှု အဖွဲ့တာဝန်ခံ ကိုဝင်းအောင် က ပြောသည်။
စီမံကိန်းလုပ်ငန်းခွင်များ၌လည်းလူ့အခွင့်အရေးချိုးဖောက်မှု၊လုပ်အားခဖြတ်တောက် ခေါင်းပုံဖြတ်မှုများရှိနေပြီး ထိုကိစ္စများကို မကျေနပ်၍ သက်ဆိုင်ရာကို တိုင်ကြားခဲ့သည့်အလုပ်သမား ၁၀၀ ၀န်းကျင်ကို အလုပ်မှထုတ်ပယ်ခဲ့ကြောင်း ကိုဝင်းအောင် က ဆိုသည်။
ယင်းစီမံကိန်းလုပ်ငန်းခွင်များ၌လုပ်ကိုင်နေသောဒေသခံအလုပ်သမားတချို့၏အဆိုအရ၎င်းတို့သည် မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိအလုပ်လုပ်ကြရပြီးတနေ့လုပ်အားခမှာကျပ်၁၅၀၀ မှ ၂၅၀၀ သာ ရရှိကြောင်း၊ အလုပ်သမား တဦး အတွက် တရားဝင်လုပ်အားခကို ကျပ် ၅၀၀၀ ဟု သတ်မှတ်ထားသော်လည်း ဒေသ အာဏာပိုင်များနှင့်ကြီးကြပ်သူ မြန်မာနိုင်ငံ သားများက ခေါင်းပုံဖြတ်သည်ဟု သိရသည်။

Geen opmerkingen: