မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 juni 2011

နိုင်ငံတကာဒုက္ခသည်များနေ့ကျင်းပ

ဧရာဝတီ Monday, 20 June 2011 18:58
.ယနေ့ကျရောက်သည့်နိုင်ငံတကာဒုက္ခသည်များနေ့အခမ်းအနားကိုထိုင်း-မြန်မာနယ်စပ်ရှိမယ်လ ဒုက္ခသည်စခန်းတွင်ကျင်းပရာတက်ရောက်လာသည့်မြန်မာဒုက္ခသည်၂၅၀၀ခန့်ကထိုင်းအစိုးရအနေဖြင့် ဒုက္ခသည်များကိုနိုင်ငံတကာဒုက္ခသည်များဆိုင်ရာစံနှုန်းများနှင့်အညီထားရှိပေးရန် တောင်းဆိုခဲ့ကြသည်။
      မယ်လဒုက္ခသည်စခန်းအတွင်းနိုင်ငံတကာဒုက္ခသည်များနေ့အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-ဧရာဝတီ)
“ကျနော်တို့မြန်မာနိုင်ငံမှာအမှန်တကယ်ဖိနှိပ်ခံခဲ့ရလို့ဒီဒုက္ခသည်စခန်းကိုရောက်လာတာပါ။ထိုင်းအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ညှိနှိုင်းပြီးဒုက္ခသည်တွေကိုအတင်းအဓမ္မပြန်ပို့ခဲ့မယ်ဆိုရင်ကျနော်တို့ကိုသေတွင်းပို့တာနဲ့ အတူတူပဲ။ထိုင်းအစိုးရအနေနဲ့မြန်မာဒုက္ခသည်တွေကိုသက်ညှာစဉ်းစားပေးဖို့ပြောချင်ပါတယ်”ဟု အခမ်းအနား တက်ရောက်လာသည့် နာဂတိုင်းရင်းသား တဦးဖြစ်သူ ကိုဖိလစ်ကဆိုသည်။
မယ်လဒုက္ခသည်စခန်းရှိကချင်တိုင်းရင်းသားများကလည်းကချင်ပြည်နယ်အတွင်းလတ်တလောဖြစ်ပွား နေသည့်တိုက်ပွဲများကြောင့်ဒေသခံလူထုဒုက္ခရောက်နေကြသည့်ကိစ္စနှင့်ပတ်သက်၍၎င်းတို့၏ ဆန္ဒများကို ပြောဆိုသည်။
ကချင် ဒုက္ခသည်တဦးက “ကချင်အပါအ၀င် တိုင်းရင်းသားတွေကို မတရားထိုးစစ်ဆင် တာတွေ ရပ်တန့်ဖို့ တောင်းဆိုပါတယ်။ ကချင်ပြည်နယ်တွင်းမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီစခန်းကနေ တဆင့် နိုင်ငံ တကာက သိရှိအောင် ကျနော်တို့ နှိုးဆော်တာ ဖြစ်တယ်။ နိုင်ငံတကာကလည်း ကချင်မှာ ဖြစ်နေတဲ့ အနေအထားတွေကို ၀ိုင်းဝန်းပြီးတော့ ကန့်ကွက်နိုင်ဖို့အတွက် ကျနော်တို့က ဆန္ဒ ထုတ်ဖော်တာပါ” ဟု ပြောသည်။
မယ်လစခန်းတွင် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ထွက်ပြေး ရောက်ရှိလာသည့် ကချင်တိုင်းရင်းသား ၃၀၀ နီးပါးရှိကြောင်း ၎င်းက ဆိုသည်။
ယနေ့ ကျင်းပသည့် အခမ်းအနားကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အပါ အ၀င် မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေကြသည့် NGO အဖွဲ့ ၁၃ ဖွဲ့တို့ ပူးပေါင်း ကျင်းပခြင်း ဖြစ်သည်။
မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မည်ဆိုသည့် မကြာသေးခင်က ထိုင်းအစိုးရ၏ ပြောကြားချက်ကြောင့် ဒုက္ခသည်များအားလုံး စိုးရိမ်ကြောက်လန့် နေကြသည်ဟု လားဟူ ဒုက္ခသည် တဦးက ပြောသည်။
လီဆူးဒုက္ခသည်တဦးကလည်း“ကျမတို့ရဲ့အနာဂတ်ဟာလက်ရှိအခြေအနေအရထိုင်းအစိုးရရဲ့လက်ထဲမှာပဲ ရှိပါတယ်။ဒါကြောင့်ထိုင်းအစိုးရအနေနဲ့ကျမတို့မြန်မာဒုက္ခသည်အားလုံးကိုလူသားချင်း စာနာစေချင်ပါတယ်”ဟုဆိုသည်။
မဲဆောက်အခြေစိုက်UNHCRရုံး၏လက်ထောက်တာဝန်ခံMr.KULTHONGLIMကဒုက္ခသည်များအား မြန်မာပြည်ပြန်ပို့မည့်အစီအစဉ်သည်ထိုင်းအစိုးရ၏မူဝါဒ ဖြစ်သော်လည်းချက်ချင်းအကောင်အထည် ဖော်ရန် မဖြစ်နိုင်သေးကြောင်း၊ အချိန် ယူရဦးမည် ဖြစ်ကြောင်း ပြောသည်။
သူက “သုံး၊ လေးနှစ်အတွင်းမှာ ဖြစ်နိုင်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး” ဟု ဆိုသည်။
ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မြောက်ဘက်ကီလိုမီတာ ၆၀ အကွာတွင် တည်ရှိသည့် မယ်လ ဒုက္ခသည် စခန်းတွင် ကရင်၊ကချင်၊ချင်း၊ကယန်း၊မွန်၊ပအိုဝ်း၊နာဂ၊ရှမ်း၊လီဆူး၊လားဟူ၊ဗမာ၊ရခိုင်အပါအ၀င် မြန်မာတိုင်းရင်းသား ၅၀၀၀၀ ခန့် နေထိုင်လျှက်ရှိသည်။
ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး မြန်မာဒုက္ခသည် ၁၄၀၀၀၀ ခန့် ရှိသည်ဟု ဒုက္ခသည်များကိစ္စ ဆောင်ရွက်ပေးနေသည့် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက် ကူညီ စောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း (TBBC) ၏ မှတ်တမ်းများအရ သိရသည်။

Geen opmerkingen: