မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 april 2010

မော်လမြိုင်နှင့် ဒလမြို့တို့တွင် ရေအခက်အခဲ ကြီးမား

NEJ/ ၉ ဧပြီ ၂ဝ၁ဝ
ယခုနှစ်နွေရာသီတွင်အပူချိန်မြင့်တက်မှုကြောင့်ရေတွင်းရေကန်များခန်းခြောက်ကာမော်လမြိုင်မြို့နှင့် ဒလမြို့တို့တွင် ရေအခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အဝီစိတွင်းများ ရေဆုတ်ကာ စုပ်ယူမရဖြစ်နေသည့်အပြင် မီးမလာ၍ ရေပိုက်များမှလည်းရေလုံးဝမလာတော့သဖြင့်ရေ၀ယ်သုံးနေရကြောင်းမော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။
၎င်းက “ကျနော်တို့အနားက ငွေမိုး ဟိုတယ်က တူးထားတဲ့ အဝီစိတွင်းဆို ရေမထွက်တော့ဘူး။ အနီးနားက အဝီစိတွင်း အတော်များများလည်း ရေတွေ ခန်းတယ်။ တချို့ ငွေရှိသူတွေကတော့ ဆက်ပြီး တူးကြတယ်။ မြေနိမ့်ပိုင်း ရေထွက်နေသေးတဲ့ အဝီစိတွင်းကနေ လှည်းနဲ့တွန်းပြီး ရောင်းတာကို လူတွေက ဝယ်သုံးရတယ်။ ရေတစည်ကို ကျပ် (၈ဝဝ) ကနေ ကျပ် (၁,ဝဝဝ) အထိ ပေးရတယ်” ဟု ပြောသည်။
အောက်လမ်းမကြီးတွင် နေထိုင်သူတဦးကလည်း မော်လမြိုင်မြို့တွင် မီးလုံးဝ မလာသဖြင့် တောင်ဝိုင်း ကင်မွန်းခြုံရေကန်မှသွယ်တန်းထားသည့်ပိုက်မှရေမလာသည်မှာကြာပြီဖြစ်ပြီး ရေသယ်ရောင်းသည့်ကားများမှ ရေဝယ်ရကြောင်း ပြောသည်။
၎င်းက“ရေကားတစီးကိုကျပ်(၁၃,ဝဝဝ)ပေးရတယ်။ရေကားတကြိမ်ရဖို့(၃)ရက်လောက် ကြိုတင်ပြောရတယ်။ မိသားစုတစုချွေချွေတာတာသုံးရင်(၁ဝ)ရက်လောက်တော့ သုံးနိုင်တယ်။ သောက်ရေ သုံးရေအတွက် ငွေသုံးရတဲ့ ပမာဏ ပိုများလာနေတယ်” ဟု ပြောသည်။
မော်လမြိုင်မြို့သည်ပြီးခဲ့သည့်(၃-၄)လခန့်ကတည်းက လျှပ်စစ်မီးမရသလောက်ဖြစ်နေပြီး တကြိမ်ပျက်ပါက (၁၃)ရက်မှ(၁၅)ရက်ခန့်အထိကြာမြင့်ကြောင်း၊တခါတရံညသန်းခေါင်အချိန်မီးလာပါကလည်း(၁၅)မိနစ်ပင်မကြာဘဲလာလိုက်ပျက်လိုက်အကြိမ်ကြိမ်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
မော်လမြိုင်စည်ပင်သာယာကမူမီးဆိုးဆိုးရွားရွားပျက်နေသဖြင့်ရေပိုက်ထဲကိုရေမတွန်းပေးနိုင်၍ ရေမရခြင်းဖြစ်သည်ဟုသာပြောဆိုပြီးရေအခက်အခဲကိုသက်ဆိုင်ရာ အာဏာပိုင်များက ဖြေရှင်းမပေးသဖြင့် ပြည်သူများက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရကြောင်း သိရသည်။
မော်လမြိုင်မြို့ပေါ်မှရပ်ကွက်အများစုသည်ရပ်ကွက်အလိုက်တူးထားသည့်ရေတွင်းရေကန်များနှင့် အဝီစိတွင်းရေတို့မှတဆင့်ရေကိုအဓိကထားသုံးစွဲကြရခြင်းဖြစ်သည်။
အလားတူဒလမြို့တွင်လည်းနွေရာသီအပူရှိန်ကြောင့်သောက်သုံးရေကန်များရေခန်းခြောက်လျက်ရှိပြီး ဒေသခံများသောက်သုံးရေပြတ်လပ်မှုပြဿနာနှင့်ရင်ဆိုင်နေရသည်။
ဒလမြို့ရှိအောင်မင်္ဂလာဈေးကန်တွင်ယခင်ကတနေ့နှစ်ကြိမ်သောက်သုံးရေခပ်ခွင့်ပြုထားသော်လည်းယခု တနေ့တကြိမ်သာခပ်ခွင့်ပေးကြောင်းအဆိုပါရပ်ကွက်နေသူတို့ကပြောသည်။
“ကန်ညီနောင်ကန်ရေလည်းခန်းသွားပြီ။ကန်တွေကနှစ်စဉ်မဖော်တော့မြေသားတွေတက်ပြီးကန်တချို့ ပျက်စီးကုန်တယ်။တမြို့လုံးဆိုကန်ပျက်(၁၀)ခုအနည်းဆုံးရှိမယ်”ဟုဗိုလ်ရန်ပြေရပ်ကွက်သားတဦးက ပြောသည်။
ဒလမြို့သည်အ၀ီစိတွင်းတူးဖော်၍ရသော်လည်းသံချေးဓာတ်ရှိသည့်အပြင်အငန်ဓာတ်ပါဝင်နေခြင်းကြောင့် သောက်သုံးရန်မသင့်ကြောင်း၊ဒလမြို့စည်ပင်သာယာရုံးသို့ငွေ(၂)သိန်းခန့်ပေးသွင်းမှပိုက်သွယ်ပေးဝေသည့် ရေသည်လည်းချိုးရေအဖြစ်သာအသုံးပြု၍ရကြောင်းဒေသခံများက ပြောသည်။
ထို့ကြောင့်ဒလမြို့လူထုသည်သောက်သုံးရေအတွက်ကန်ရေကိုသာအားပြုသုံးစွဲနေရခြင်းဖြစ်သည်။
လောလောဆယ်တွင်ဒလမြို့ရှိAMIလူမှုအဖွဲ့အစည်းကမြို့လူထု၏သောက်သုံးရေအခက်အခဲအတွက် ရေကန်သစ်ဖော်၊အဟောင်းများပြုပြင်ကာသောက်ရေကန်များကိုလက်ဆွဲတုံကင်တပ်ဆင်ပေးထားပြီး ရေကိုလူတယောက်တပုံးနှုန်းအလှည့်ကျစနစ်ဖြင့်ကူညီဆောင်ရွက်ပေးနေကြောင်း ဘုရင့်နောင်ရပ်ကွက်သားတို့က ပြောသည်။





Geen opmerkingen: