NEJ/ ၈ ဧပြီ ၂ဝ၁ဝ
ဗီယက်နမ်နိုင်ငံဟနွိုင်မြို့တွင်ယနေ့ကျင်းပသည့်(၁၆)ကြိမ်မြောက်အာဆီယံထိပ်သီး ဆွေးနွေးပွဲတက်ရောက်နေသည့်နိုင်ငံခြားရေးဝန်ကြီးများကမြန်မာနိုင်ငံမှရွေးကောက်ပွဲနှင့်ပတ်သက်၍ မေးမြန်းပြောဆိုမှုများ ပြုလုပ်ကြကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်ပြုလုပ်မည့်၂၀၁၀ရွေးကောက်ပွဲနှင့်ပတ်သက်၍အာဆီယံဝန်ကြီးများက မေးခွန်းထုတ်မှုများရှိသော်လည်းတစုံတရာဝေဖန်ပြောဆိုမှုမျိုးမရှိကြောင်းဟနွိုင်မှလာသည့် အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ယနေ့ပြုလုပ်မည့်ဆွေးနွေးပွဲမတိုင်မီယမန်နေ့ညနေပိုင်း၌အာဆီယံနိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံရာတွင်မြန်မာနိုင်ငံတွင ပြုလုပ်မည့်ရွေးကောက်ပွဲနှင့်ဆိုင်သည့် လွတ်လပ်တရားမျှတမှုကိစ္စရပ်များကိုမြန်မာစစ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းအား မေးမြန်းခဲ့ကြသည်ဟု သိရသည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးမစ္စတာဂျော့ယိုးက“ကျနော်တို့သူ့ကိုဘာလုပ်ရမယ်ဆိုပြီးဝေဖန်ပို့ချ ပြောဆိုတာတွေမလုပ်ပါဘူး။ကျနော်တို့ကအသေအချာလေ့လာပြီးအကြံဉာဏ်တွေပေးတာပါ။သူကလည်း လက်ခံနားထောင်ပါတယ်”ဟုပြောသည်။
ရှေ့လာမည့်ကာလသည်မြန်မာနိုင်ငံအတွက်အရေးကြီးသည့်ကာလဖြစ်ပြီးမြန်မာနိုင်ငံက အဖြစ်အပျက်များကိုမြန်မာပြည်သူများကသာဆုံးဖြတ်ရမည်ဖြစ်ကြောင်းလည်း၎င်းကပြောကြားသည်။
အာဆီယံအတွင်းရေးမှူးမစ္စတာစူရမ်ပစ်စ၀မ်ကအာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံက ကတိပေးထားသည့်ဒီမိုကရေစီလမ်းပြမြေပုံအတိုင်းလိုက်နာဆောင်ရွက်ရန် တင်ပြပြောဆိုနေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများသည်အာဆီယံအပေါ် ဆက်လက်ခြိမ်းခြောက်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယမန်နေ့ကလည်းအင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးမစ္စတာမာတီနာတာလီဂါဝါက မြန်မာနိုင်ငံတွင်ပြုလုပ်မည့်ရွေးကောက်ပွဲကိုလွတ်လပ်တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေရန် မြန်မာစစ်အစိုးရကပြုလုပ်သင့်ကြောင်း၊ဒေါ်အောင်ဆန်းစုကြည်ကိုလည်းလွှတ်ပေးသင့်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ထို့အပြင်မြန်မာနိုင်ငံတွင်လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲများအဖြစ် ကျင်းပပေးရန် စစ်အစိုးရက ပျက်ကွက်ခဲ့သဖြင့် အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းပြီး စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ရန် အရှေ့တောင်အာရှနိုင်ငံများမှလွှတ်တော်အမတ်(၁၀၀)ကျော်ဖြင့်ဖွဲ့စည်းထားသည့်AIPMCခေါ် မြန်မာ့အရေးအာဆီယံလွှတ်တော်အမတ်များအဖွဲ့ကလည်းဧပြီ(၇)ရက်တွင်အာဆီယံအဖွဲ့သို့ စာရေးသားတောင်းဆိုခဲ့သည်။
စစ်အစိုးရကထုတ်ပြန်လိုက်သည့်ရွေးကောက်ပွဲဆိုင်ရာဥပဒေများအရကျင်းပမည့်ရွေးကောက်ပွဲသည် အများယုံကြည်လက်ခံသည့်ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း၊ထို့ကြောင့်ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကရွေးကောက်ပွဲကိုဆန့်ကျင်လိုက်ကြခြင်းဖြစ်ကြောင်း၊အာဆီယံအနေဖြင့် လွတ်လပ်တရားမျှတသည့်ရွေးကောက်ပွဲဖြစ်မြောက်စေရန်မြန်မာစစ်အစိုးရကိုဖိအားပေးသင့်ကြောင်း တောင်းဆိုထားသည်။

Geen opmerkingen:
Een reactie posten