အောင်ထက်/ ၉ ဧပြီ ၂ဝ၁ဝ
၂၀၁၀-၂၀၁၁ ခုနှစ် လုပ်ငန်းရာသီအတွက် တိုက်ရိုက် အင်း/တင်ဒါ လုပ်ကိုင်ခွင့် လျှောက်ထားခြင်းများကို ဧပြီဒုတိယပတ်မှစတင်၍(၁)နှစ်ခွင့်ပြုလိုက်ကြောင်းမွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
“လက်ရှိစစ်မှုထမ်းတွေထဲကဒု-ဗိုလ်ချုပ်ကြီးဆန်းဆင့်၊ဗိုလ်ချုပ်ခင်အောင်မြင့်၊ဗိုလ်ချုပ်သိုးထိန်းတို့ အင်းလုပ်ကိုင်ခွင့်လိုင်စင်ရတယ်။ပြည်ထဲရေးဒု-၀န်ကြီးဗိုလ်မှူးချုပ်ဘုန်းဆွေလည်းအင်းရတယ်။နအဖ အရာရှိကြီး(၁၆၅)ဦးအင်းလုပ်ငန်းလုပ်ကိုင်ခွင့်ပါမစ်တွေရကြတယ်”ဟု ငါးလုပ်ငန်းတာဝန်ရှိသူတဦးက ပြောသည်။
ယင်းသို့လုပ်ကိုင်ခွင့်ပြုသည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းများအမည်စာရင်းကိုအလုံ၊ဆင်မင်းလမ်း၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင်ကြော်ငြာစာကပ်ကာတရားဝင်အသိပေးထားသည်။
ဘိုကလေးမြို့နယ်မှ အင်းလုပ်ငန်းရှင်တဦးကမှ“လက်ရှိတာဝန်နဲ့မပတ်သက်ဘဲတိုက်ရိုက် အင်းလုပ်ကိုင်ခွင့်ချထားပေးတာ အရေအတွက်(၁,၇၀၀)ခန့်ရှိတယ်။ထူးခြားတာက အဲဒီပုဂ္ဂိုလ်တဦးတယောက်မှအင်းသမားတွေ မဟုတ်ဘူး။အင်းလုပ်ကိုင် မစားတတ်ဘူး။ သူတို့ရထားတဲ့အင်း ဘယ်နားရှိမှန်းသူတို့မသိကြဘူး။ဒေသမှာငါးရှာဖားရှာနဲ့တကယ်လုပ်ကိုင်စားသောက်နေတဲ့ အင်းသမားတွေကျ ခုလို တိုက်ရိုက်လေလံ ချမပေးဘူး” ဟု ပြောဆိုသည်။
ဒေသခံအင်းလုပ်ငန်းရှင်(အင်းသူကြီး)များသည်ဒေသတွင်းရှိ၎င်းတို့နှစ်စဉ်လုပ်ကိုင်နေကျအင်း/ပိုက်ချက်များကိုအထက်ပါအင်းလုပ်ပိုင်ခွင့်တိုက်ရိုက်လေလံရရှိသူများထံမှတန်ဖိုးကြီးပေးဝယ်ကာ ရင်းနှီးလုပ်ကိုင်နေကြရသည်။
ငါးလုပ်ငန်းဦးစီးမှအတည်ပြုသတ်မှတ်အခွန်ငွေကိုလည်းမြို့နယ်ရုံးများသို့သီးခြားပေးသွင်းရသည်ဟု ၎င်းတို့က ပြောသည်။
ငါးလုပ်ငန်းဝန်ထမ်းတဦးကလည်း“မေ (၃၁)သတ်မှတ်နောက်ဆုံးရက် ငွေပေးသွင်းခြင်းမပြုတဲ့ အင်းလိုင်စင်တွေ၊တန်ဖိုးနည်းအင်း/ပိုက်ချက်တင်ဒါတွေကိုတော့သက်ဆိုင်ရာခရိုင်-မြို့နယ် ငါးဦးစီးရုံးတွေမှာ ဈေးပြိုင်စနစ်နဲ့ လေလံတင်ရောင်းချပါတယ်” ဟု ပြောသည်။
အကျိုးအမြတ်ပေးဝယ်နေရသောအင်းတန်ဖိုးများမှာခန့်မှန်းခြေသိန်းဆယ်ကဏန်းမှအချို့အင်းများ သိန်းထောင်ချီပေးကာ
လိုင်စင် လက်ဝယ်ရှိထားသူထံမှ ၀ယ်ယူနေကြရသည်ဟု ကျိုက်လတ်မြို့ အင်းသူကြီးတဦးက ပြောသည်။
သာယာဝတီခရိုင်အင်းသူကြီးတဦးကမူ“တိုင်းပြည်ရဲ့ရေမြေအရင်းအမြစ်တွေကို ခုလို ဝေစားမျှစားယူနေတာ နအဖ သက်တမ်းတလျှောက်ပဲ။ ဟိုတုန်းက ခုလို တိုက်ရိုက်လုပ်ကိုင်ခွင့် ချပေးတာမျိုး မရှိဘူး။ ကိုယ့်ဒေသလုပ်ကွက်အင်း/ပိုက်ချက်တွေကိုဒေသခံအင်းသမားတွေ ဈေးပြိုင်စနစ် လေလံတက်ဆွဲရတယ်။နိုင်ငံတော်အတွက်အခွန်အခအပြည့်အ၀ရတယ်။ခုလိုအခြား ပုဂ္ဂိုလ်တဦးတယောက်ဆီက အကျိုးအမြတ်ပေး ၀ယ်လုပ်နေရတော့ အင်းစရိတ်တွေမြင့်လာတယ်။ မြင့်တော့ဒီအင်းထဲကငါးတန်ဖိုးတွေမြင့်လာတယ်။ပြည်သူတွေဈေးကြီးပေးဝယ်သုံးကြရတော့တာပေါ့”ဟု ငါးဈေးကွက်
ကြီးမြင့်ရခြင်းကို ရှင်းပြသည်။
Geen opmerkingen:
Een reactie posten