ဘီ.ကေ ဆန် (B.K.Sen)
သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၀ မိနစ် .
မြန်မာနိုင်ငံတွင်၁၉၉ဝခုနှစ်နောက်ပိုင်းအနှစ်၂ဝကျော်အတွင်းစစ်အစိုးရမှပထမဆုံးအကြိမ်ကျင်းပပေးမည့် ၂ဝ၁ဝပါတီစုံရွေးကောက်ပွဲသည်မသေချာမရောရာမှုများပြည့်နှက်နေသဖြင့်မြန်မာနိုင်ငံသည် ရှုပ်ထွေးနက်နဲသော အကျပ်အတည်းတွင် ကျရောက်နေသည်။
အခြေအနေအရပ်ရပ်အားမျှမျှတတဝေဖန်သုံးသပ်ရပါလျှင်စစ်အစိုးရခေါင်းဆောင်များကိုသာ အပြစ်တင်ရပေလိမ့်မည်။စစ်ခေါင်းဆောင်များသည်ညှာတာမှုကင်း၍ရက်စက်သောနည်းလမ်းများဖြင့် နိုင်ငံရေးအာဏာအားရယူထားခဲ့သဖြင့်ပြည်သူလူထုထံနိုင်ငံရေးအာဏာကိုပြန်လည်အပ်နှင်းရန်မှာ ၎င်းတို့၏တာဝန်ပင်ဖြစ်သည်။စစ်ခေါင်းဆောင်များသည်၁၉၉ဝခုနှစ်ကရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ပေးရန် ငြင်းဆန်ခဲ့သည်။
မည်သို့ပင်ဖြစ်စေလူထုလှုပ်ရှားမှု၏ဖိအားနှင့်နိုင်ငံတကာအသိုင်းအဝိုင်းမှဖိအားပေးမှုများကြောင့် စစ်အစိုးရသည်မြန်မာနိုင်ငံအားစစ်အုပ်ချုပ်ရေးစနစ်မှအရပ်သားအုပ်ချုပ်ရေးစနစ်သို့ ငြိမ်းချမ်းစွာ ပြောင်းလဲနိုင်ရေးအတွက်ဟုဆိုကာစေ့စပ်ဆွေးနွေးမှုများကိုမျက်နှာပန်းပြရုံသက်သက် လုပ်ဆောင်လာခဲ့သည်။သို့သော်အကွက်ချဇာတ်တိုက်ထားသောဆောင်ရွက်မှုများနှင့်ဗန်းပြရုံသက်သက် လုပ်ဆောင်ချက်များကြောင့်၎င်းတို့၏ဇာတိရုပ်အမှန်ပေါ်ထွက်လာခဲ့ရသည်။
စစ်အစိုးရသည်အတိုက်အခံများဘက်မှနှစ်ပေါင်းများစွာတောင်းဆိုခဲ့သည့်အချက်အလက်များအား ယခုအချိန်ထိ ငြင်းဆန်နေခဲ့သည်။စစ်အစိုးရသည်ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း အတိုက်အခံများနှင့် စေ့စပ်ဆွေးနွေးညှိနှိုင်းမှုများမပြုလုပ်ခဲ့ပေ။ထို့ပြင်စစ်အစိုးရသည်မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ရာပေါင်းများစွာသောအတိုက်အခံများအားအကျဉ်းချထားဆဲ ဖြစ်သည်။
ဝေဖန်ထောက်ပြမှုများကိုမထီမဲ့မြင်ပြု၍စစ်အစိုးရသည်ဝိုင်းဝန်းပြစ်တင်ရှုတ်ချခြင်းခံနေရသော၂ဝဝ၈ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားဆက်လက်စွဲကိုင်ကာရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုရှေ့ဆက်ရန် ပြင်ဆင်နေပေသည်။ထို့ပြင်၎င်းတို့သည်နိုင်ငံရေးအကျဉ်းသားများအားရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည့်ရွေးကောက်ပွဲဥပဒေများပြဋ္ဌာန်းလိုက်ခြင်းအားဖြင့်ရေနစ်သူအားဝါးကူထိုးသကဲ့သို့ ပြုမူခဲ့သည်။
စစ်အစိုးရ၏တမင်အကွက်ချရည်ရွယ်ထားသောလုပ်ရပ်သည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန်ပါတီတွင်းမဲခွဲဆုံးဖြတ်ခဲ့ရသည့်အခြေအနေအထိ ဦးတည်သွားစေခဲ့ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အားကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းစွပ်သကဲ့သို့ ဖြစ်သွားစေရန်တွန်းပို့လိုက်သကဲ့သို့ ရှိသည်။
ယခုလက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၏တရားနည်းလမ်းမကျမှုတို့ကိုနားလည်ရန်အတွက် မြန်မာနိုင်ငံ၏အခြေခံဥပဒေများနှင့်ရွေးကောက်ပွဲများ၏သမိုင်းကြောင်းကိုခြေရာခံလေ့လာရန်လိုသည်။ ယခင်ကမြန်မာနိုင်ငံ၏ရွေးကောက်ပွဲများနှင့်ရွေးကောက်ပွဲဥပဒေများသည်ယခုတကြိမ်နှင့် အလွန်ခြားနားနေပေသည်။ယခင်ကရွေးကောက်ပွဲတွင်ပါဝင်ပတ်သက်သူများသည်နိုင်ငံရေးပါတီများသာ ဖြစ်ပြီးစစ်တပ်မှပါဝင်နိုင်ခဲ့ခြင်းမရှိပေ။ယခုအကြိမ်တွင်မှူစစ်တပ်သည်ဥပဒေပြုသူနှင့်ဘုရင်သဖွယ် ဖြစ်နေခဲ့သည်။
သမိုင်းကပြနေသည်မှာအာဏာရှင်တော်တော်များများသည်ဒီမိုကရေစီနည်းကျပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လိုက်တိုင်းအာဏာဆုံးရှုံးကာအကြီးအကျယ်ကျရှုံးလေ့ရှိကြသည်။ထို့ကြောင့်အချို့ပါးနပ်သော အာဏာရှင်များသည်ဒီမိုကရေစီမဆန်သောနည်းလမ်းများအားအသုံးပြုလျက်ပင်၎င်းတို့၏နိုင်ငံရေး ပါဝင်ပတ်သက်မှုအားစနစ်တကျတပ်ဆုတ်ခဲ့ကြသည်။မြန်မာနိုင်ငံ၏ဖြစ်ရပ်များသည်လည်း ထိုဖြစ်ရပ်များနှင့်ဆင်တူနေပေသည်။လက်ရှိအာဏာရစစ်အစိုးရသည်ရွေးကောက်ပွဲအား အကန့်အသတ်များစွာသတ်မှတ်၍ကျင်းပပြုလုပ်ပေးလိုက်ခြင်းအားဖြင့်ပြောင်းလဲမှုလမ်းကြောင်းများအား စိတ်ကြိုက်ထိန်းချုပ်ကာအပြောင်းအလဲကာလအားရှည်လျားစွာဆွဲဆန့်ရန် ကြိုးစားနေပေသည်။အလားတူ ဖြစ်ရပ်မျိုးကင်ညာနှင့်မက္ကဆီကိုတွင်လည်း ဖြစ်ပွားခဲ့ဖူးသည်။
မြန်မာနိုင်ငံတွင်အတိုက်အခံများအားရွေးကောက်ပွဲကိုသပိတ်မှောက်စေသည်အထိဦးတည်စေခဲ့သည့် အချက်အလက်များရှိခဲ့သည်။နိုင်ငံအတွင်းလုံခြုံစိတ်ချရ၍လွတ်လပ်သောပတ်ဝန်းကျင်အနေအထားမျိုး ရှိရေးမှာဒီမိုကရေစီနည်းကျရွေးကောက်ပွဲတခုကျင်းပရန်အတွက်မရှိမဖြစ်လိုအပ်ချက်တခုဖြစ်သည်။ မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားပေါင်း၂ဝဝဝကျော်ရှိနေဆဲဆိုသည့်အချက်မှာထိုမရှိမဖြစ် လိုအပ်ချက်အား ဆန့်ကျင်နေပေသည်။
ထို့ကြောင့်ထိုနိုင်ငံရေး အကျဉ်းသားများအားလွှတ်ပေးခြင်းနှင့်လွတ်ငြိမ်းချမ်းသာခွင့်ကြေညာခြင်းသည် စစ်အစိုးရအနေဖြင့်မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စများ ဖြစ်သည်။ဒုတိယလိုအပ်သောအချက်မှာ မျှတသောနိုင်ငံရေးကစားကွင်းတခုဖန်တီးရေးအတွက်စစ်တပ်သည်နိုင်ငံရေးပါတီတခုကဲ့သို အခွင့်အရေးမျိုး မယူသင့်ပေ။ထို့ပြင်လွတ်လပ်စွာစည်းဝေးခွင့်နှင့်စုစည်းခွင့်များ၊လွတ်လပ်သောသတင်းဌာနများ၊ လွတ်လပ်၍မျှတသောရွေးကောက်ပွဲကော်မရှင်၊ရွေးကောက်ပွဲအားလွတ်လပ်စွာလေ့လာခွင့်များ၊ နိုင်ငံရေးပါတီများအပေါ်တန်းတူအခွင့်အရေးပေးမှုများနှင့်သမာသမတ်ကျသောတရားစီရင်ရေး စနစ်တို့သည်လည်းဒီမိုကရေစီနည်းကျရွေးကောက်ပွဲ ဖြစ်ပေါ်လာရေးအတွက်မရှိမဖြစ်လိုအပ်ပေသည်။
မြန်မာနိုင်ငံ၏လက်ရှိအခြေအနေတွင်ထိုအခြေခံလိုအပ်ချက်များအားတခုမှ ဖြည့်ဆည်းပေးထားခြင်း မရှိပေ။ထို့ကြောင့်ရွေးကောက်ပွဲအားသပိတ်မှောက်ခြင်းသည်နောက်ဆုံးပိတ်ရွေးချယ်စရာတခု ဖြစ်လာခဲ့သည်။ရွေးကောက်ပွဲအပေါ်သပိတ်မှောက်မှုဖြစ်စဉ်သည်မဲပေးမည့်သူများကရွေးကောက်ပွဲ တရားမျှတမှုမရှိသည့်အခါတိုင်းအသုံးပြုနိုင်သောငြိမ်းချမ်းသည့် နိုင်ငံရေးလက်နက်တခု ဖြစ်သည်။
နိုင်ငံရေးပါတီများနှင့်အတိုက်အခံအင်အားစုများ၏ကြေညာချက်များအရရွေးကောက်ပွဲဥပဒေများအပေါ် ဆန့်ကျင်ကန့်ကွက်မှုများတိုးပွားလာနေကြောင်းတွေ့ရသည်။၁၉၉ဝရွေးကောက်ပွဲတွင်အပြတ်အသတ် အနိုင်ရထားခဲ့သည့်အင်အားအကြီးဆုံးသောအတိုက်အခံနိုင်ငံရေးပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်စစ်အစိုးရ၏ရွေးကောက်ပွဲဥပဒေများတရားမျှတမှုမရှိသည့်အတွက် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ဟု ကြေညာခဲ့သည်။ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များကလည်းNLD၏ရပ်တည်ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့ကြသည်။တိုင်းရင်းသားပါတီ၁၂ ခုပူးပေါင်းထားသော၁၉၉ဝရွေးကောက်ပွဲတွင်၆၇နေရာနိုင်ငံတကာညီညွတ်သောတိုင်းရင်းသားများ မဟာမိတ်အဖွဲ့(UnitedNationalitiesAlliance)ကလည်းရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိမ့်မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။
ထို့ပြင်အပစ်အခတ်ရပ်စဲရေးအဖွဲ့များစွာကလည်းစစ်အစိုးရ၏လက်အောက်ခံနယ်ခြားစောင့်တပ်အသွင်သို့ ကူးပြောင်းရေးရာဇသံကိုဆက်လက်ငြင်းဆန်နေကြဆဲဖြစ်သည်။ထို့ပြင်ကုလသမဂ္ဂ၊အမေရိကန်၊ဥရောပ သမဂ္ဂနှင့်အာဆီယံနိုင်ငံများမှခေါင်းဆောင်များကလည်းရွေးကောက်ပွဲဥပဒေများအပေါ်ဝေဖန်ခဲ့ကြပြီး ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတလိမ့်မည်ဟုမထင်ကြောင်းဝေဖန်ပြောကြားခဲ့ကြသည်။ခြုံငုံ၍ သုံးသပ်ရလျှင်ရွေးကောက်ပွဲသည်ယုံကြည်စိတ်ချနိုင်မှုနှင့်အများလက်ခံနိုင်မှုဆုံးရှုံးနေပြီးအကယ်၍သာ အတိုက်အခံအင်အားစုများအနေဖြင့်စည်းလုံးမှုရှိခဲ့ပြီးရွေးကောက်ပွဲအပေါ်ကျယ်ပြန့်စွာ သပိတ်မှောက်နိုင်ခဲ့လျှင် ရွေးကောက်ပွဲ၏ တရားဝင်မှုအပေါ် ထိုးနှက်နိုင်ပေလိမ့်မည်။
ထွက်ပေါ်လာသည့်မေးခွန်းတခုမှာသပိတ်မှောက်ပြီးလျှင်ဘာလုပ်ကြမလဲဆိုသည့်မေးခွန်းဖြစ်သည်။ စစ်အစိုးရသည်ဆန္ဒပြပွဲများအားထိပ်တိုက်ရင်ဆိုင်ရာ၌သွေးဆာတတ်သည့်သဘာဝရှိကြောင်း ပြသခဲ့ပြီး ဖြစ်သည်။စစ်အစိုးရ၏အုပ်ချုပ်မှုအာဏာကိုအဆုံးသတ်နိုင်စေရန်အတွက်လူထုလှုပ်ရှားမှုများ ပြုလုပ်ခြင်းနှင့် ရွေးကောက်ပွဲတွင်မဲမပေးကြရန်လှုံ့ဆော်ခြင်းသည်သာရွေးချယ်စရာနည်းလမ်းများဖြစ်ပေလိမ့်မည်။ အဓိကကျသည့်အချက်မှာ နောက်ဆုံးပိတ် အဆုံးအဖြတ်ပေးနိုင်မည့် မဲဆန္ဒရှင်များအပေါ်တွင် အတိုက်အခံများက စည်းရုံးဝါဒဖြန့်နိုင်သည့် အရည်အသွေး ရှိခြင်း၊ မရှိခြင်း အပေါ်တွင် မူတည်နေပေသည်။
ပြည်တွင်းနှင့်နိုင်ငံတကာမှရွေးကောက်ပွဲအပေါ်သပိတ်မှောက်မှုများသည်စစ်အစိုးရအားစိတ်ပျက်ကာ ကြံရာမရ ဖြစ်သွားစေနိုင်ပြီးအောက်တန်းကျသောနည်းလမ်းများ၊တရားမျှတမှုမရှိသောနည်းလမ်းများဖြင့် ဆန့်ကျင်မှုများကိုတုံ့ပြန်လာပေလိမ့်မည်။အင်အားသုံး၍ဖိနှိပ်ချုပ်ချယ်ခြင်းသည်စစ်အစိုးရ၏လက်ထဲတွင် ကျန်ရစ်ခဲ့သည့်တခုတည်းသောနည်းလမ်းဖြစ်လာပေလိမ့်မည်။အကယ်၍ထိုနည်းလမ်း အောင်မြင်ခဲ့လျှင်မူ စစ်အစိုးရအနေဖြင့်အာဏာကိုဆက်လက်ထိန်းသိမ်းထားနိုင်မည် ဖြစ်သော်လည်းမထိန်းချုပ်နိုင်ခဲ့လျှင် စစ်အစိုးရအနေဖြင့် အလျှော့ပေးလိုက်ရကာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ထွန်းကားလာလိမ့်မည် ဖြစ်သည်။
ရွေးကောက်ပွဲအားသပိတ်မှောက်ခြင်းသည်မြန်မာ့နိုင်ငံရေးအပေါ်ကြီးမားစွာအရှိန်သက်ရောက်နိုင်ပြီး နောက်ဆုံးရလဒ်ကတော့အချက်အလက်များစွာပေါ်တွင်မူတည်နေသည်။ထို့ကြောင့် စစ်အစိုးရအတွက်ရော၊ အတိုက်အခံများအတွက်ပါ စိန်ခေါ်မှုများ စောင့်ကြိုနေလျက် ရှိတော့သည်။
Geen opmerkingen:
Een reactie posten