ရဲရင့်/ ၅ ဧပြီ ၂ဝ၁ဝ
နအဖစစ်အစိုးရ၏၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်၂၀၁၀ရွေးကောက်ပွဲကိုတိုက်ဖျက်ရန် လူထုတိုက်ပွဲအပါအ၀င်တိုက်ပွဲနည်းလမ်းပေါင်းစုံဖြင့်လှုပ်ရှားနေပြီဖြစ်သောကြောင့်လူထုတရပ်လုံးပါဝင်ဆန့်ကျင်ကြရန်နယ်စပ်တွင်ဖွဲ့စည်းလိုက်သည့်လူထုတိုက်ပွဲကော်မတီ-၂၀၁၀ က ယနေ့ပြောကြားသည်။
အဆိုပါအဖွဲ့၏ တာဝန်ရှိသူတဦးဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းတဦးဖြစ်သူ ကိုမိုးသီးဇွန်က “ဒီမှာရှိတဲ့ဒီမိုကရေစီအင်အားစုတွေစုစည်းပြီးတော့လှုပ်ရှားမှုတွေလုပ်မှာဖြစ်တယ်။ပြည်တွင်းထဲမှာ လူထုအစိုးရတရပ်ပေါ်ပေါက်အောင်ကျနော်တို့ဝိုင်းဝန်းကြိုးပမ်းပေးမယ်၊လူထုတိုက်ပွဲတွေ ဖော်ထုတ်ပေးဖို့လည်းဒီအဖွဲ့ကိုဖွဲ့တာဖြစ်တယ်။အဓိကလုပ်ငန်းစဉ်တွေကတော့နိုင်ငံရေးအရတပြည်လုံးမှာ ကျောင်းသားတွေ၊အလုပ်သမားတွေ၊သံဃာတော်တွေ၊အကုန်လုံးကိုဖြန့်ကြက်စည်းရုံးပြီး လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
ယခုလှုပ်ရှားမှုကော်မတီသည်အခြားအဖွဲ့အစည်းများ၏လှုပ်ရှားမှုများနှင့်ပုံစံတူမည်မဟုတ်ဘဲ ပြည်တွင်းလူထုလှုပ်ရှားမှုကြီးကိုသာအဓိကထား၍လုပ်ရှားသွားမည်ဟုလည်းကိုမိုးသီးဇွန်ကပြောသည်။
၎င်းက“အဓိကလူထုလုပ်ရှားမှုကြီးကိုပဲအာရုံစိုက်ပြီးလုပ်ဆောင်သွားမယ်။ ပြည်တွင်းမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်မယ်။ရက်(၆၀)အတွင်းမှာ လူထုလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ဖို့ စီစဉ်ထားတယ်။အတွင်းမှာရှိတဲ့အင်အားစုတွေကအခုဆိုရင်ရွေးကောက်ပွဲကိုလက်မခံတဲ့စာတွေ ထုတ်တယ်။ဓာတ်ပုံပိုစတာဝေတာတွေကိုဆက်တိုက်လုပ်နေတယ်။တအိမ်တက်ဆင်းဒီရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ဆိုတဲ့လှုပ်ရှားမှုတွေစလုပ်နေပြီဖြစ်တယ်”ဟု ခေတ်ပြိုင်သို့ ပြောသည်။
လက်ရှိနိုင်ငံရေးအခြေအနေလိုအပ်ချက်အရယခုကော်မတီကိုဖွဲ့စည်းရခြင်းဖြစ်သည်ဟု လူထုတိုက်ပွဲကော်မတီ-၂၀၁၀၏အဖွဲ့ဝင်တဦးဖြစ်သည့်နိုင်ငံရေးအကျဉ်းသားဟောင်းကိုယဉ်ထွေးက ပြောသည်။
၎င်းက “ပါတီတွေမှတ်ပုံတင်ရမယ့် သတ်မှတ်ရက်မတိုင်ခင်မှာ နအဖကို အမြန်ဆုံးပြန်လည်တွန်းလှန်ဖို့နဲ့ လူထုနဲ့အတူ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက် တိုက်ပွဲဝင်သွားမယ့် လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်နေပါတယ်” ဟု ပြောသည်။
လူထုတိုက်ပွဲကော်မတီ-၂၀၁၀ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ နယ်စပ်ဒေသအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး ဆောင်ရွက်နေသည့် ၀ါရင့်အဖွဲ့အစည်းများ၏ အမြင်သဘောထားများကို မေးမြန်းရာတွင် ယခုကိစ္စနှင့်ပတ်သက်၍ တစုံတရာ မှတ်ချက်မပေးလိုကြောင်း ခေတ်ပြိုင်သို့ ပြောကြားသည်။
အဆိုပါကော်မတီကို ပြီးခဲ့သည့်စနေနေ့၌ ထိုင်း-မြန်မာနယ်စပ်တွင် ၂၀၁၀ ရွေးကောက်ပွဲကို တိုက်ဖျက်ရန် လူထုလှုပ်ရှားမှုတိုက်ပွဲ ဖော်ဆောင်ရေးနှင့် ပြည်သူ့အစိုးရတရပ် ပေါ်ပေါက်နိုင်ရေးအတွက် ရည်ရွယ်၍ လုပ်ငန်းကော်မတီ (၂၁) ဦး၊ အဖွဲ့ဝင် (၄၂) ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။
လူထုတိုက်ပွဲ၂၀၁၀ကော်မတီအဖွဲ့တွင် သံဃာ့ခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်ဟောင်းများ အစရှိသည့် ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူများနှင့် တိုင်းရင်းသားများပါရှိသည်ဟု ကော်မတီ၏ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Geen opmerkingen:
Een reactie posten