ဝီရ/ ၅ ဧပြီ ၂ဝ၁ဝ
၂၀၁၀ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းပေးနိုင်မည်မဟုတ်သကဲ့သို့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး အတွက်လည်း အပြောင်းအလဲ ပြုလုပ်ပေးနိုင်မည်မဟုတ်ကြောင်း ဇိုမီးအမျိုးသားကွန်ဂရက် (Zomi National Congress - ZNC) က ထောက်ပြပြောဆို လိုက်သည်။
ZNC၏ဥက္ကဋ္ဌဖြစ်သူဦးပူကျင့်ရှင်းထန်က“၂၀၁၀ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူး။ အန်အယ်လ်ဒီကလည်း ရွေးကောက်ပွဲ ဝင်မှာမဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသွားကြဖို့ စစ်အစိုးရ အကြီးအကဲတွေဆီ အကြိမ်ကြိမ် စာရေးသား တောင်းဆိုထားပါတယ်။ ဒီအခြေအနေမျိုး၊ ဒီအချိန်မျိုးမှာ ရွေးကောက်ပွဲ ကျင်းပရမယ့် အချိန်လည်း မဟုတ်ပါဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နိုင်ဖို့ အရေးကြီးတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲဟာ တချို့ထင်နေသလို မြန်မာပြည်ကို အပြောင်းအလဲ လုပ်နိုင်မှာမဟုတ်ပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ဇိုမီးအမျိုးသားကွန်ဂရက်အနေဖြင့်လာမည့်ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီအဖြစ်ထပ်မံ၍ မှတ်ပုံတင်မည်မဟုတ်ကြောင်းပြီးခဲ့သည့်ဧပြီ(၃)ရက်ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့်အဖွဲ့၏ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
“၂၀၀၈ဖွဲ့စည်းပုံကိုဒီအတိုင်းပဲမပြင်ဆင်ဘူးဆိုရင်ကျနော်တို့ကွန်ဂရက်ကရွေးကောက်ပွဲဝင်မှာမဟုတ်ဘူး။ ဒီအခြေခံဥပဒေကိုစောင့်ထိန်းပါမယ်တို့၊အကျဉ်းကျနေသူတွေမပါရဘူးစတဲ့ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စတွေမှာလည်း အဲဒီလို ပြဋ္ဌာန်းထားတာကြောင့် ကျနော်တို့ ကွန်ဂရက်က ဝင်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်” ဟု ဦးပူကျင့်ရှင်းထန်က ပြောကြားသည်။
ဇိုမီးအမျိုးသားကွန်ဂရက်သည်၁၉၉၀ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်လောင်း(၄)နေရာ ယှဉ်ပြိုင်ခဲ့ရာတွင်(၂)နေရာအနိုင်ရရှိထားသောတိုင်းရင်းသားပါတီတရပ်ဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်(၂၅၀)ကျော်ပါဝင်သောစီအာပီပီခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၏ အဖွဲ့ဝင်လည်းဖြစ်သည်။
ဇိုမီးအမျိုးသားကွန်ဂရက်၏ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ “ကျနော်တို့ကွန်ဂရက်က အန်အယ်လ်ဒီရဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ထောက်ခံသွားမယ်။ စီအာပီပီရဲ့ ဆုံးဖြတ်ချက်အတိုင်း၊ ရှေ့လုပ်ငန်းစဉ်တွေအတိုင်း လုပ်ဆောင်သွားမှာပါ။ လူထုထောက်ခံမှု ရှိနေသေးတဲ့ ဘာနိုင်ငံရေးအဖွဲ့အစည်းမဆို သူတို့လုပ်ငန်းစဉ်တွေ ရပ်တန့်သွားမှာ မဟုတ်ပါဘူး” ဟု ဦးပူကျင့်ရှင်းထန်က ရှင်းပြသည်။
ဇိုမီးအမျိုးသားကွန်ဂရက်ပါတီသည် ၁၉၉၂ ခုနှစ်တွင် မြန်မာစစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

Geen opmerkingen:
Een reactie posten