မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 8 juni 2011

ကရင်ပြည်နယ်ထိုးစစ်အတွက်မြန်မာစစ်တပ်စတင်တပ်စွဲ

ဧရာဝတီ Wednesday, 08 June 2011 19:05
ကရင်ပြည်နယ်ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်တွင်စစ်ရေးလှုပ်ရှားနေသည့်ကရင်ပူးပေါင်းတပ်ဖွဲ့များကို အပြီးပြတ်သုတ်သင်မည့်မိုးတွင်းကာလအထူးစစ်ဆင်ရေးတရပ်ပြုလုပ်ရန်တပ်မ၂၂လက်အောက်ခံ ဗျူဟာတခု ၎င်းဒေသအတွင်း ၀င်ရောက်တပ်စွဲထားသည်ဟု သိရသည်။


                                 မြ၀တီ-ကော့ကရိတ်တရက်ခြားပြေးဆွဲနေသည့်ယာဉ်တန်း(ဓာတ်ပုံ-ဧရာဝတီ)
မြ၀တီခရိုင်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက“အရှေ့တောင်တိုင်းကတပ်မ၂၂လက်အောက်ခံတပ်ရင်း၃ရင်း ကော့ကရိတ်တောင်ဘက်ခြမ်းမှာရှိတဲ့ဒေသနဲ့ကြာအင်းဆိပ်ကြီးနယ်စပ်ဘက်ကိုဒီရက်ပိုင်းမှာပဲ တက်သွားတယ်။တိုင်းမှူးဗိုလ်မှူးချုပ်ထွန်းနေလင်းရဲ့အမိန့်နဲ့မကြာခင်မှာဒီစစ်ဆင်ရေးကို စတော့မှာဖြစ်တယ်။ဘားအံကိုရောက်နေတဲ့နေပြည်တော်ကကာကွယ်ရေးဌာနစစ်ဆင်ရေးအထူးအဖွဲ့ (ကစထ)မှူးဗိုလ်ချုပ်သက်နိုင်ဝင်းကဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီးအောက်ခြေတပ်မှူးတွေနဲ့ဆွေးနွေးခဲ့တယ်” ဟု ပြောသည်။
စစ်ဆင်ရေးရည်ရွယ်ချက်မှာယခုနှစ်ဆန်းမှစတင်ကာတိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့များကလူသတ်ဓားပြတိုက်၊ဆက်ကြေးတောင်းမှုများအပါအ၀င်နယ်စပ်မြို့များကိုဝင်ရောက်စီးနင်းပစ်ခတ်မှုများမကြာခဏပြုလုပ်သည့်အခြေအနေများကိုထိန်းချုပ်ပြီးနယ်မြေစိုးမိုးမှု ရရှိရေးအတွက် ပြုလုပ်ခြင်းဖြစ်သည်ဟုလည်း ၎င်းခရိုင်အုပ်ချုပ်ရေး အဖွဲ့ဝင်က ပြောသည်။
KNLAတပ်မဟာ၆မှဗိုလ်ကြီးထဲနေက“ကျနော်တို့ဆီကိုမြန်မာစစ်တပ်တပ်ရင်း၃ရင်း တက်လာတယ်လို့တော့ ပြောနေကြပေမယ့်ကျနော်တို့နယ်မှာဘာစစ်ရေးလှုပ်ရှားမှုမှမတွေ့ရသေးဘူး။ မြန်မာဘက်ကပြောသလို လူထုဆန့်ကျင်ရေးကိစ္စတွေကိုလုပ်ဖို့ကျနော်တို့မှာမူဝါဒမရှိဘူး၊လုပ်လည်းမလုပ်ဘူး။ အခွန်အကောက်ကိစ္စကိုလည်း ကျနော်တို့နယ်မှာ စနစ်တကျသတ်မှတ်စံနှုန်းနဲ့အညီ ကောက်တာပဲရှိတယ်။ ပြီးခဲ့တဲ့သုံးလေးရက်ကဘုရားသုံးဆူမြို့ကိုဝင်ပစ်တဲ့ကိစ္စမျိုးလည်းကျနော်တို့မလုပ်ဘူး။ အခုတက်လာတဲ့အစိုးရကို မကြိုက်တဲ့အဖွဲ့တွေကများတော့ ဒီကိစ္စပြောရတာ ခက်တယ်” ဟု ပြောသည်။
ယခုလ ၁ ရက်နေ့က မြ၀တီ-ကော့ကရိတ် ကားလမ်းပေါ်တွင် ခရီးသည်တင်ကားများနှင့် ကုန်သည်များထံမှ ငွေကြေးကောက်ခံခဲ့သည့်ကိစ္စနှင့်ပတ်သက်၍DKBAတပ်မဟာ၅ မှဗိုလ်မှူး စန်းအောင်က “ပြည်သူအားလုံးနဲ့ ပူးပေါင်းပြီးလုပ်တဲ့တော်လှန်ရေးဖြစ်တဲ့အတွက်ပြည်သူတွေဆီကကျနော်တို့အကူအညီ တောင်းတာဖြစ်တဲ့အကြောင်းရှင်းပြပြီးမှကုန်သည်နဲ့လုပ်ငန်းရှင်တွေဆီကနေသူတို့တတ်နိုင်တဲ့ အတိုင်းအတာအရ ကျနော်တို့ ရန်ပုံငွေကောက်ခံတာဖြစ်တယ်” ဟု ပြောသည်။
မြန်မာကုန်သည်တဦးက“DKBAကကားတန်းကိုအခွန်ကောက်တဲ့နေ့ကကျနော်တို့ကားလည်း ၁ သိန်းပေးရတယ်။ကုန်သည်တွေအများစုကပေးနိုင်ကြပါတယ်။အဓိကသွားလာရေးအဆင်ပြေဖို့ပဲ အရေးကြီးတယ်။သူတို့လိုပဲအစိုးရဂိတ်တွေကိုတလမ်းလုံးပေးနေရတာပဲ။ဒါပေမယ့်တချို့ကုန်ကားတွေက ကုန်ပဲပါတယ်၊ကုန်သည်မပါတော့ပိုက်ဆံအပိုမပါဘူး။အဲဒီကားတွေဆိုရင်DKBAကစပယ်ယာကိုဖမ်းသွားပြီး ငွေနဲ့လာရွေးခိုင်းတယ်။ ဒါမျိုးကျတော့ မလုပ်သင့်ဘူးလို့ ပြောချင်တယ်” ဟု ဆိုသည်။
ကရင်ပူးပေါင်းအဖွဲ့များ စစ်ရေးလှုပ်ရှားနေသည့် ကရင်ပြည်နယ် မြ၀တီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များအတွင်း မြန်မာစစ်တပ်များနှင့် ကရင်ပူးပေါင်းတပ်ဖွဲ့များသည် နေ့စဉ်နီးပါး တိုက်ပွဲငယ်များ ဖြစ်ပွားလျက်ရှိကြောင်း၊ တပ်တည်နေရာ အသေမထားဘဲ ခံစစ်ရှင်ပြောက်ကြားစနစ်ကို သုံးသည့်အတွက် မြန်မာအစိုးရတပ်များသာ အထိနာစေမည်ဖြစ်ကြောင်း DKBA တပ်မဟာ ၅ အဖွဲ့က ပြောသည်။
၅၅မိုင်ရှည်သည့် မြ၀တီ-ကော့ကရိတ် ဒေါနတောင်ကျော် ကားလမ်းသည် အတက်အဆင်းနှင့် အကွေ့ပေါင်း ၂၀၀ ခန့်ရှိပြီး လမ်းကျဉ်းမြောင်းသောကြောင့် မော်တော်ယာဉ်များ အရှိန်နှင့်မောင်းနှင်၍ မရသည့်အတွက် လမ်းခရီးမှာ ၂ နာရီခွဲခန့် ကြာမြင့်တတ်ကြောင်း သိရသည်။
၎င်းလမ်းခရီးတွင်နယ်မြေအေးချမ်းမှုမရှိသော်လည်းကုန်သည်များနှင့် ခရီးသွားများသည် လမ်းခရီးအတွင်းရှိ ပြဿနာများကိုကိုယ့်နည်းကိုယ့်ဟန်ဖြင့်ဖြေရှင်းကြကာမြ၀တီ-ကော့ကရိတ်တောင်ကျော်ကားလမ်းကို နေ့စဉ် အသုံးပြုနေကြရသည်ဟု ကုန်သည်များက ပြောသည်။

Geen opmerkingen: