မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 5 april 2010

အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး

ဖြူဖြူသင်း Monday, April 05, 2010
.ကျမတို့ဆီလာရောက်ဆက်သွယ်ဆေးကုသကြသူတွေဟာနယ်အသီးသီးကလာတာများပါတယ်။လူနာတွေ နေတဲ့နေရာကိုလူသစ်ရောက်လာတယ်ဆိုရင်တော့သူတို့အချင်းချင်းနာမည်ရင်းကိုမခေါ်ဘဲသူတို့လာရာ ဒေသကိုအစွဲပြုပြီးဖျာပုံ၊သာပေါင်း၊ဒေးဒရဲ၊ပုပ္ပားအစရှိသဖြင့်ခေါ်ဝေါ်ကြပါတယ်။
တချို့ကိုတော့သူတို့အလုပ်အကိုင်ကိုအစွဲပြုပြီးတော့အမည်ပေးကင်ပွန်းတပ်ပါတယ်။ဥပမာတပ်ထဲက လာတဲ့အရာခံတယောက်ကိုနာမည်တပ်မခေါ်ဘဲရဲဘော်ကြီးဆိုပြီးခေါ်သလိုကျောက်ပန်းတောင်းဘက်ကရဲဝန်ထမ်းကိုရဲပြုတ်၊ရဲပြုတ်နဲ့ခေါ်နေကြလို့ ဒီလိုမခေါ်ဘဲရဲဟောင်းလို့ခေါ်ပါဆိုပြီးကျမကသင်ပေးရပါတယ်။
ဒါပေမယ့်သူက“ရဲကပြုတ်တာလည်းမဟုတ်ဘူး၊အဟောင်းလည်းမဟုတ်ဘူးရဲဘ၀ကိုမလိုချင်လို့ ကျော်လာတာ၊ကျနော့်ကိုရဲကျော်လို့ခေါ်ပါ”ဆိုပြီးပြောပါတယ်။ဒါနဲ့ပဲသူ့နာမည်ကရဲကျော်ဖြစ်သွားပါတယ်။
ရဲကျော်ဆိုတဲ့ဒီကလေးရန်ကုန်လာပြီးတော့ဆေးဝါးကုသတုန်းကကျောက်ပန်းတောင်းမြို့ကအဖွဲ့ဝင်များက ကျမကိုအထူးသတိပေးပါတယ်၊ဒီကလေးဟာလူမိုက်ဖြစ်ပြီးတော့အတော်လေးဆိုးသွမ်းတယ်၊လူရိုက်တယ်၊ မြို့လယ်ခေါင်မှာတောင်ငှက်ကြီးတောင်ဓားလွယ်ပြီးတော့မိုက်တိမိုက်ကန်းလုပ်လို့အချုပ်ခဏခဏ ကျတယ်၊ရဲသားဘ၀မှာလည်းသူနဲ့ဆက်စပ်ရာပတ်ဝန်းကျင်ကိုအတော်လေးဒုက္ခပေးတယ်ဆိုတဲ့အကြောင်း ပြောပြကြပါတယ်။
ကျမဆီစတင်ရောက်လာစဉ်ကတော့တီဘီဆေးပထမအဆင့်ယဉ်ပါးနေပြီးတော့ပက်လက်လှန်ပြီး ရောက်လာတာပါ။မိတ်ဆွေများသတိပေးသလိုပဲအင်မတန်ရိုင်းစိုင်းပါတယ်။လူကသာ ပက်လက်လှန်နေတာပါ၊ဘ၀တူတွေကိုမစာနာပါဘူး။ဆဲဆိုလိုက်၊ကြိမ်းမောင်းလိုက်လုပ်နေတာပါ။သူလည်း တီဘီဆေးမတည့်တဲ့စာရင်းမှာပါပါတယ်။ဒါ့ကြောင့်ဒေါသပိုကြီးနေသလားဒါမှမဟုတ်မူလကတည်းကပဲ ရိုင်းစိုင်းသလားဆိုတာတော့သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမှာကျမမိသားစုကလူနာတွေအတွက်ပေးထားတဲ့အိမ်တလုံးမှာရဲကျော်ကနေပါတယ်။ ခုချိန်ထိလူနာတွေအများအပြားအဲဒီမှာခိုလှုံနေကြပါတယ်။တောင်ဒဂုံ၁၈ရပ်ကွက်မှာရှိတဲ့အိမ်ဖြစ်လို့ လူနာတွေကြားထဲမှာတော့၁၈အိမ်ရယ်လို့လူသိများပါတယ်။
အဲ့ဒီအိမ်ကလူနာတွေဟာကျမကိုလာလာတိုင်ပါတယ်၊ရဲကျော်ကဘယ်လိုဆဲကြောင်း၊ဘယ်လို မိုက်ရိုင်းကြောင်းအစရှိသဖြင့်ပြောပါတယ်။ကျမလည်းသူ့ကိုအိမ်ခေါ်ပြီးအေးအေးသက်သာဆုံးမပါတယ်။ ထုံးစံအတိုင်းကျမရှေ့မှာဟုတ်ကဲ့၊ဟုတ်ကဲ့ပါပဲ။ကွယ်ရာမှာတော့ဆိုးမြဲဆိုးပါတယ်။ကျမကိုကူညီနေတဲ့ လူငယ်တွေကဆို “ဒီကောင်သေချင်သေပါစေ၊ပြန်လွှတ်ပစ်လိုက်”ဆိုပြီးပြောတာတောင်ရှိပါတယ်။ဒါပေမယ့် ကျမစိတ်ရှည်ခဲ့ပါတယ်။
နောက်ဆုံးတော့ကျမသူ့ကိုနာမည်ကျော်မဂ္ဂင်ကျောင်းမှာကိုရင်ကြီးဝတ်ဖို့စီစဉ်ပေးလိုက်ပါတယ်။လူ့စိတ်က ဆန်းကျယ်တယ်ဆိုတာကျမလက်တွေ့သိလိုက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကိုရင်ကြီးဝတ်ပေးပြီးတော့ သူဟာတကယ့်ကိုသိမ်မွေ့သွားလို့ပါ။တခုခုလိမ်ချင်လို့များလိမ်မာချင်ယောင်ဆောင်နေတာလားလို့တောင် သူ့မိသားစုကထင်ကြပါတယ်။ဒါပေမယ့်၂နှစ်အတွင်းသူကွမ်းယာပြန်စားတာကလွဲပြီးကျန်တာတွေ မလုပ်တော့ပါဘူး။တရားသဘောတွေ၊ဘာတွေကိုနားလည်လို့တော့မဟုတ်ပါဘူးတဲ့၊လူတယောက်ကျင့်ဝတ် ဆိုတာကိုသူနားလည်သွားလို့ပါ တဲ့။
ကျမလည်းခုထက်ထိဒီကလေးအကြောင်းကြားလိုက်ရင်ကောင်းကြောင်းချည်းပဲကြားပါတော့တယ်။ ရဲကျော်ကဘယ်လူနာကိုဘယ်လိုကူညီတာ၊ဘယ်လိုပြုစုစောင့်ရှောက်ပေးတာဆိုတာချည်းပဲကြားရတော့သူ တကယ်ပြောင်းလဲသွားပြီဆိုပြီးတော့ခုချိန်ထိဝမ်းသာတုန်းပါပဲ။
နောက်တယောက်ကသာပေါင်းမြို့ကလာလို့သာပေါင်းလို့အလွယ်ခေါ်ကြပါတယ်။ဒီကလေးကျတော့ လိုချင်လောဘများတယ်ပြောရမလား၊ဘယ်လိုပြောရမယ်မသိပါဘူး၊အတော်များများကတော့ဒီကလေးရဲ့ အပြုအမူကိုမကြိုက်ကြပါဘူး။ဥပမာသူကဘယ်သူဟင်းကောင်းချက်သလဲကြည့်ပြီးတော့အဲ့ဒီ ဟင်းကောင်းချက်တဲ့လူစားမယ့်အချိန်ကိုစောင့်တတ်တယ်၊အဲ့ဒီလူတွေစားတော့သူပါထမင်းခူးပြီးရောစား အစရှိသဖြင့်လုပ်တတ်ပါတယ်။
နောက်ထပ်တခုကကျမအဲ့ဒီကိုသွားရင်အမြဲပဲသူ့ကိုအိပ်နေတာပဲမြင်တယ်။ကျမကတော့သူမသက်သာလို့ ထင်ပြီးမုန့်ဖိုးပေးရင်လည်းသူ့ကိုပဲများများပေးတာပေါ့။နောက်ပိုင်းမှာတော့တခြားလူတွေနဲ့အဲ့ဒီမှာနေနေတဲ့ ကျမတို့အဖွဲ့ဝင်ကိုရာဇာကိုယ်တိုင်ပြောပြတယ်၊ဒီကလေးကကျမမလာဘူးဆိုရင်တော့ပုံမှန် သွားလာနေတာပါပဲတဲ့။ကျမရောက်လာပြီးဟိုလူ့နှုတ်ဆက်၊ဒီလူ့နှုတ်ဆက်လုပ်နေပြီဆိုရင်သူက ကြုံတဲ့နေရာ အိပ်ချလိုက်တာပါပဲတဲ့။ကျမလည်းနောက်တော့သတိထားမိသွားပါတယ်။
သူ့ကိုဘယ်လိုဆုံးမရမလဲဆိုတာစဉ်းစားနေတုန်းနောက်ရက်တွေမှာသူအတော်လေး ပြောင်းလဲသွားပါတယ်၊ မရှိရှိတာနဲ့စားတယ်၊နောက်သူတပါးကိုလည်းတော်တော်လေးကူညီလာတာတွေ့တော့ကျမ အံ့သြသွားပါတယ်။ရက်ပိုင်းအတွင်းပြောင်းလဲသွားတာဆိုတော့ကျမလည်းသိပ်တောင်မယုံချင်ဘူး။ သူ့ကိုလည်းမေးမကြည့်မိဘူး။
လူတိုင်းကလည်း“သာပေါင်း၊သာပေါင်း”ဖြစ်လာပါတယ်။အယင်ကလည်းဖြစ်တာပါပဲ၊ဒါပေမယ့် ဆဲဆိုပြီးတော့ဖြစ်တာပါ။ခုဖြစ်တာကျတော့ချစ်လို့တမ်းတတာပါ။ဒီကလေးပြန်မယ်ဆိုရင်လမ်းစရိတ် စုပေးတာမျိုးကအစလုပ်ပြီးတော့တော်တော်လေးကိုချစ်ခင်သွားတာတွေ့ရတော့ဘယ်လိုများ စည်းရုံးထားသလဲတောင်စဉ်းစားမိပါတယ်။တခြားလူတွေကလည်းသာပေါင်းပြောင်းလဲသွားတာတော့ သိတယ်၊ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကျမကိုမပြောပြတတ်ကြပါဘူး။
နောက်ဆုံးတော့ ကျမ မနေနိုင်ဘူး၊ မေးကြည့်လိုက်တော့မှ သူက “ကျနော်က အရင် အဲ့ဒီလို လုပ်နေတာ လိုချင် လောဘလည်း ပါပါတယ်၊ ရောဂါ သည်းနေတာလည်း ပါတယ်။ ဒါပေမယ့် ကျနော့်ကို ကိုရာဇာက တရက် ခေါ်ပြောပါတယ်၊ဟေ့ယောင်-ငါအမုန်းဆုံးကလူတွေရဲ့ကရုဏာတရားကိုလိမ်လည်တာကိုပဲ။ မင်းက အဲ့ဒီလိုလုပ်နေတာကြာပြီ။ဒီတော့ပြင်ရင်ပြင်၊မပြင်ရင်တော့မင်းကိုငါစကားမပြောတော့ဘူး၊မင်းဖာသာ နေချင်သလိုနေလို့ပြောတော့ကျနော်လည်းစဉ်းစားရင်းရှက်လာတယ်။နောက်မျက်ရည်လည်း ကျမိတယ်” တဲ့။
အရင်တုန်းကကိုရာဇာကသူ့ကိုဘာတခုမှမပြောတာဟာအကြောင်းမသိလို့မဟုတ်ဘဲသူဘယ်အချိန်ပြုပြင် ပြောင်းလဲသွားမလဲ ဆိုပြီး စောင့်ကြည့်နေတာကို သိလိုက်ရလို့ လိပ်ပြာမလုံ ဖြစ်သွားတယ်လို့ ဆိုပါတယ်။
“အဲ့ဒီအချိန်ကစပြီးတော့ကျနော့်ကိုယ်ကျနော်မေးခွန်းထုတ်တယ်၊လူဆိုတာဘာလဲပေါ့။ငါလည်းသေမယ်၊ သူလည်းသေမယ်၊နေရတုန်းလူတွေမုန်းတာခံမလား၊ဒါမှမဟုတ်တခြားလူတွေကိုကူညီပြီးတော့အသက် ရှင်မလားဆိုပြီးစဉ်းစားတယ်။ ပြီးတော့လူပီသအောင်နေလိုက်တာပါ”တဲ့။ သူရှင်းပြတာကို ကြားလိုက်ရတဲ့ ကျမ အံ့သြပြီးတော့ သူ့ကို လေးစားသွားပါတယ်။
လူနာတွေကကျမကိုချစ်ကြပြီးတော့ပြတ်ပြတ်သားသားပြောတတ်ကြတဲ့ကျမတို့အဖွဲ့ထဲကကိုရာဇာ၊ ကိုသန်းထိုက်အောင်တို့ကို ကြောက်ကြပါတယ်။



အပြုအမူ လုံးဝ ပြောင်းလဲသွားတဲ့ သာပေါင်းက ပြောပါသေးတယ် “ကျနော်က ကိုရာဇာ့ကို အစ်ကို တယောက်လိုလည်း ချစ်တယ်၊ လေးလည်း လေးစားပါတယ်” တဲ့။



ကျမတို့ အဖွဲ့ရဲ့ အောင်မြင်မှုလေးတခု ဖြစ်တဲ့ ဒီဖြစ်ရပ်ကလေးကို ကြည်နူးစဖွယ် အမြဲတမ်း သတိရမိနေမှာပါ။ တကယ် ပြောင်းလဲသွားတဲ့ ဒီကလေး နှစ်ယောက်လည်း ကျန်းမာစွာနဲ့ လူ့သက်တမ်းစေ့စေ့ နေထိုင်နိုင်ပါစေ၊ တခြားသူများကို ကူညီပေးနေသူတွေ ဖြစ်ကြပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်။

Geen opmerkingen: