ခိုင်လင်း/ ၂ ဧပြီ ၂ဝ၁ဝ
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်နှင့် နမ်းခမ်းမြို့နယ်အတွင်းရှိ ဒေသခံလူထုတို့သည် ရွှေလီရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားများကို မကြာသေးမီရက်ပိုင်းကစ၍ စတင်အသုံးပြုခွင့် ရရှိခဲ့သော်လည်း မီးပုံမှန်မရရှိဘဲ မီတာဘောက်စ် လဲလှယ်မှုအတွက် ငွေသောင်းချီ ပေးရသဖြင့် မကျေမနပ်ဖြစ်နေကြသည်။
မတ် (၃၁) ရက် နောက်ဆုံးထား၍ တရုတ်မီတာဘောက်စ်အစား မြန်မာမီတာဘောက်စ် လဲလှယ်ခဲ့ကြရပြီး လျှပ်စစ်ဌာနသို့ ငွေကျပ် (၆၅,ဝဝဝ) ပေးသွင်းခဲ့ရကြောင်း၊ ရက်ကျော်လွန်ပါက ငွေကျပ် (၈၅,ဝဝဝ) ပေးဆောင်ရမည်ဆို၍ အချိန်မီပေးသွင်းခဲ့ရသော်လည်းလျှပ်စစ်မီးမှာမူပုံမှန်မရကြောင်းမူဆယ်မြို့ခံတဦးက ပြောသည်။
၎င်းက “ဒဏ်ရိုက်မယ်ဆိုတော့ လျှပ်စစ်ဌာနမှာ ရှမ်းပွဲကျင်းပနေသလား ထင်ရတယ်၊ လူတွေတရုန်းရုန်းနဲ့။ အဲလို ကိုယ်က တာဝန်ကျေကျေနဲ့ ငွေသွင်းခဲ့ရတာ မီးကျတော့ ညတောင် ပုံမှန်မလာတော့ဘူး။ ညဆို ဆိုင်တွေလောက်ပဲ ကိုယ့်မီးစက်နဲ့ ကိုယ်မို့ လင်းပေမယ့် ကျန်တဲ့နေရာတွေက မှောင်မည်းနေတာ။ ဘယ်အချိန်မီးလာပြီးဘယ်အချိန်မီးပြတ်မလဲဆိုတာမသိဘူး။အရင်တရုတ်မီးတုန်းကဆို(၂၄)နာရီရတယ်။ တရုတ်မီးဝယ်သုံးတာအနှစ်(၂ဝ)ကျော်ရှိနေပြီ။အဲလိုဖြစ်ကုန်တော့ဒီကလူတွေကဖယောင်းတိုင်မီးနဲ့ မနေတတ်တော့ဘူး” ဟု ပြောသည်။
၁၉၈၉ ခုနှစ်မှစ၍တရုတ်ပြည်ဘက်မှလျှပ်စစ်မီးကိုဝယ်ယူသုံးစွဲနေရပြီးယမန်နှစ်၊မေလအတွင်းက ဖွင့်လှစ်ခဲ့သည့်နမ်းခမ်းမြို့နယ်၊အနောက်တောက်ဘက်မန်တပ်ရွာအနီးရှိရွှေလီရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားကို ယခုအခါ ဒေသအတွင်း စတင်ဖြန့်ဖြူးနေခြင်းဖြစ်သည်။
တရုတ်လျှပ်စစ်ကိုဝယ်ယူစဉ်ကမူဆယ်လျှပ်စစ်ဌာနကဒေသခံလူထုထံမှခေါင်းပုံဖြတ်ခဲ့ပြီး ရွှေလီလျှပ်စစ်ဓာတ်အားအသုံးပြုမည်ဆိုပြန်တော့လည်းမီတာဘောက်စ်လဲသည့်နေရာတွင် ကိုယ်ကျိုးရှာနေကြသည်ဟုမူဆယ်လျှပ်စစ်ဌာနနှင့်နီးစပ်သူဒေသခံတဦးကပြောသည်။
၎င်းက “လျှပ်စစ်ဌာနမှူးက ဦးအောင်ကျော်မိုး၊သူဒီမှာတာဝန်ကျနေတာ(၁၅)နှစ်လောက်ရှိနေပြီ။ တရုတ်မီးသုံးတုန်းက (၁)ယူနစ်ကို(၁.၂)ယွမ်ကနေ(၁.၆)ယွမ်အထိပေးကြရတယ်။ ဟိုဘက်ကို ပြန်ဆောင်တော့ (၁)ယူနစ်ကို (.၅ )ယွမ်လောက်နဲ့ပေးရတယ်။လေလွင့်ယူနစ်အတွက် ပိုကောက်ရတယ်ဆိုပြီး လုပ်ထားတာ” ဟု ပြောသည်။
လျှပ်စစ်ဌာနမှူးက တိုင်းမှူး အဆက်ဆက်၊ ခယက၊ မယက တို့ကို လာဘ်ထိုးပြီး မီတာဘောက်စ်နှုန်းထားများကို ကောက်ချင်တိုင်းကောက်နေကြောင်း၊ ယခုလဲသည့် မီတာဘောက်စ်များသည် စက်မှု (၂)ထုတ်များဖြစ်ပြီး တခုလျှင် ကျပ်ထောင်ပိုင်းမျှသာ တန်သည်ကို မူဆယ်တွင် ကျပ် (၂ဝ,ဝဝဝ) ကျော် ကောက်နေကြောင်း အဆိုပါ မူဆယ်ဒေသခံက ပြောသည်။
မှတ်ချက်။ တရုတ်ငွေ ၁ ယွမ် (yuan) တွင် ၁၀ ဂျော့ (jiao) ရှိသည်။
Geen opmerkingen:
Een reactie posten