လင်းနိုင်ဦး/ ၅ ဧပြီ ၂ဝ၁ဝ
နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်းခြင်းကိုလက်ခံလိုက်သည့်အန်ဒီအေ(ကချင်)နယ်မြေ ကျေးရွာများနှင့်အစိုးရတပ်ထိန်းချုပ်ထားသည့်ကျေးရွာတို့တွင်ဘိန်းဖြူသုံးစွဲသူလူငယ်များ ပိုမိုများပြားလာကြောင်း ဒေသခံများက ပြောသည်။
ထိုကျေးရွာများတွင် ယခင်က သက်ကြီးရွယ်အို ဘိန်းမဲ သုံးစွဲသူများသာ ရှိသော်လည်း ယခုအခါ ဘိန်းသုံးစွဲသူ လူငယ် ပေါများလာပြီး ဘိန်းမဲအစား ဘိန်းဖြူကို အဓိကထား သုံးစွဲနေကြသည်ဟု သိရသည်။
“ကျနော်တို့ဒေသမှာအရင်ကလည်းဘိန်းစိုက်တယ်၊အခုလည်းစိုက်တယ်။ဒီတော့ဘိန်းစားတွေရှိတာ မဆန်းဘူး။ဒါပေမယ့်အရင်ကဘိန်းစားဆိုတာဘိန်းမဲကိုရှူတာ၊အခုနောက်ပိုင်းတော့အဆင်မြင့် ဘိန်းဖြူတွေကိုသုံးနေကြတယ်။အခုဘိန်းမဲရှူတာကိုသက်ကြီးရွယ်အိုတွေလောက်ပဲလုပ်ကြတယ်။ ဒီအခြေအနေအတိုင်းဆိုကချင်လူမျိုးတွေအတွက်ကတော့ရင်လေးစရာပဲ”ဟုအဆိုပါဒေသအတွင်း နေထိုင်သူ တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောသည်။
အန်ဒီအေ (ကချင်)နှင့်ကေအိုင်အေတို့စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲကာငြိမ်းချမ်းရေးယူချိန်မှစ၍အဆိုပါ ဒေသတွင်းတွင်လျှို့ဝှက်ဘိန်းချက်စခန်းများပေါ်လာပြီးဘိန်းဖြူထုတ်လုပ်ခြင်း ရှိခဲ့သည်ဟု၎င်းက ပြောသည်။
ယခင်ကကချင်ပြည်နယ်မှထွက်သည့်ဘိန်းများကိုဘိန်းစိမ်းအဖြစ်သာထိုင်း-မြန်မာနယ်စပ်ဘက်သို့ ရောင်းချပြီး ထိုင်း-မြန်မာနယ်စပ်မှတဆင့်ဘိန်းဖြူအဖြစ်ကမ္ဘာ့နိုင်ငံအနှံ့သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
အချို့ဘိန်းချက်စက်ရုံများကိုစစ်အစိုးရတပ်နှင့်ကေအိုင်အေတပ်တို့ကဖော်ထုတ်ဖျက်ဆီးမှုရှိခဲ့သော်လည်း ဘိန်းချက်စက်ရုံများမှာပျောက်ကွယ်မသွားဘဲတရုတ်-မြန်မာနယ်စပ်မြန်မာဘက်ခြမ်းနှင့် တရုတ်ဘက်ခြမ်းတွင်ပါဘိန်းဖြူ ဆက်လက် ချက်လုပ်နေကြသည်ဟု အဆိုပါ တိုင်းရင်းသားခေါင်းဆောင်က ပြောသည်။
ထိုဘိန်းချက်စက်ရုံတို့မှထွက်သည့်ဘိန်းဖြူများသည်ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့သာမက အခြားမြို့များနှင့်ကျေးလက်အထိပါပျံ့နှံ့သွားခြင်းဖြစ်ကာအချို့ဘိန်းဖြူများမှာအိန္ဒိယနယ်စပ်ဘက်သို့ ရောက်ရှိသွားသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ဆော့လော်မြို့နယ်ကျေးရွာတခုတွင်နေထိုင်သူတဦးက“ကျနော်တို့ဆော့်လော်မန်ကျီ ကျေးရွာတွေဘက်မှာခုနောက်ပိုင်းဘိန်းဖြူသုံးသူတွေများလာတယ်။နယ်စပ်ပန်ဝါ၊ကမ်ပိုင်တီ ဘက်တွေမှာလည်းဘိန်းဖြူသုံးသူများတယ်။ကျနော်တို့ဘက်ကဘိန်းဖြူဖြန့်ဖြူးတဲ့သူတွေက တရုတ်နယ်စပ်ကနေ သွားဝယ်တယ်လို့ သိရတယ်” ဟု ပြောသည်။
ကချင်ပြည်နယ်ရှိနယ်မြေများကိုစစ်အစိုးရတပ်၊ကေအိုင်အေ၊အန်ဒီအေ(ကချင်)တပ်ဖွဲ့တို့က ထိန်းချုပ်ထားပြီး နှစ်ပါင်းများစွာကတည်းက ဘိန်းစိုက်ပျိုးမှု ရှိခဲ့ကာ စစ်အစိုးရနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ငြိမ်းချမ်းရေး ရယူပြီးနောက်ပိုင်း ဘိန်းဖြူချက်လုပ်မှုများပင် ရှိလာပြီး ဒေသအတွင်း၌လည်း ဘိန်းဖြူသုံးစွဲသူ လူငယ်လူရွယ်များ ပေါများလာခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့ခံတဦးက“ကျေးလက်တွေမှာသားတယောက်အရွယ်ရောက်လာရင်ကချင်စစ်တပ်၊ ဒါမှမဟုတ် ရဲတပ်ဖွဲ့ တဖွဲ့ဖွဲ့ထဲဝင်ဖို့အားပေးရတယ်။ဒီအတိုင်းနေရင်ဘိန်းစားဖြစ်ဖို့ရာခိုင်နှုန်းများတယ်”ဟု ပြောဆိုသည်။
ဒေသတွင်းတာဝန်ကျသည့်စစ်အစိုးရတပ်များကနှစ်စဉ်ဘိန်းဖျက်ဆီးရေးလုပ်နေသော်လည်း အမည်ခံမျှသာဖြစ်ကြောင်း ဒေသခံများက ပြောကြသည်။
Geen opmerkingen:
Een reactie posten