မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 april 2010

အဖြူက တမျိုး … အနီက တမျိုး


၉/ ဧပြီ ၂၀၁၀
ရွှေဂျိုးတယောက် အိမ်သူသက်ထား ဇနီးမယား မသိအောင် ဘတ်ထားသည့် ငါးဘတ်စေ့လေး နှစ်စေ့ကို အိတ်ကပ်ထဲ အသံမမြည်အောင်ထည့်ရင်း တိုက်ခန်းနံရံတွင် မှေးစက်နေသည့် စက်ဘီးကို အသံမထွက်အောင် မ,လိုက်သည်။ ထို့နောက် ရေအိမ်တွင် အသေဇိမ်ယူနေသည့် အိမ်သူသက်ထား အမျက်မပွားမီ စက်ဘီးစုတ်ကလေးကို ခပ်မြန်မြန် တက်ခွကာ လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်သို့ နားအေးပါးအေး နင်းထွက်ခဲ့လေသည်။
လမ်းတလျှောက် တိုင်းရေးပြည်ရေး ရတက်မအေးစရာတွေအကြောင်း စဉ်းစားရင်း အတွေးနယ်ကျွံလာစဉ် ခါးတွင် အေးကနဲ အရသာကို ခံစားလိုက်ရမှ ဖျတ်ခနဲ သတိပြန်ဝင်လာပြီး နောက်သို့ တချက်လှည့်ကြည့်လိုက်မိသည်။ ရေပြွတ်သေနတ် အစိမ်းနုကလေးကို ကိုင်ထားသည့် အိမ်ရှင်နိုင်ငံသား ကလေးငယ်တဦး ပြုံးပြုံးလေး ကြည့်နေသည်ကို တွေ့ရမှ “သြော် …ဘာလိုလိုနဲ့ သင်္ကြန်တောင် နီးနေပါပေါ့လား” ဟု ပစ္စုပ္ပန်ကို တည့်တည့်ရှုမိလေတော့သည်။
ဤယိုးဒယားရွှေပြည်မှာက ရွှေဂျိုးတို့ အမိမြန်မာပြည်မှာလို သင်္ကြန်အကြိုနေ့ကျမှ ရေကစားခြင်းအမှု ပြုကြသည်မဟုတ်ဘဲ ဧပြီလဆန်းမှစ၍ ရေပက်ကစားကြသူ တချို့တလေကို တွေ့ရတတ်လေသည်။ သို့သော် သူတို့ရေကစားရာတွင် ရွှေဂျိုးတို့ မြန်မာနိုင်ငံသားများကဲ့သို့ ခွက်စောင်းခုတ်လိုက်မယ်ဟ၊ မျက်စိထဲ နားထဲ ရေပိုက်နဲ့ ထိုးပစ်လိုက်မယ်ကွ ဟူသည့် စိတ်ကြီးသော အမူအကျင့်များ အလျဉ်းမတွေ့ရတတ်ဘဲ ရေပက်မခံလိုပါက လက်ကလေး ကာပြရုံနှင့်ပင် အသာအယာ နောက်ဆုတ်ပေးကြခြင်း၊ သင်္ကြန်ကာလအတွင်း၌လည်း ညင်ညင်သာသာ သိမ်သိမ်မွေ့မွေ့ ရေပက်ကစားကြခြင်းမျိုးကိုသာ စိတ်ချမ်းမြေ့ဖွယ် မြင်တွေ့ရတတ်ပေသည်။
သင်္ကြန်အတွေးလေးနှင့် ဆက်နင်းလာရင်း လေပုပ်ထုတ်ကုန်း လက်ဖက်ရည်ဆိုင်နှင့် မြားတပစ်စာ အကွာခန့်အရောက်တွင် သင်္ကြန်အင်္ကျီ အကြောင်အကျားနှင့် ပြုံးပြုံးကြီး ထိုင်နေသည့် လေအိုးကို တွေ့ရလေသည်။ ဆိုင်ရှေ့သို့ ရွှေဂျိုးရောက်သည်နှင့် သင်္ကြန်သီချင်း ဟစ်ကြွေးနေသော လေအိုး၏ ၀က်ဆိုးအော်သံကို ကြားရလေတော့သည်။
လေအိုး ။ ။ “ဟေ့…သင်္ကြန်အခါတော် ရေကစားကြတာ ပျော်ရွှင်စရာ၊ လောင်းကာပက်ကာ မောင်ရင်းနှမပမာ ကြည်လင်စွာ …အို ရေကစားမှာ ရေကစားမှာ လေအိုးတော့ မပျော်နိုင်ပါဘူးကွာ ဟား ဟား ဟား ဟား” (ဆိုနေရင်းမှ ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်)
လေအိုး၏ ၀က်ဆိုးအော်သံကြောင့် ဖြစ်မည်။ ရွှေဂျိုး၏ သံစုံမြည် သြခက်စတြာ စက်ဘီးလေး ဒေါက်ထောက်ပြီးရုံရှိသေး ၀ုန်းခနဲ ပြန်လဲကျသွားလေသည်။ ရွှေဂျိုးလည်း လဲနေသည့် စက်ဘီးလေးကို ကမန်းကတန်း ကုန်း၍ ထူလိုက်ရာ အိမ်သူသက်ထား မသိအောင် ဘတ်လာသည့် ငါးဘတ်စေ့လေးနှစ်စေ့ အိတ်ကပ်ထဲမှ ထွက်ကျသွားလေသည်။ စက်ဘီးထူရသည်က တမျိုး၊ တမံသလင်းပေါ် ပြေးနေသည့် အကြွေစေ့လေးနှစ်စေ့ကို လိုက်ကောက်ရသည်က တလုပ်နှင့် ရွှေဂျိုး ဒေါင်းတောက်သွားသည်။ ရွှေဂျိုး၏ ဖြစ်အင်ကိုကြည့်ပြီး လေအိုးတယောက် သီချင်းအဆိုရပ်ကာ ပါးစပ်သေနတ်ပစ်လေတော့သည်။
လေအိုး ။ ။ ဟော ဟော ကိုရွှေဂျိုးတော့ ချမ်းသာသမျှ အကုန်ထွက်ကျကုန်ပြီ ပိုက်ထွေးရေ။ ငါးဘတ်စေ့ နှစ်စေ့ကြီးများတောင်။ ဟေ့ ပိုက်ထွေး ဒီနေ့ ကိုရွှေဂျိုးကို လက်ဖက်ရည်ဖိုး မယူပါနဲ့ကွာ။ သူ့ခမျာ မိန်းမ မသိအောင် ဘတ်လာတဲ့ ဘတ်ငွေလေးတွေ ထွက်ကျကုန်လို့ကွ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ မနက်စောစောစီးစီး ကိုလေအိုးရဲ့ ကျက်သရေမင်္ဂလာမရှိတဲ့ ၀က်ဆိုးအော်သံကြောင့် စက်ဘီးတောင် လန့်ပြီးလဲတာ ကြည့်တော့။ ကိုယ်ပေါ်မှာလည်း သုံးထည်တရာတန် သင်္ကြန်အင်္ကျီ အကြောင်အကျားနဲ့ဆိုတော့ စက်ဘီးလည်း လန့်တော့မပေါ့ဗျာ ဟဲ ဟဲ။
လေအိုး ။ ။ ဘယ်ကလာ သုံးထည်တရာ ရမလဲ ကိုရွှေဂျိုး။ ကိုင်ကြည့်စမ်းပါဦး တထည်မှ နှစ်ဆယ်ထဲပါဗျ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဒါနဲ့ ခုနက ကိုလေအိုးဆိုတဲ့ သင်္ကြန်သီချင်းထဲမှာ ‘လေအိုးတော့ ပျော်နိုင်ပါဘူးကွာ’ဆိုတာ ကြားလိုက်သလားလို့၊ ဘာဖြစ်လို့ သင်္ကြန်မှာ မပျော်နိုင်ရတာလဲဗျာ။ လင်းစမ်းပါဦး ကိုလေအိုးရ။
လေအိုး ။ ။ ဟာ ကိုရွှေဂျိုးကလည်း လေအိုးအဖြစ်က မနှစ်ကနဲ့ မတူတော့ဘူးလေ၊ သင်္ကြန်မှာ အရင်လိုစိတ်နဲ့ ကဲချင်တိုင်း လျှောက်ကဲရင် ပူပူနွေးနွေး ဇနီးမယားလေးက ဗိုက်ခေါက်လိမ် (အဲ …) ရွှေစိတ်တော် ငြိုငြင်ရင် ညစာငတ်မယ်ဗျ အဟဲ၊ အဲဒါကြောင့် လေအိုးတော့ ပျော်နိုင်ပါဘူးကွာလို့ စာသားပြောင်းဆိုလိုက်ရတာဗျ ဟား ဟား ဟား ဟား (ပြောရင်း ပါးစပ်ကို လက်ဖြင့် အုပ်ကာ ရယ်ပြန်)
ရွှေဂျိုး ။ ။ ဒါနဲ့ ရန်ကုန်သင်္ကြန်နဲ့ ပတ်သက်လို့ နွားအဖွဲ့ (အဲ … ) နအဖက ပြည်တွင်းမှာ စည်းကမ်းချက်တွေ ထုတ်ပြန်တယ်ဆို။ ကိုလေအိုး အဲဒီသတင်း ဖတ်ရလားဗျ။
လေအိုး ။ ။ ဖတ်ရပါသကောဗျာ။ စည်းကမ်းချက် (၃၉) ချက်တောင် ဆိုလားပဲဗျ။ ကိုယ်တိုင် ဘာစည်းကမ်း ဥပဒေမှမလိုက်နာဘဲ လူတွေကို ဖမ်းချင်သလိုဖမ်း၊ နှိပ်စက်ချင်သလို နှိပ်စက်၊ သတ်ချင်သလို သတ်၊ လုပ်ချင်တိုင်းလုပ်နေတဲ့ ကောင်တွေက စည်းကမ်းထုတ်ပြန်တယ်ဆိုတော့ ရယ်စရာတယ်ကောင်းပေါ့ဗျာ။ တော်သေးတာပေါ့ မဏ္ဍပ်တိုင်းမှာ ငါတို့ စစ်ဗိုလ်အမျိုးအဆွေ (၂၅)ရာခိုင်နှုန်း ရေကစားခွင့်ပြုရမည်လို့ အမိန့်မထုတ်ပြန်ပေလို့၊ ထုတ်ပြန်လို့ကတော့ ကျက်သရေယုတ်လိုက်မယ့်အမျိုးဗျို့ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဒီနှစ်ကျမှ သူတို့က ဘာဖြစ်လို့ စည်းကမ်းတွေ နင်းကန်ထုတ်ပြန်နေတာလဲဗျ ကိုလေအိုးရ။
လေအိုး ။ ။ အဲဒါတော့ လေအိုးလည်း ဘယ်သိမလဲ ကိုရွှေဂျိုးရာ။ အတိအကျ သိချင်ရင် သန်းရွှေဆီ ဖုန်းဆက်မေးကြည့်ပေါ့ဗျ ဟား ဟား။ အဲ … လေအိုး ဖတ်ရသလောက်တော့ သန်းရွှေကြီးက နေပြည်တော်သင်္ကြန်ကို ပိုစည်ကားအောင် လုပ်ရမယ်လို့ အမိန့်တော် ထုတ်ပြန်ထားတယ်ဆိုလားဗျ။ အဆိုတော်တွေ၊ တီးဝိုင်းတွေမှန်သမျှလည်း နေပြည်တော်မှာပဲ ဖျော်ဖြေရမယ်လို့ အတင်းချောဆွဲထားတယ်တဲ့ဗျ။ သတင်းဆရာတွေ ရေးစရာမရှိ နေပြည်တော်နေ ၀န်ထမ်းတဦးက ပြောသည်လို့ ရေးရေးနေတာကို အဟုတ်မှတ်ပြီး ဖတ်နေရတာပါပဲဗျာ ဟား ဟား။ ဒါပေမယ့် သန်းရွှေမြေး မျောက်လောင်းလေး (အဲ …)ဘယ်သူလဲဗျာ ဒီကောင့်နာမည်ကလည်း မှတ်ရတော်တော်ခက်ပါတယ်။ အော် …သိပြီ သိပြီနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်၊ ဒီမျောက်လောင်းလေး ရေကစားဖို့တော့ ပြည်လမ်းမပေါ်က အင်းလျားကန်ဘောင်နားမှာ ပေ (၅၀၀) ကျယ်တဲ့ မဏ္ဍပ်ကြီးတခု ဆောက်နေတယ်တဲ့ဗျ။
ရွှေဂျိုး ။ ။ ဒါနဲ့ အဲဒီမျောက်လောင်းလေး ရေကစားမယ့် မဏ္ဍပ်ကျတော့ မဟာသင်္ကြန် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေနဲ့ ကိုက်ညီတယ်တဲ့လားဗျ။ ဘာဖြစ်လို့လဲဆိုတော့ သန်းရွှေရယ်၊ ကြိုင်ကြိုင်ရယ်၊ ဖိုးလပြည့်ရယ် ကလွဲလို့ ဥပေဒရဲ့ အထက်မှာ မည်သူမျှမရှိစေရလို့ လူပြောများနေတယ် မဟုတ်လား။ ဒါကြောင့် မေးကြည့်တာပါ ကိုလေအိုးရာ။
လေအိုး ။ ။ ဒါကတော့ ကိုရွှေဂျိုးရာ ခင်ဗျားထင်တဲ့အတိုင်းပဲပေါ့။ မြန်မာပြည်မှာ စည်းကမ်းထုတ်ပြန်တာလည်း သူတို့၊ စည်းကမ်းဖောက်ဖျက်တာလည်း သူတို့ပဲလို့ ဆိုတယ်မဟုတ်လားဗျ။ သူတို့ဆိုတာက အသေဆိုးနဲ့ သေကြမယ့် ဒီမအေ (အဲ…)စစ်ဗိုလ်တွေနဲ့ သူတို့သားသမီးမြေးမြစ်တွေပေါ့ဗျာ။ ဒါတောင် အရင်အာဏာရှင် ဦးနေ၀င်းရဲ့ မြေးတွေ ထောင်ထဲရောက်နေလို့ဗျ။ မဟုတ်လို့ကတော့ သူတို့အချင်းချင်း ရိုက်ပွဲတင် တော်တော်ကြည့်လို့ကောင်းလိုက်မယ့်အမျိုးဗျို့။ နေရာတကာ သူတို့သားသမီးမြေးမြစ်တွေပဲ အနိုင်ကျင့် ဗိုလ်ကျနေတာမဟုတ်လားဗျာ။ အခုလည်း သန်းရွှေမြေး မျောက်လောင်းလေး ရေကစားမယ့် မဏ္ဍပ်က ခွင့်ပြုတာထက် သုံးဆလောက် ကြီးတယ်တဲ့ဗျ။ အဲဒါအပြင် အဲဒီမဏ္ဍပ်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ကတောင် လုံခြုံရေးယူပေးရတယ်ဆိုပဲ။ တော်တော် အခွင့်ထူးခံတဲ့ မျောက်လောင်းလေးပါဗျာ။ ကြည့်နေ ကိုရွှေဂျိုး၊ ဒီမျောက်လောင်းလေးအလှည့်ကျရင်တော့ ဦးနေ၀င်းမြေးတွေထက်ကို ဆိုးမယ်။ ခွေးကျ ကျတာတောင်မှ ‘ဖုတ်’ဆိုတဲ့အသံက သူများတကာထက် ပိုကျယ်မယ့် အကောင်ဗျ ဟား ဟား ဟား ဟား။
ရွှေဂျိုး ။ ။ ဒါဆို သူတို့ထုတ်တဲ့ စည်းကမ်းက သူတို့ အမျိုးအဆွေတွေနဲ့ပဲ ထိပ်တိုက်တိုးမယ့်သဘော ရှိတာပေါ့ဗျ။
လေအိုး ။ ။ သေချာတာပေါ့ဗျာ။ သိပ်သေချာတာပေါ့။
ထိုစဉ် အဖျော်ဆရာလေး ပိုက်ထွေးက ရေနွေးရှိမရှိ ရေနွေးအိုးကို လာလှုပ်ကြည့်ရာ သူ၏ မိုဘိုင်းလ်ဖုန်းမှ ထွက်ပေါ်လာသည့် သင်္ကြန်တေးသံသာများကိုလည်း လေအိုးနှင့် ရွှေဂျိုး နားဆင်ရပြန်သည်။
“အဖြူက တမျိုး … အနီက တမျိုး … ရေစို ပျိုမေတွေရဲ့ အလှကတိုး … ဘယ်လိုများ လုပ်ရမှာတုန်း … ဘယ်လိုများ ရွေးရမှာတုန်း၊ အပြာရောင်လေး … အ၀ါရောင်လေး ကိုယ်စီ အပြိုင်အဆိုင် ဒီလိုလှတော့ငေး ဒီမှာ နောက်ကအလှဆုံး … ဘယ်သူလဲ ပြောကြပါဦး …”
လေအိုး ။ ။ ဟေ့ကောင် ပိုက်ထွေး၊ မင်း ဘယ်လိုမှလည်း မလုပ်နဲ့၊ ဘယ်လိုမှလည်း ရွေးဖို့ စိတ်မကူးနဲ့၊ သွားရည်တမြားမြားနဲ့ ငမ်းဖို့လည်း မကြံစည်နဲ့။ ရန်ကုန်သင်္ကြန်မှာ မြန်မာဆန်ဆန်ပဲ ၀တ်စားဆင်ယင်ရမယ်လို့ မင့်ပါပါး (အဲ …) သန်းရွှေက အမိန့်ထုတ်ခိုင်းထားတယ်တဲ့ကွ။
ပိုက်ထဲ ။ ။ ဟား ဟား ဒါလေးများ ရန်ကုန်အထိ သွားငေးစရာလား အစ်ကိုလေအိုးရာ။ ဒီမှာ ရွေးစရာ၊ ငေးစရာတွေ တပုံကြီးရယ်။ အစ်ကိုလေအိုးတို့လို မိန်းမရှိတဲ့သူတွေတော့ ငတ်တာပေါ့ ဟဲ ဟဲ။
ပြောရင်းဆိုရင်း “အဖြူက တမျိုး …အနီက တမျိုး … ရေစို ပျိုမေတွေရဲ့ အလှကတိုး …ဘယ်လိုများ လုပ်ရမှာတုန်း … ဘယ်လိုများ ရွေးရမှာတုန်း၊ အပြာရောင်လေး … အ၀ါရောင်လေး ကိုယ်စီ အပြိုင်အဆိုင် ဒီလိုလှတော့ငေး ဒီမှာ နောက်ကအလှဆုံး … ဘယ်သူလဲ ပြောကြပါဦး …” ဟု ကိုယ်ကို တွန့်လိမ်ပြီး ဆိုပြနေပြန်သဖြင့် လေအိုး မျက်စောင်းကြီးကြီး တချက်ခဲလိုက်ရာ ပိုက်ထွေး အဖျော်ကောင်တာဆီ ပြန်ပြေးသွားလေသည်။
ရွှေဂျိုး ။ ။ ကိုလေအိုးကဗျာ မိန်းမကြောက်ရလို့ ကိုယ်ငေးခွင့်မရတော့တိုင်း သူများတွေကို ပိတ်ပင်ရလားဗျ၊ မုဒိတာပွားမှပေါ့ဗျာ ဟား ဟား ဟား။
လေအိုး ။ ။ အိုဗျာ မိန်းမပဲ ချစ်လို့ယူထားတဲ့ဟာ ကြောက်စရာလားဗျ ကိုရွှေဂျိုးရ၊ လှေခါးသုံးထစ်ဆင်းရင် လူပျိုပြန်ဖြစ်တာပဲဟာ၊ ဘယ်ရမလဲ အလစ်မှာ ထွက်ကဲမှာပေါ့ဗျ။ ဟဲ ဟဲ လေအိုးပါဗျာ အိမ်မပိုင်ရင် ဂေါ်လီမလုပ်ပါဘူးဗျ။ ကဲ ကဲ ပြောနေကြာတယ် အိမ်မှာ ရေစိမ်ထားတဲ့ ထမီ (အဲ …)အ၀တ်တွေ ပြေးလျှော်လိုက်ဦးမယ်ဗျာ။ ဒီလို မျက်နှာချိုသွေးထားမှ သင်္ကြန်မှာ အလစ်အငိုက် ထွက်ကဲလို့ရမှာဗျ။ ကဲ လစ်မယ်ဗျို့။
လစ်မယ်ပြောပြီးသကာလ လေအိုးတယောက် ပိုက်ထွေးဘက်သို့လှည့်ကာ အဖော်စပ်နေပြန်သည်။
လေအိုး ။ ။ ဟေ့ …ပိုက်ထွေးရေ၊ သင်္ကြန်မှာ ပိုက်ထွေးတို့ ကိုယ်တို့လို လူပျိုတွေ အတူတူ ထွက်ကဲကြတာပေါ့ကွာ ဟဲ ဟဲ။ ကိုရွှေဂျိုးလို မိန်းမကို စိတ်ကုန်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေတဲ့သူကတော့ ထုံထောင်းထဲက သင်္ကြန်မဏ္ဍပ်တွေမှာ စတုဒီသာ လောက်ခေါင် ရှာသောက်ပစေပေါ့ ဟား ဟား ဟား ဟား။
ပြောပြောဆိုဆို “အဖြူက တမျိုး …အနီက တမျိုး … ရေစို ပျိုမေတွေရဲ့ အလှကတိုး …ဘယ်လိုများ လုပ်ရမှာတုန်း…ဘယ်လိုများ ရွေးရမှာတုန်း”ဟု ပိုက်ထွေးသီချင်းကို ငှားရမ်းအော်ဟစ်ကာ လေအိုး ထွက်ခွာသွားလေသည်။ လေအိုး၏ အသံပျောက်ကွယ်သွားသည်နှင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဖြစ်သည့် အောက်ရေကို အလျင်အမြန် စွန့်ထုတ်ရန် သတိပြန်ဝင်လာသဖြင့် ရွှေဂျိုးတယောက် ဆိုင်နောက်ဖေးသို့ လှမ်းဝင်ရန် ခြေလှမ်းပြင်လိုက်ရတော့လေသည်တကား။ ။









Geen opmerkingen: