မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 juni 2011

အကြမ်းဖက်အာဏာရယူခြင်းဒေါ်အောင်ဆန်းစုကြည်လက်မခံ

လင်းသန့် Tuesday, 28 June 2011 17:20
.အကြမ်းဖက်သည့်နည်းသုံး၍နိုင်ငံ့အာဏာကိုရယူခြင်းနှင့်အကြမ်းဖက်ပြီးအစိုးရအပြောင်းအလဲလုပ်ခြင်း အစဉ်အလာများကို ပြောင်းလဲရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားလိုက်သည်။
ယမန်နှစ်နိုဝင်ဘာလအတွင်းကနေအိမ်အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက်ဒေါ်အောင်ဆန်းစုကြည် နှင့်လူငယ်များတွေ့ဆုံပွဲတခု(ဓာတ်ပုံ-burmacampaign.org.uk)
ရန်ကုန်မြို့ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးချုပ်တွင်ယနေ့ကျင်းပသည့်တိုင်းနှင့်ပြည်နယ် လူငယ်များနှင့် တွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျမအနေနဲ့တော့ဒီအကြမ်းဖက်မှုကိုကျမလက်မခံဘူးဆိုတာနိုင်ငံရေးသဘောတရားအရလက်မခံတာ။ကျမတို့ နိုင်ငံမှာနိုင်ငံရေးယဉ်ကျေးမှုပြောင်းဖို့လိုလို့။အကြမ်းဖက်တဲ့နည်းနဲ့အစိုးရအပြောင်းအလဲလုပ်တာ၊ အကြမ်းဖက်တဲ့နည်းနဲ့နိုင်ငံရဲ့အာဏာကိုလွှဲယူတာ။ဒီဟာတွေကအစဉ်အလာဖြစ်နေပြီ။ဒီနိုင်ငံမှာ။ဒီအစဉ် အလာကိုပြောင်းလဲရမယ်ဆိုတဲ့ခံယူချက်နဲ့ကျမအကြမ်းမဖက်တဲ့နည်း၊လမ်းကြောင်းကိုသွားတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ လူငယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ယမန်နေ့ကလန်ဒန်ရောက်လူငယ်တဦး၏“လူငယ်တွေဟာလက်နက်ကိုင်ပြီးဒီမိုကရေစီအတွက် တိုက်ချင်နေသည်”ဆိုသည့်စကားကိုလက်မခံကြောင်းဒေါ်အောင်ဆန်းစုကြည်ကတုံ့ပြန်ပြောကြားပုံကို ယနေ့ လူငယ်များနှင့်တွေ့ဆုံပွဲတွင် ထပ်လောင်း ပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ ကချင်ပြည်နယ်၊ချင်းပြည်နယ်၊မကွေးတိုင်း၊စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းစသည်တိုမှ လူငယ်၁၀၀ကျော်တက်ရောက်တွေ့ဆုံဆွေးနွေးကြပြီးဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်လှုပ်ရှားမှုလမ်းကြောင်းနှင့်လူငယ်ဆိုင်ရာအဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒု ဥက္ကဌ ဦးတင်ဦးကလည်းအဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်းNLDပါတီပြောခွင့်ရပုဂ္ဂိုလ်ဦးအုန်းကြိုင်ကဧရာဝတီကို ပြောပြသည်။
ဒေါ်အောင်ဆန်းစုကြည်က“အကြမ်းဖက်တာအမြဲမှားသလားမေးတယ်။ဒီလိုလဲအမြဲမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့မှန်ကန်တဲ့ဘက်ကခုခံတိုက်ခိုက်တာမှာလဲလက်နက်ကိုင်ပြီးခုခံတိုက်ခိုက်ရင် အကြမ်းဖက်တာကအကြမ်းဖက်တာပဲ။ဘာအတွက်ပဲလုပ်လုပ်ပေါ့။အဲတော့တချို့ကတော့ပြောတယ်။ အကြမ်းဖက်တဲ့နည်းနဲ့မှရမယ်။အဲတော့ကျမကအမြဲပြောတယ်။ဒါကိုရေရှည်ကိုစဉ်းစားစေချင်တယ်။ အကြမ်းဖက်တဲ့နည်းနဲ့မြန်မြန်ရပြီးတော့နောက်ဆက်တွဲဒဏ်ရာတွေကိုဘယ်လောက်ကြာကြာ ပျောက်အောင်ကုသရဦးမှာလဲတကယ်အကြမ်းဖက်တဲ့နည်းနဲ့ခဏလေးလုပ်လိုက်လို့နောင် ဒုက္ခတွေရှင်းသွားတယ်ဆို တမျိုးပေါ့နော်”ဟုလည်း ဆက်လက် ပြောကြားသည်။
လူငယ်နှင့်လူကြီးအကြားကွာဟမှုဆိုင်ရာကိုလည်းဆွေးနွေးပြီးနေရာယူခြင်းနှင့်တာဝန်ယူခြင်းဆိုင်ရာများ၊ မိမိတို့၏အားနည်းချက်၊အားသာချက်များစသည်တို့ကိုမှန်ကန်စွာသိပြီးမှတိုင်းပြည်အကျိုးအတွက် အကျိုးရှိရှိ အသုံးချနိုင်မည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုခဲ့သည်။
“ဒီမနက်က တိုင်းနှင့် ပြည်နယ်တွေထဲက ကချင်၊ ချင်းပြည်နယ်တွေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က NLD လူငယ်ရော၊NLDမဟုတ်တဲ့လူငယ်တွေရောအားလုံးတွေ့ဆုံဆွေးနွေးကြတယ်။မနက်ဖြန်တော့အောက် မြန်မာပြည်ကရန်ကုန်တိုင်း၊ပဲခူးတိုင်းစတဲ့တိုင်းနှင့်ပြည်နယ်တွေကလူငယ်တွေဆက်ပြီး တွေ့ဆုံဆွေးနွေးကြမယ်”ဟု ၄င်းက ဆက် လက်ရှင်းပြသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည်ယမန်နှစ်ကနေအိမ်အကျယ်ချုပ်မှ ပြန်လည်လွှတ်မြောက်လာပြီးနောက်နိုင်ငံရေးတက်ကြွသည့်လူငယ်များ၊NLDလူငယ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက် လုပ်ဆောင် လျက် ရှိသည်။

Geen opmerkingen: