မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 2 april 2010

စည်ပင်မှ စွန့်ပစ်ကြွပ်ကြွပ်အိတ်များသာ ၀ယ်ယူနေရ

စိုးမိုး/ ၂ ဧပြီ ၂ဝ၁ဝ
ပလတ်စတစ်စက်ရုံများ ဆက်လက်ထုတ်လုပ်ခွင့် ရရှိရေးအတွက် စွန့်ပစ်ကြွပ်ကြွပ်အိတ်များကို ပြန်လည်ဝယ်ယူနေရသော လုပ်ငန်းရှင်များက ရန်ကုန်မြို့တော် စည်ပင်သာယာမှ သိမ်းဆည်းသည့် အမှိုက်များကိုသာ ပြန်လည်ဝယ်ယူနေပြီး ပြင်ပမှ ပုဂ္ဂလိက အမှိုက်သိမ်းသူများထံမှ ပြန်လည်ဝယ်ယူခြင်းမရှိဟု သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတွင်း ကြွပ်ကြွပ်အိတ်သုံးစွဲမှုနှင့် ထုတ်လုပ်မှုကို အာဏာပိုင်များက ပိတ်ပင်လိုက်ပြီး နိုင်ငံတွင်း စုပုံနေသည့် ကြွပ်ကြွပ်အိတ် စွန့်ပစ်ပစ္စည်းများကို ပလတ်စတစ် လုပ်ငန်းရှင်များအား သိမ်းဆည်းခိုင်းနေခြင်းကြောင့် ပလတ်စတစ် လုပ်ငန်းရှင်များက စွန့်ပစ်ကြွပ်ကြွပ်အိတ်များကို ပြန်လည်ဝယ်ယူနေရခြင်းဖြစ်သည်။
“ရီဆိုင်ကယ် ပြန်လုပ်ဖို့တော့ စီစဉ်ထားပါတယ်။ ဒါပေမယ့် စက်တွေက သင်္ကြန်ပြီးလောက်မှ ရောက်မယ်။ အခု ပလတ်စတစ်တွေ ပြန်ဝယ်နေပေမယ့် ထားစရာနေရာ မလောက်တော့တာရယ်၊ နောက် မီးဘေးလည်း စိုးရိမ်ရတာရယ်ကြောင့် လောလောဆယ် အ၀ယ်ရပ်ထားပါတယ်”ဟု ရန်ကုန်အခြေစိုက် ပလတ်စတစ် စက်ရုံလုပ်ငန်းရှင်တဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်က ပလတ်စတစ် စက်ရုံများကို လုပ်ငန်းပိတ်သိမ်းရန် ရန်ကုန်မြို့တော်စည်ပင်က အမိန့်ချခဲ့သော်လည်း ပလတ်စတစ်လုပ်ငန်းရှင်များက စွန့်ပစ်ပလတ်စတစ်များကို ပြန်လည်သိမ်းဆည်းပါမည်ဟူ၍ သဘောတူညီခဲ့ပြီး လုပ်ငန်းများ လည်ပတ်နေခြင်းဖြစ်သည်။
ယင်းသဘောတူညီချက်အရ ရန်ကုန်မြို့တော်စည်ပင်မှ သိမ်းဆည်းရောင်းချသည့် ကြွပ်ကြွပ်အိတ်အမှိုက်များကို ပလတ်စတစ်လုပ်ငန်းရှင်များက ၀ယ်ယူရပြီး ယင်းသို့ဝယ်ယူသည့်အတွက် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန်ု စည်ပင်က ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ဝယ်ယူပြီးကြွပ်ကြွပ်အိတ်အမှိုက်များကိုဒဂုံဆိပ်ကမ်းမြို့နယ်တွင်သိုလှောင်ထားသဖြင့် အပူချိန်တိုးလာသည့် နွေရာသီတွင် မီးဘေးအန္တရာယ်ကိုလည်း လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
“စက်ရုံဖြစ်လာမှနောက်ထပ်လိုအပ်ချက်အရ အပြင်ကနေ ၀ယ်ဖို့ တဆင့်တက်ပြီး လုပ်ရပါမယ်။ အခုဟာက ၀ယ်ပြီး သိမ်းထားရသလို ဖြစ်နေတယ်။ အခု စည်ပင်ကနေ ပလတ်စတစ်အမှိုက်တွေ ဦးစားပေးဝယ်နေတာက စည်ပင်ရန်ပုံငွေအတွက်လည်း ပါပါတယ်။မှန်မှန်ဝယ်နေရတယ်”ဟုအဆိုပါ ပလတ်စတစ်လုပ်ငန်းရှင်က ဆက်ပြောသည်။
ရန်ကုန်မြို့တော်တွင်းပလတ်စတစ်စက်ရုံပေါင်း(၁၄၆)ရုံရှိပြီးယင်းစက်ရုံများစုပေါင်းကာ အမေရိကန်ဒေါ်လာ(၃)သိန်းခွဲရင်းနှီးမြှုပ်နှံပြီးပလတ်စတစ်ရီဆိုက်ကယ်စက်ရုံတည်ထောင်ရန်စီစဉ်ထားသော်လည်း အကောင်အထည်မပေါ်သေးဘဲ ရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်အတွင်းက မြို့တွင်းရေမြောင်းများ ပလတ်စတစ်အမှိုက်များ ပိတ်ဆို့မှုကြောင့် မိုးတွင်းကာလလမ်းများ ရေကျော်မှုနှင့် ပျက်စီးမှုများကို ဖြေရှင်းသည့်အနေဖြင့် မန္တလေးမြို့က စတင်လိုက်သော ကြွပ်ကြွပ်အိတ် အသုံးမပြုရန် တားမြစ်ချက်ကို ရန်ကုန်၊ နေပြည်တော်အပါအ၀င် နိုင်ငံတွင်း မြို့ကြီးများတွင် လိုက်ပါလုပ်ဆောင်လာကြခြင်းဖြစ်သည်။





Geen opmerkingen: