ရဲရင့်/ ၉ ဧပြီ ၂ဝ၁ဝ
၂၀၁၀ရွေးကောက်ပွဲတိုက်ဖျက်ရေးနှင့်ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေးအတွက်သင်္ကြန်သံချပ် ပြိုင်ပွဲတရပ်ကို လူထုတိုက်ပွဲ ကော်မတီအဖွဲ့က ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
နယ်စပ်အခြေစိုက်လူထုတိုက်ပွဲကော်မတီ-၂၀၁၀၏စစ်ဆင်ရေးမှူးတဦးဖြစ်သည့်ကိုစိန်ဟန်က “အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေထဲကနည်းပေါင်းစုံလူထုပါဝင်ပူးပေါင်းရေးအတွက်ဒီသံချပ်ပြိုင်ပွဲကို ပြုလုပ်ပေးတာပါ။ဒီမှာရှိနေကြတဲ့မြန်မာတွေနဲ့စက်ရုံအလုပ်ရုံကအလုပ်သမားထုတွေကနေတဆင့် ပြည်တွင်းမှာရှိတဲ့လူတွေနိုင်ငံရေးအရနိုးကြားပြီးလူထုတိုက်ပွဲမှာပါဝင်နိုင်ဖို့အတွက်ဒီအစီအစဉ်ကို ကျင်းပတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။
ယခုပြိုင်ပွဲသည်နအဖ၏လုပ်ရပ်များကိုလုံးဝလက်မခံဘဲဆန့်ကျင်တိုက်ဖျက်သွားရန် ကော်မတီကချမှတ်ခဲ့သည့်“ဘူး”ဆန့်ကျင်ရေးလှုပ်ရှားမှု၏အစိတ်အပိုင်းတခုဖြစ်သည်ဟုလည်း ကိုစိန်ဟန်က ပြောသည်။
သံချပ်တဖွဲ့လျှင်အမျိုးသားအမျိုးသမီး(၁၅)ဦးပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီးသတ်မှတ်ချိန်မိနစ်(၃၀)ဖြစ်ကာ ယခုလ(၁၅-၁၆)ရက်နေ့တို့တွင်နံနက် (၁၀)နာရီမှစတင်၍မဲဆောက်မြို့ရှိဖျော်ဖြေရေးစင်မြင့်တွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အဖွဲ့များလိုအပ်သည့်တူရိယာပစ္စည်းများနှင့်အသံပိုင်းဆိုင်ရာစက်ပစ္စည်းများကို ပွဲကျင်းပရေးကော်မတီမှစီစဉ်ပေးမည်ဖြစ်ပြီးပြိုင်ပွဲတွင်ဆုရရှိသည့်အသင်းများကိုငွေသားဆုများအပြင် ဆုရအဖွဲ့(၃)ဖွဲ့၏တင်ဆက်မှုများကိုလည်းလေဆာဓာတ်ပြားများဖြင့်ပြည်တွင်းပြည်ပသို့ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သား သံချပ်အဖွဲ့၏ခေါင်းဆောင် ဦးမိုးကြိုးက “ကျနော်တို့ မဲဆောက်မှာ သံချပ်ထိုးလာတာ(၅)နှစ်ရှိပြီ။ပြည်တွင်းမှာကနအဖတက်လာချိန်လောက်ကစပြီးသင်္ကြန်မှာသံချပ်တွေ ပိတ်လိုက်တာကနေ့အထိပဲ။ကျနော်တို့ကဒီလူ၊ဒီခေတ်၊ဒီစနစ်နဲ့စနစ်ရဲ့သားကောင်တွေဖြစ်တဲ့ လူထုတွေရဲ့ဘ၀အမောတွေကို ဖော်ထုတ် ပြသချင်တာကြောင့် နှစ်စဉ် လုပ်ဖြစ်တာပါ” ဟု ပြောသည်။
မဲပအထည်ချုပ်စက်ရုံမှလုပ်သားမောင်သံချပ်အဖွဲ့ခေါင်းဆောင်ကိုဖိုးကုလားက“ကျနော်တို့အဖွဲ့က အပျော်တမ်းအဖွဲ့ပဲ။ ဖိတ်တဲ့နေရာအကုန်သွားတယ်။ပြောစရာရှိတာကိုအမှန်အတိုင်းအကုန်ပြောပါတယ်။ ပြည်တွင်းကလူတွေမကောင်းတာကိုလုပ်ရင်ပြောသလိုဒီဘက်ကလူတွေမဟုတ်တာလုပ်ရင်လည်း ပြောပါတယ်။ဆုရတာမရတာကအကြောင်းမဟုတ်ပါဘူး။သံချပ်ထိုးခွင့်ရတာကိုပဲကျေးဇူးတင်တယ်”ဟု ပြောသည်။
သံချပ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အဖွဲ့များအနေဖြင့် ဖုန်းနံပတ် ၀၈၁-၂၈၄၁၄၁၈၊ ၀၈၄-၅၇၅၅၄၁၆၊ ၀၈၆-၉၃၄၇၄၅၉၊ ၀၈၆-၂၇၀၇၀၅၅ တို့ကို ဆက်သွယ်နိုင်သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။
လူထုလှုပ်ရှားမှုတိုက်ပွဲ ဖော်ဆောင်ရေးနှင့် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲအားတိုက်ဖျက်ရန်လူထုတိုက်ပွဲကော်မတီကိုယခုလ(၃)ရက်တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
လူထုတိုက်ပွဲကော်မတီ -၂၀၁၀ တွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ အစရှိသည့် ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများပါရှိသည်ဟု ကော်မတီကြေညာချက်တွင် ပါရှိသည်။
Geen opmerkingen:
Een reactie posten