ရဲရင့်/ ၉ ဧပြီ ၂ဝ၁ဝ
၂၀၁၀ရွေးကောက်ပွဲတိုက်ဖျက်ရေးနှင့်ပြည်သူ့အစိုးရတရပ်ပေါ်ပေါက်ရေးအတွက်သင်္ကြန်သံချပ် ပြိုင်ပွဲတရပ်ကိုလူထုတိုက်ပွဲကော်မတီအဖွဲ့ကထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
နယ်စပ်အခြေစိုက်လူထုတိုက်ပွဲကော်မတီ-၂၀၁၀၏စစ်ဆင်ရေးမှူးတဦးဖြစ်သည့်ကိုစိန်ဟန်က “အဖွဲ့ရဲ့လုပ်ငန်းစဉ်တွေထဲကနည်းပေါင်းစုံလူထုပါဝင်ပူးပေါင်းရေးအတွက်ဒီသံချပ်ပြိုင်ပွဲကိုပြုလုပ်ပေးတာပါ။ ဒီမှာရှိနေကြတဲ့မြန်မာတွေနဲ့စက်ရုံအလုပ်ရုံကအလုပ်သမားထုတွေကနေတဆင့် ပြည်တွင်းမှာရှိတဲ့လူတွေ နိုင်ငံရေးအရနိုးကြားပြီးလူထုတိုက်ပွဲမှာပါဝင်နိုင်ဖို့အတွက်ဒီအစီအစဉ်ကိုကျင်းပတာဖြစ်တယ်”ဟု ခေတ်ပြိုင်သို့ပြောသည်။
ယခုပြိုင်ပွဲသည် နအဖ၏လုပ်ရပ်များကိုလုံးဝလက်မခံဘဲဆန့်ကျင်တိုက်ဖျက်သွားရန် ကော်မတီကချမှတ်ခဲ့သည့်“ဘူး”ဆန့်ကျင်ရေးလှုပ်ရှားမှု၏ အစိတ်အပိုင်းတခုဖြစ်သည်ဟုလည်း ကိုစိန်ဟန်က ပြောသည်။
သံချပ်တဖွဲ့လျှင် အမျိုးသား အမျိုးသမီး (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး သတ်မှတ်ချိန်မိနစ် (၃၀) ဖြစ်ကာ ယခုလ(၁၅-၁၆)ရက်နေ့တို့တွင်နံနက်(၁၀)နာရီမှစတင်၍ မဲဆောက်မြို့ရှိ ဖျော်ဖြေရေးစင်မြင့်တွင် ကျင်းပမည်ဖြစ်သည်။
ပြိုင်ပွဲဝင်အဖွဲ့များ လိုအပ်သည့် တူရိယာပစ္စည်းများနှင့် အသံပိုင်းဆိုင်ရာ စက်ပစ္စည်းများကို ပွဲကျင်းပရေးကော်မတီမှ စီစဉ်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ငွေသားဆုများအပြင် ဆုရအဖွဲ့(၃)ဖွဲ့၏တင်ဆက်မှုများကိုလည်း လေဆာဓာတ်ပြားများဖြင့် ပြည်တွင်းပြည်ပသို့ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သား သံချပ်အဖွဲ့၏ခေါင်းဆောင် ဦးမိုးကြိုးက “ကျနော်တို့ မဲဆောက်မှာ သံချပ်ထိုးလာတာ (၅) နှစ်ရှိပြီ။ ပြည်တွင်းမှာက နအဖ တက်လာချိန်လောက်ကစပြီး သင်္ကြန်မှာ သံချပ်တွေ ပိတ်လိုက်တာ ကနေ့အထိပဲ။ ကျနော်တို့က ဒီလူ၊ ဒီခေတ်၊ ဒီစနစ်နဲ့ စနစ်ရဲ့သားကောင်တွေဖြစ်တဲ့ လူထုတွေရဲ့ဘ၀အမောတွေကို ဖော်ထုတ် ပြသချင်တာကြောင့် နှစ်စဉ် လုပ်ဖြစ်တာပါ” ဟု ပြောသည်။
မဲပအထည်ချုပ်စက်ရုံမှ လုပ်သားမောင် သံချပ်အဖွဲ့ခေါင်းဆောင် ကိုဖိုးကုလားက “ကျနော်တို့အဖွဲ့က အပျော်တမ်းအဖွဲ့ပဲ။ ဖိတ်တဲ့နေရာအကုန်သွားတယ်။ ပြောစရာရှိတာကို အမှန်အတိုင်း အကုန်ပြောပါတယ်။ ပြည်တွင်းကလူတွေ မကောင်းတာကို လုပ်ရင် ပြောသလို ဒီဘက်ကလူတွေ မဟုတ်တာလုပ်ရင်လည်း ပြောပါတယ်။ ဆုရတာ မရတာက အကြောင်းမဟုတ်ပါဘူး။ သံချပ်ထိုးခွင့်ရတာကိုပဲ ကျေးဇူးတင်တယ်” ဟု ပြောသည်။
သံချပ်ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်လိုသည့် အဖွဲ့များအနေဖြင့် ဖုန်းနံပတ် ၀၈၁-၂၈၄၁၄၁၈၊ ၀၈၄-၅၇၅၅၄၁၆၊ ၀၈၆-၉၃၄၇၄၅၉၊ ၀၈၆-၂၇၀၇၀၅၅ တို့ကို ဆက်သွယ်နိုင်သည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။
လူထုလှုပ်ရှားမှုတိုက်ပွဲ ဖော်ဆောင်ရေးနှင့် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်နိုင်ရေးအတွက် ရည်ရွယ်၍ ၂၀၁၀ ရွေးကောက်ပွဲအားတိုက်ဖျက်ရန်လူထုတိုက်ပွဲကော်မတီကိုယခုလ(၃)ရက်တွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထားခြင်း ဖြစ်သည်။
လူထုတိုက်ပွဲကော်မတီ -၂၀၁၀ တွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ အစရှိသည့် ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများပါရှိသည်ဟု ကော်မတီကြေညာချက်တွင် ပါရှိသည်။
Geen opmerkingen:
Een reactie posten