မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 22 juni 2011

ဒေါ်လာဈေးကျ၍သွင်းကုန်ပစ္စည်းများဈေးမြှင့်ရောင်း

နရီလင်းလက် Wednesday, 22 June 2011 19:04
.မြန်မာပြည်တွင်း၌အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့်ပို့ကုန်လုပ်ငန်းများအရှုံးပေါ်နေခြင်းကို အစားထိုးသည့် အနေဖြင့် သွင်းကုန် ပစ္စည်းများပေါ်တွင် ဈေးနှုန်းမြှင့်၍ ရောင်းချနေသည်ဟု သိရသည်။
ယင်းသို့ဈေးနှုန်းမြှင့်ရောင်းချခြင်းကြောင့်ဈေးကွက်အတွင်းရှိအခြေခံစားသောက်ကုန်ပစ္စည်းများ၊ အိမ်အလှဆင်နှင့်အိမ်ဆောက်ပစ္စည်းများ၊စိုက်ပျိုးရေးသုံးပစ္စည်း၊စက်ယန္တရားကြီးများစသည့်သွင်းကုန် ပစ္စည်းဈေးနှုန်း၂ ဆခန့် မြင့်တက် လကြောင်း ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များက ပြောပြသည်။
အိမ်ဆောက်ပစ္စည်းဖြစ်သောဘိလပ်မြေတအိတ်လျှင်အမျိုးအစားအလိုက်ဥပမာယခင်ကကျပ်၇၀၀၀တန် ဘိလပ်မြေသည်ကျပ်၉၀၀၀သို့ မြင့်တက်သွားခဲ့သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များသည်ငွေကြေးအရှုံးပြဿနာကိုဖြေရှင်းနိုင်ရန်တင်သွင်းလာသည့် သွင်းကုန်ပစ္စည်းများကိုဈေးနှုန်းမြှင့်ရောင်းချခြင်းအပြင်ယခင်ကခေတ္တရပ်နားထားသည့် သွင်းကုန်လုပ်ငန်းကို ပြန်လည်လုပ်ကိုင်လာခြင်းများ ရှိလာ သည်ဟုလည်း သိရသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူများသည်တင်ပို့သည့်ကုန်ပစ္စည်းမှပြန်လည်ရရှိလာသော ငွေကြေးတန်ဖိုးနှင့်ညီမျှသော သွင်းကုန် ပစ္စည်းကို တင်သွင်းခွင့် ရရှိသည်။
“ဒေါ်လာဈေးကျတော့ပို့ကုန်လုပ်ငန်းရှင်တွေအကုန်ထိတယ်။သွင်းကုန်ကတော့ပုံမှန်မလုပ်ရင်တောင် ကိုယ့် စားသုံးသူကကုန်ပစ္စည်းလိုချင်တယ်ဆိုမှာပေးတာမျိုးရှိတယ်။အခုမှာတဲ့လူမရှိလည်း ဈေးကွက်ထဲမှာ ဘယ်ပစ္စည်းကစားသုံးသူလိုအပ်နိုင်မလဲကိုဆုံးဖြတ်ပြီးပို့ကုန်ကရလာတဲ့ငွေသားကိုကုန်ပစ္စည်းဝယ်သွင်းလိုက်တာပေါ့”ဟုပဲအမျိုးမျိုးရောင်းဝယ်တင်ပို့သည့်လုပ်ငန်းလုပ်ကိုင်သူတဦးကဧရာဝတီကို ပြောသည်။
၎င်းကဆက်၍“ငွေသားဆို တော်တော်ရှုံးတယ်လေ။ ကုန်ပစ္စည်းကျတော့ကိုယ်ကဒီမှာအချိန်လေးကြည့်ပြီး ဈေးပြန်တင်ရောင်းလို့ရတယ်။ပို့ကုန်လုပ်ငန်းရှင်တွေအရှုံးပေါ်နေလို့ဆိုပြီးအစိုးရကပြည်တွင်းဒေါ်လာဈေး တန်ဖိုးကိုမြှင့်ပေးတာမရှိဘူး။အရှုံးကိုတောင့်မခံနိုင်ရင်ကုမ္ပဏီပြုတ်မှာဆိုတော့ကိုယ့်ပြဿနာ ကိုယ်ရှင်းရတာပဲ”ဟု ပြောဆိုသည်။
ပြည်တွင်းဈေးကွက်၌အမေရိကန်ဒေါ်လာတန်ဖိုးသည်ယမန်နှစ်နှစ်ဆန်းပိုင်းတွင်တဒေါ်လာလျှင်ကျပ် ၁၀၀၀ရှိခဲ့ရာမှပြီးခဲ့သည့်ရက်သတ္တတပတ်နှစ်ပတ်ခန့်အတွင်းမှစတင်ပြီးထပ်မံကျဆင်းလာရာယနေ့ ပေါက်ဈေးတဒေါ်လာလျှင်၇၈၅ကျပ်သာရှိသည်။
“လောလောဆယ်သွင်းကုန်ပဲတော်တော်လေးလုပ်ဖြစ်နေတယ်။တရုတ်နဲ့ဗီယက်နမ်ကနေဓာတ်မြေသြဇာ သွင်းတာပါ။ လက်ရှိ အနေအထားမှာကုမ္ပဏီကသွင်းကုန်နဲ့လည်ပတ်နေရတဲ့ သဘောမျိုးဖြစ်နေတာပေါ့”ဟု 7GoldenEnterprise Ltd မှ တာဝန်ခံ တဦးက ပြောသည်။
ပဲတီစိမ်း၊ပဲလွန်းဖြူ၊ပဲထောပတ်နှင့်နှမ်းတို့ကိုတရုတ်နှင့်ထိုင်ဝမ်နိုင်ငံသို့တင်ပို့နေပြီးလွန်ခဲ့သည့် လအနည်းငယ်မှစတင်၍ဒေါ်လာတန်ဖိုးကျဆင်းလာခြင်း၊ပဲဈေးနှုန်းများကျဆင်းလာနေခြင်းတို့ကြောင့် လက်ရှိ ပို့ကုန်လုပ်ငန်းကို ရပ်ဆိုင်းထားသည် ဟုလည်း ၎င်းက ဆိုသည်။
7GoldenEnterpriseLtdတာဝန်ခံကဆက်၍“ပို့မယ်လို့ပြောထားပြီးသားကုမ္ပဏီတွေကျတော့ ရှုံးခံပို့ရတာပေါ့။ပို့ကုန်မှာရှုံးထားတဲ့ငွေကို ပြန်ကာမိနိုင်ဖို့ သွင်းကုန်မှာ ဈေးမတင်လို့မရဘူးဖြစ်သွားတာပေါ့။ ဓာတ်မြေသြဇာတအိတ်ကိုဥပမာ-လွန်ခဲ့တဲ့လကကျပ်၁၅၀၀၀ဆိုအခုကျပ်၁၇၀၀၀လောက်နဲ့ ရောင်းရတယ်”ဟု ပြောသည်။
ဒေါ်လာတန်ဖိုး ကျဆင်းသောကြောင့် ပို့ကုန်တွင် ငွေကြေးနစ်နာမှုများစွာကြုံတွေ့နေရသော်လည်း လက်ရှိ တင်သွင်းနေသည့်ကုန်ပစ္စည်းများကြောင့်လုပ်ငန်းဆက်လက်လည်ပတ်နေသည်ဟုMyanmarSteel& Cement Co.,Ltd မှ တာဝန်ရှိသူ တဦး က ပြောသည်။
အဆိုပါကုမ္ပဏီသည်ပို့ကုန်အနေဖြင့်မတ်ပဲ၊ပဲစင်းငုံ၊ပဲတီစိမ်း၊ပြောင်းတို့ကိုအိန္ဒိယ၊အီတလီ၊ပါကစ္စတန် နိုင်ငံများသို့တင်ပို့နေပြီးသွင်းကုန်အနေဖြင့်အမေရိကန်၊ဂျပန်၊ကိုရီးယားနိုင်ငံတို့မှဘိလပ်မြေ၊PVC ပိုက်အမျိုးမျိုး ၊ မြေတူးစက် ၊ မြေ သယ်စက်များကို စင်္ကာပူနိုင်ငံမှ တဆင့် တင်သွင်းနေသည်။
“ဒေါ်လာဈေးကျတဲ့အပေါ်မူတည်ပြီးပို့ကုန်မှာအများကြီးနစ်နာပေမယ့်သွင်းကုန်မှာကိုယ်က အများကြီးဈေးတင်လိုက်ရင်ကုမ္ပဏီကြီးအနေနဲ့နာမည်မပျက်အောင်၊တောင့်ခံနိုင်အောင် အရှုံးခံရောင်းပေးရတာမျိုးဖြစ်နေတာပေါ့”ဟု အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူတဦးက ပြောပြသည်။
အိမ်ဆောက်ပစ္စည်းများတင်သွင်းရောင်းချပေးနေသည့်Al-AmeenInternationalCo.,Ltdမှ ဦးမောင်မောင်သန်း က “လက်ရှိ သွင်းကုန်တခုပဲလုပ်နေတော့သိပ်အဆုံးအရှုံးမရှိဘူးပြောရမယ်။ ဒါပေမယ့် ဈေးကွက်မှာ ဒေါ်လာဈေးကျပြီး
မြန်မာငွေတန်ဖိုးမာနေတယ်ဆိုပေမယ့်ဝယ်လိုအားမရှိတဲ့ပြဿနာတက်နေတယ်။ ကိုယ့်ကုန်ပစ္စည်းကလည်း အစား အသောက်တို့ ၊ ဆေးဝါးတို့လို မရှိမဖြစ်မဟုတ်တာလည်း ပါတာပေါ့”ဟု ပြောသည်။
လွန်ခဲ့သည့် ၃ လခန့်မှ စတင်၍ ဈေးကွက်အတွင်း ၀ယ်လိုအား မရှိဘဲ ၊ ရောင်းလိုအားသာများနေကြောင်း ၊ အသုံးမပြုမဖြစ် ကုန်ပစ္စည်းများသာ အနည်းငယ်ရောင်းချရသည့် အခြေအနေတွင်ရှိကြောင်း သူက ဆက်ပြောသည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ်မှအငြိမ်းစားပါမောက္ခတဦးက“ဒေါ်လာဈေးကိုတည်ငြိမ်အောင် မလုပ်ပေးနိုင်သေးသရွေ့ကတော့အကျိုးဆက်တွေက အများကြီးဖြစ်နေဦးမှာပဲ။လုပ်ငန်းရှင်တဦးတည်း ထိခိုက်တာမဟုတ်ဘူး။ မြန်မာငွေတန်ဖိုးဘယ်လောက်တက်တက် စားသုံးသူမှာလည်း ကုန်ဈေးနှုန်းမကျတဲ့ ပြဿနာ ၊ လက်ထဲမှာ ငွေမရှိတဲ့ ပြဿနာက တက် နေ ဦးမှာပဲ”ဟု ပြောဆိုသည်။
လက်ရှိအနေအထားအရမြန်မာနိုင်ငံတွင်ပို့ကုန်သွင်းကုန်လုပ်ငန်းများလုပ်ကိုင်နေကြသည့် မြန်မာလုပ်ငန်းရှင်ပေါင်း၄၀၀၀ခန့်ရှိကြောင်း၊၂၀၀၇ အတွက်မြန်မာ့ကုန်သွယ်ရေးလုပ်ငန်းမှဒေါ်လာသန်း ၈၀၀၀ ကျော်ရရှိခဲ့ပြီး ဒေါ်လာသန်း ၃၀၀၀ နီးပါး ပြန်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ စာရင်းများအရ သိရှိရသည်။

Geen opmerkingen: