မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 19 juni 2011

မွေးနေ့သဝဏ်လွှာအိန္ဒိယသို့ဒေါ်အောင်ဆန်းစုကြည်ပို့

မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ ဇွန်လ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၀၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာပြည်`အကြောက်တရားမှလွတ်မြောက်ရေး´အတွက်လှုပ်ရှားဆောင်ရွက်ကြရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောာင်ဆန်းစုကြည်ကအိန္ဒိယပြည်သူများအထူးသဖြင့် အမျိုးသမီးများသို့ သူ၏ မွေးနေ့ အထိမ်းအမှတ်အဖြစ် အမှာ စကားပါးလိုက်သည်။
                                                                         ဒေါ်အောင်ဆန်းစုကြည်(ဓါတ်ပုံ-မဇ္ဈိမ)
အိန္ဒိယနိုင်ငံသည်သူမ၏နှလုံးသားတွင်အမြဲရှိနေပြီးအိန္ဒိယအမျိုးသမီးများနှင့်မိတ်ဆွေဖြစ်ခဲ့ရမှုကိုလည်း အထူးတလည်သတိတရရှိရပါကြောင်းဇွန်လ၁၉ရက်နေ့တွင်ကျရောက်သည့်သူမ၏၆၆နှစ်မြောက်မွေးနေ့ ပွဲသို့ပေးပို့သည့်ဗွီဒီယိုသဝဏ်လွှာတွင်ဒေါ်အောင်ဆန်းစုကြည်ကပြောကြားထားသည်။အဆိုပါဗွီဒီယိုကို နယူးဒေလီမြို့တွင်တနင်္ဂနွေနေ့နံနက်မြန်မာ့ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများနှင့်မနူရှီ(MANUSHI) အမျိုးသမီး မဂ္ဂဇင်း တို့ ပူးတွဲကျင်းပမည့် မွေးနေ့ပွဲ အခမ်းအနားတွင် ပြသသွားမည် ဖြစ်သည်။
`ကျမကိုသတိတရရှိကြတဲ့အတွက်ကျမအလွန်ဘဲဝမ်းသာပါတယ်´ဟုသူမ၏မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပကြမည့်မွေးနေ့အခမ်းအနားများဆွေးနွေးပွဲများကိုရည်ညွှန်းကာသူမကပြောကြားထားသည်။ သို့သော် သူမကိုသာမက`မြန်မာပြည်သူများအားလုံးကိုလည်းသတိရကြလိမ့်မည်´ဟုသူမမျှော်လင့်ကြောင်း ပြောကြားထားပြီးဒီမိုကရေစီအရေးနှင့်လူ့အခွင့်အရေးအတွက်တောင်းဆိုတိုက်ပွဲဝင်နေကြသူ အားလုံးကိုလည်းထိုအရေးအတွက်အတူတကွဝိုင်းဝန်းလုပ်ဆောင်ကြရန်သူမကတိုက်တွန်း ပြောကြားထားသည်။
ဤပြောကြားချက်သည်အိန္ဒိယအဆင့်မြင့်ခေါင်းဆောင်တဦးရန်ကုန်မြို့သို့လာရောက်ပြီးအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုများမပြုလုပ်မီတရက်အလိုတွင်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။အဆိုပါအိန္ဒိယအဆင့်မြင့် ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံဖွယ် ရှိသည်။
ကြာရှည်စွာနေအိမ်အကျယ်ချုပ်ဖြင့်ထိန်းသိမ်းခံထားရရာမှာလွန်ခဲ့သောနိုဝင်ဘာလကမှ လွတ်မြောက်လာသည့်ဒေါ်အောင်ဆန်းစုကြည်ကမြန်မာပြည်ရှိနိုင်ငံရေးအကျဉ်းသားများကိုလည်း အမှတ်ရကြပါရန်အိန္ဒိယပြည်သူများကိုပန်ကြားပြောဆိုလိုက်သည်။အဆိုပါ နိုင်ငံရေးအကျဉ်းသားများသည် ဦးရေအားဖြင့်၂ဝဝဝကျော်ရှိပြီးအကျဉ်းထောင်တွင်းအလွန်ဆိုးဝါးသောအခြေအနေတွင် နေထိုင်နေကြရသောကြောင့် သူတို့ လွတ်မြောက်ရန် လိုသည်ဟု ပြောကြားထားသည်။
၂ဝ၁ဝခုနှစ်ရွေးကောက်ပွဲများဖြင့်တက်လာသောသမတသစ်ဦးသိန်းစိန်ခေါင်းဆောင်သည့်ရွေးကောက်ခံ အစိုးရသစ်အဘို့နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စသည်ဒီမိုကရေစီအတွက်မှတ်ကျောက်တင် စမ်းသပ်ခံရမည့်ကိစ္စဖြစ်သည်ဟုလည်းသူကပြောသည်။ဦးသိန်းစိန်သည်စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သည်။ဝေဖန်သူများကမူအဆိုပါရွေးကောက်ပွဲများနှင့်အစိုးရသစ်ဆိုသည်မှာမြန်မာနိုင်ငံကို ဆယ်စုနှစ်ပေါင်း များစွာ ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်ကြီးများအတွက် ဟန်ပြမျက်နှာ ဖုံးမျှသာဖြစ်သည်ဟု ဝေဖန်ပြောဆိုကြသည်။
ရှည်လျားသောနယ်စပ်ရှိသည့်မြန်မာအိန္ဒိယနှစ်နိုင်ငံသည်ရှည်လျားသော ရင်းနှီးချစ် ကြည်မှုသမိုင်းကြောင်း ရှိကြောင်းလည်းဒီမိုကရေစီခေါင်းဆောင်ကပြောသည်။အထူးသဖြင့်အမျိုးသမီးများသည် အပြောင်းအလဲအတွက်ရှေ့ဆောင်သူများနှင့်အပြောင်းအလဲကိုဖန်တီးသူများဖြစ်ကြရန်လည်းသူမက တိုက်တွန်းတောင်းဆိုထားသည်။
မွေးနေ့အချိန်အခါကျရောက်တိုင်းမြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက်မည်မျှတိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့ပြီဆိုသည်ကိုလေ့လာသုံးသပ်ရန်အခွင့်အလမ်းတခုကိုရရှိသည်ဟုလည်းသူကပြောသည်။ အောင်မြင်မှုအများအပြားရရှိခဲ့ပြီဖြစ်သော်လည်းနောက်ထပ်လုပ်စရာတွေလိုနေဆဲပင်ဖြစ်သည်ဟု ဆိုသည်။
`ရှင်တို့ကူညီကြလိမ့်မယ်လို့ကျမမျှော်လင့်ပါတယ်´ဟုသူမကဗွီဒီယိုသဝဏ်လွှာတွင် ပြောဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊လူ့အခွင့်အရေးချိုးဖောက်မှုများအဆုံးသတ်ရေး၊ မြန်မာပြည်သူများ`ကြောက်ရွံ့ခြင်းမှလွတ်မြောက်ရေး´အတွက်ဝိုင်းဝန်းကူညီကြပါရန်လည်းသူမက ပန်ကြားပြောဆိုထားသည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးအက်စ်အမ်ကရစ်ရှနား(S.M.Krishna)သည်မြန်မာနိုင်ငံသို့ ၂ ရက်ကြာခရီးစဉ်အဖြစ်တနင်္လာနေ့တွင်ရောက်ရှိလာမည်ဖြစ်သည်ဟုဆိုသည်။သူသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဖွယ်ရှိသည်ဟုလည်းပြောသည်။သူ့အနေဖြင့်ဒေါ်အောင်ဆန်းစု ကြည်နှင့်တွေ့ဆုံလိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အဆိုပါ သတင်းရပ်ကွက်များက ပြောသည်။ ထိုသို့ တွေ့ဆုံခွင့်ရရန်အတွက်လည်းမေတ္တာရပ်ခံလွှာတစောင်ကိုသံတမန်လမ်းကြောင်းများမှတဆင့် နေပြည်တော်သို့ ပို့ဆောင်ထားပြီး ဖြစ်သည်ဟုလည်း အဆိုပါ သတင်းများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ကရစ်ရှနားတို့တွေ့ဆုံဖြစ်ပါကအဆိုပါတွေ့ဆုံမှုသည်ဆယ်စုနှစ်၂ ခုကျော်အတွင်း မြန်မာ့အတိုက်အခံခေါင်းဆောင်နှင့်အိန္ဒိယအဆင့်မြင့်ခေါင်းဆောင်တို့အကြားပထမဆုံးတွေ့ဆုံမှုဖြစ်မည် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်အိန္ဒိယနိုင်ငံနှင့်အလွန်နက်ရှိုင်းသောဆက်နွယ်မှုရှိသည်။သူမသည် အိန္ဒိယနိုင်ငံတွင်၆ဝစုနှစ်များကစာသင်ကြားခဲ့ပြီးဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်မြောက်ရေးအတွက် အိန္ဒိယနိုင်ငံလွတ်မြောက်ရေးတိုက်ပွဲဝင်ခဲ့ကြပုံကိုအားကျအတုယူခဲ့ကာမဟတ္တမဂန္ဓီကြီး၏အကြမ်းမဖက် တိုက်ပွဲဝင်ရေးဝါဒကိုသက်ဝင်ယုံကြည်သူလည်းဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည်၂ဝဝ၉ ခုနှစ် မဟတ္တမဂန္ဓီဆုနှင့်၁၉၉၃ ခုနှစ်ဂျဝါဟာလာနေရူးနိုင်ငံတကာနားလည်မှုဆုတို့ကိုရရှိထားသူဖြစ်သည်။ အိန္ဒိယနိုင်ငံကိုကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနိုင်ငံကြီးဟူသောဂုဏ်ပုဒ်နှင့်အညီနေသည်ကို တွေ့မြင်လိုကြောင်းလည်း သူမက ပြောကြားထားသည်ဟု ဆိုသည်။

Geen opmerkingen: