ခိုင်လင်း/ ၅ ဧပြီ ၂ဝ၁ဝ
စစ်လက်နက်ပစ္စည်းများတင်ဆောင်ထားသည့်စစ်ကားအစီး(၁ဝဝ)ခန့်ကချင်ပြည်နယ်ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။
အဆိုပါ စစ်ကားများသည် ယမန်နေ့ ညနေပိုင်းက မန္တလေး-ဗန်းမော်လမ်းကြောင်းမှတဆင့် ဗန်းမော်မြို့သို့ ရောက်ရှိကာညအိပ်ရပ်နားခဲ့ပြီးယနေ့နံနက်ပိုင်းပြန်လည်ထွက်ခွာလာခဲ့ရာနံနက်(၁၁)နာရီခန့်တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် မလှမ်းမကမ်းရှိ မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်ကို ဖြတ်ကျော်ကာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်မောင်းသွားခဲ့ကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။
၎င်းက“အမြောက်တင်ထားတဲ့ကားကအစီး(၂ဝ)လောက်ပါမယ်။အမြောက်တလက်ကိုကားတစီးပေါ့။မိုးကာ အုပ်ထားတယ်။ဒါပေမယ့်အမြောက်ပြောင်းတွေကထွက်နေတာ။ကျန်တဲ့ကားတွေကတော့မိုးကာ အုပ်ထားတော့ဘာတင်လာသလဲမသိရဘူး။ကားတွေမှာစစ်သားတွေလည်းပါလာတယ်။ အဲဒီကားတွေဖြတ်တဲ့အချိန်ကျန်တဲ့ခရီးသည်တင်ကားတွေ၊ဆိုင်ကယ်တွေရပ်ထားရတယ်” ဟု ပြောသည်။
ပြီးခဲ့သည့်လအတွင်းကလည်းမြစ်ကြီးနားမြို့ဘက်မှဗလမင်းထင်တံတားကို ဖြတ်ကျော်ကာ ဝိုင်းမော်မြို့နယ် အရှေ့ဘက်ကေအိုင်အိုတပ်စခန်းများအနီးရှိယခင်ကေအိုင်အိုဌာနချုပ်ဟောင်းပါဂျိုနှင့်နားဖော့တွင် တပ်စွဲနေသည့်နအဖတပ်စခန်းများသို့လက်နက်ခဲယမ်းမီးကျောက်များကိုလားများဖြင့်သယ်ယူမှုလည်း ရှိခဲ့သည်။
ကေအိုင်အိုအဖွဲ့သည် ယနေ့အချိန်အထိ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆန်ထားသကဲ့သို့ နအဖဘက်ကလည်း ဧပြီ (၂၈) ရက်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နောက်ဆုံးရက်သတ်မှတ်ပြီး ဖိအားပေးနေချိန်တွင် ယခုကဲ့သို့ စစ်လက်နက်ခဲယမ်းမီးကျောက်များ သယ်ဆောင်နေခြင်းဖြစ်သည်။
ကေအိုင်အိုအပါအဝင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အသွင် မပြောင်း၍ တိုက်ခိုက်ခြင်းမျိုး ယခုလပိုင်းအတွင်း လုပ်လိမ့်ဦးမည်မဟုတ်ဘဲ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် စစ်ရေးအရ ဟန်ပြခြိမ်းခြောက်ခြင်းမျိုးဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်တဦးက ပြောဆိုသည်။
၎င်းက “မတရားအသင်း အရင်ကြေညာမယ်။ ပြီးမှ တရားဥပဒေနဲ့မညီတဲ့ အလုပ်တွေ လုပ်ပါတယ်ဆိုပြီး စွပ်စွဲပြီးမှ တိုက်ခိုက်တာမျိုးဖြစ်မှာ။ တကယ်တိုက်ကြမယ်ဆိုရင် စစ်ဖြစ်တဲ့အချိန်မှ အဲလို လက်နက်၊ ကျည်ဆန်တွေ ပို့လို့ရတာပဲ။ လမ်းတွေ ဒီလောက်ဖောက်ထားတဲ့ဥစ္စာ။ အခုတော့ လူတွေ မတွေ့တွေ့အောင် တမင်လုပ်ပြနေတာ။တလောကကျိုင်းတုံကိုမစ်(၂၉)တိုက်လေယာဉ်လာပြီးအဆင်းအတက်လုပ်တာတို့ ဆိုတာခြိမ်းခြောက်ပြနေတာ။မိတ္တီလာကနေမိနစ်ပိုင်းအတွင်းလာလို့ရတယ်။အခုတော့လူရယ်စရာတောင် ဖြစ်နေသေးတယ်” ဟု ပြောသည်။
Geen opmerkingen:
Een reactie posten