မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 juni 2011

မြန်မာ့ဆီးဂိမ်းတရုတ်ကူမည်

နရီလင်းလက် Tuesday, 21 June 2011 17:52
.မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမည့်၂၇ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း)အောင်မြင်စွာကျင်းပနိုင်ရေးနှင့်မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်ရေးအတွက်တရုတ်နိုင်ငံက ပံ့ပိုးကူညီရန်ရှိသည်ဟု သိရသည်။
နေပြည်တော်ဇေယျာသီရိမြို့နယ်တွင်၂၀၁၃ဆီးဂိမ်းအတွက်နိုင်ငံတကာအဆင့်မီဘောလုံးကွင်း တည်ဆောက်နေသည်ကိုပြီးခဲ့သည့်ဇန်န၀ါရီလအတွင်းကတွေ့မြင်ရစဉ်(ဓာတ်ပုံ-popularmyanmar.com)
“နဂိုကတည်းကတရုတ်ကနေဆီးဂိမ်းအတွက်ကူညီပေးမယ်ဆိုပြီးကမ်းလှမ်းထားတာရှိပါတယ်။ပြီးခဲ့တဲ့အပတ်တုန်းက နေပြည်တော်မှာသက်ဆိုင်ရာဝန်ကြီးဌာနကတာဝန်ရှိသူနဲ့အသေးစိတ်ဆွေးနွေးပြီးတဲ့နောက်မှာ မြန်မာဘက်ကနေလက်ခံလိုက်တာပါ”ဟုနေပြည်တော်အားကစားဝန်ကြီးဌာနမှအရာရှိတဦးက ပြောပြသည်။
လက်ခံသဘောတူလိုက်သည့်အခြေအနေသာရှိသေးသောကြောင့် တရုတ်နိုင်ငံမှ မည်သည့်အဖွဲ့လာရောက် လုပ်ဆောင် ပေး မည်ကိုမူ အသေးစိတ် မသိရသေးကြောင်း ၎င်းက ဆိုသည်။
ဇွန်လ၁၈ရက်နေ့ကနေပြည်တော်တွင်ဟိုတယ်နှင့်ခရီသွားလာရေးဝန်ကြီးဌာနနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင့်ဆန်းနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီကျွင်းဟွာတို့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံ၌ကျင်းပမည့်ဆီးဂိမ်းအောင်မြင်စွာကျင်းပရေးနှင့်မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ဆွေးနွေးကြကြောင်းဇွန်လ၁၉ ရက်နေ့ထုတ်ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့တွေ့ဆုံပြီးနောက်နေပြည်တော်တွင်၂၀၁၃ခုနှစ်၌ ကျင်းပမည့် ဆီးဂိမ်းအတွက် နည်းပညာဆိုင်ရာ အကူအညီနှင့် လေ့ကျင့်ရေးအားကစားသမားများ၊နည်းပြများကို ပံ့ပိုးကူညီပေးမည်ဟု ကမ်းလှမ်းလာမှုအား မြန်မာဘက်မှ လက်ခံသဘော တူညီလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
“နည်းပြတွေလာသင်ကြားပေးမယ်ဆိုတဲ့နေရာမှာတခုရှိတာကဆီးဂိမ်းပြိုင်ပွဲဆိုတော့ အားကစားမျိုးစုံ ဆိုပါဝင်တာလေ။ဥပမာ-ဘောလုံးအားကစားမှာဆိုရင်ကျနော်တို့ဆီမှာနဂိုကတည်းကအတန်းအလိုက်မှာ ဂျာမနီ၊ ဘရာဇီးစသဖြင့်နိုင်ငံခြားနည်းပြတွေရှိတယ်”ဟုနေပြည်တော် အားကစားဝန်ကြီးဌာနမှ အရာရှိက ဆိုသည်။
ထို့ကြောင့်နိုင်ငံခြားနည်းပြမရှိသည့်အားကစားအမျိုးအစားကိုအဓိကထား၍နည်းပြများ ဖြည့်တင်းသွားဖွယ်ရှိကြောင်း၊ယင်းအတွက်အသေးစိတ်ဆွေးနွေးကာလိုအပ်သည်များကို ပြန်လည်စီစဉ်ရဦးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်တွင်၂၀၁၃ခုနှစ်ကျင်းပမည့်ဆီးဂိမ်းပြိုင်ပွဲကို၂၀၀၈ခုနှစ်တရုတ်နိုင်ငံတွင်ကျင်းပခဲ့သော ဘေဂျင်းအိုလံပစ်အားကစားပြိုင်ပွဲ၏ဖွင့်ပွဲ၊ပိတ်ပွဲအခမ်းအနားအစီအစဉ်အတိုင်းလုပ်ဆောင်နိုင်ရန် တရုတ်နိုင်ငံမှ ကူညီပေးမည်ဟု သိရ သည်။
ယင်းကဲ့သို့ ဆီးဂိမ်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ဟိုတယ် တည်ဆောက်မှုများကို အရှိန် အဟုန် မြှင့်သည့်အနေဖြင့် တခြားသော တည်ဆောက်ရေးလုပ်ငန်းများအား ခေတ္တရပ်နားထားသည်ဟု နေပြည်တော် ဆောက် လုပ်ရေး ကုမ္ပဏီများက ပြောဆိုသည်။
တည်းခိုမည့်ဧည့်သည်များလုံလောက်မှုရှိစေရန်အတွက်ဟိုတယ်များကို တိုးချဲ့တည်ဆောက်နေသည့်အပြင် ယခင်ကနိုင်ငံခြားသားရင်းနှီးမြှပ်နှံမှုခွင့်မပြုခဲ့သောနေပြည်တော်ဟိုတယ်ဇုန်များတွင် တရုတ်နိုင်ငံခြားသားလုပ်ငန်းရှင်များရင်းနှီးမြှပ်နှံရန်ခွင့်ပြုလိုက်သည်ဟုနေပြည်တော်ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။
“နေပြည်တော်ကဆောက်လုပ်ရေးလုပ်ငန်းတွေ၊ဟိုတယ်ဇုန်တွေမှာအကုန်လုံးတိုင်းရင်းသား လုပ်ငန်းရှင်တွေချည်းပဲ။တာဝန်ရှိသူတွေဆွေးနွေးပြီးနောက်မှဟိုတယ်ခရီးဝန်ကြီးကရင်းနှီးမြှပ်နှံခွင့်ပြုဖို့ လက်ခံလိုက်တယ်”ဟု သူက ဆိုသည်။
နေပြည်တော် ဆောက်လုပ်ရေး ကုမ္ပဏီတခုမှ အင်ဂျင်နီယာ တဦးက“ဟိုတယ်ဇုန် ၄ ဇုန် မှာ မဆောက်ဘဲ ကျန်တဲ့ မြေနေရာ တွေရှိတယ်။ အဲဒီနေရာတွေမှာ ရင်းနှီးမြှပ်နှံပြီး ဆောက်မယ်ဆိုရင်ဆောက်လို့ရတယ်။ တရုတ်ကလည်း ဆီးဂိမ်းအတွက် စီးပွားရေးလုပ်လို့ရမယ်။ ကျောက်မျက်ပွဲကလည်း နေပြည်တော်မှာ လုပ်နေတော့ ဒီအတွက်လည်း ဈေးကွက်ရှိတယ်ဆိုတာ သိတယ် လေ”ဟု ပြောပြသည်။
ယခုလဆန်းကအာဏာပိုင်များနှင့်နီးစပ်သည့်တိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များအား အရှေ့တောင်အာရှအားကစားပြိုင်ပွဲအောင်မြင်မှုရရှိရေးအတွက်မြန်မာ့အားကစား အောင်နိုင်ငံရေး အလှူငွေ ပေးအပ်ပွဲကျင်းပပြီး ကောက်ခံခဲ့ရာ စုစုပေါင်း အလှူငွေကျပ်သိန်း၉၆၃၀ ရရှိခဲ့သည်ဟု ဇွန်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။
အလှူငွေထည့်ဝင်ခဲ့ကြသည့်ကုမ္ပဏီများတွင်ဇေကမ္ဘာကုမ္ပဏီလီမိတက်၊မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ် ဥက္ကဌ နှင့်AsiaWorldကုမ္ပဏီ၊အော်ရယ်ဂျင်နယ်ဂရု ၊အေ၀မ်းဆောက်လုပ်ရေး ကုမ္ပဏီ ၊ယုဇနဦးဌေးမြင့် ၊ ACEဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၊ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီလီမိတက်၊မက်စ်မြန်မာကုမ္ပဏီ ၊ ရွှေသံလွင်ကုမ္ပဏီ ၊ဂရိတ်ဝေါလ် မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီ စသည့် တို့ပါဝင်သည်။

Geen opmerkingen: