ခိုင်သွယ် Monday, April 05, 2010
.ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မပါဝင်ပါကမဲပေး၊မပေးကိုလူ၅၀၀ကျော်အား မေးမြန်းခဲ့ရာ၂၅၀ကျော်က မဲမပေးလိုဟု ပြောဆိုသည်။
ဧရာဝတီ မဂ္ဂဇင်းက ရန်ကုန်မြို့နေအသက်၂၀ ၀န်းကျင်မှအသက်၇၀၀န်းကျင်အရွယ်အမျိုးသား၊ အမျိုးသမီး ၅၂၀ကိုမကြာသေးမီက မေးမြန်းရာ၂၅၂ ဦးကရွေးကောက်ပွဲတွင်NLDမပါဝင်လျှင် မဲမပေးလိုဟု ဖြေဆိုပြီး ၁၉၈ ဦးကNLDမပါလည်းမဲပေးသင့်သည်ဟုဖြေဆိုကြသည်။ကျန်၇၀ကမူနိုင်ငံရေး အခြေအနေပေါ်တွင်မူတည်ကာစဉ်းစားဆုံးဖြတ်သွားမည်ဖြစ်သောကြောင့် မဖြေဆိုနိုင်သေးကြောင်း ပြောသည်။
မတ်လ ၂၉ ရက်နေ့က NLD ရုံးချုပ်တွင် စုဝေးနေကြသော NLD အဖွဲ့ဝင်များ (ဓာတ်ပုံ - ရိုက်တာ
မဲမပေးဟု ဖြေဆိုခဲ့သူ ၂၅၂ ဦးထဲမှအသက်၅၄ နှစ်ဝန်းကျင်အရွယ်ရှိဆောက်လုပ်ရေးအင်ဂျင်နီယာတဦးက “NLDပါတီကိုပဲထောက်ခံတယ်၊ကြိုက်တယ်။ပြီးခဲ့တဲ့၁၉၉၀ရွေးကောက်ပွဲတုန်းကလည်းNLDကိုပဲ မဲပေးခဲ့တာ။အခုအဲဒီပါတီမပါတော့ဘူးဆိုရင်ရွေးကောက်ပွဲမှာမဲပေးစရာလည်း မရှိဘူး၊ မဲလည်း သွားမပေး တော့ဘူး” ဟု ဆိုသည်။
အသက် ၃၀ အရွယ်ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတဦးကလည်းNLDပါတီတခုကိုသာသိကြောင်း၊ တခြားသော ပါတီများကိုလုံးဝမသိကြောင်း၊စိတ်လည်းမဝင်စားသောကြောင့် NLDမပါလျှင် ရွေးကောက်ပွဲတွင် မဲထည့်မည် မဟုတ်ကြောင်း ပြောသည်။
GTC ကျောင်းသားတဦးကလည်း “NLDမပါရင်တော့ ရွေးကောက်ပွဲက အနှစ်သာရ မရှိတော့ဘူး။ ရွေးကောက်ပွဲ ၀င်ကြတဲ့ ပါတီတွေ အားလုံးကလည်း သူတို့ လူတွေချည်းပဲ ဆိုတော့ ကျနော်ကတော့ ရှင်းရှင်းပဲ၊ မဲကို မပေးတော့ဘူး” ဟုဆိုသည်။
NLD မပါလျှင် မဲမပေးဟု ဖြေဆိုထားသူ အများစုမှာ ရွေးကောက်ပွဲဝင်ရန် NLD ပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု
အမြင်ရှိသူများဖြစ်ပြီး ၎င်းတို့ထဲမှ တချို့မှာNLD ၏ သဘောထားနှင့် ဆုံးဖြတ်ချက်ကို လေးစားသောကြောင့် ရွေးကောက်ပွဲကို
ဆန့်ကျင်သည့် သဘောဖြင့် မဲသွားမပေးရန် ဆုံးဖြတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။
“လူအများညီမယ်၊လူတိုင်းဟာကျနော်တို့လိုပဲ ရွေးကောက်ပွဲမှာ မဲသွားမပေးဘူး ဆိုရင် ဒီရွေးကောက်ပွဲဟာ မအောင်မြင် နိုင်ဘူးလို့ မြင်တယ်။လူတွေညီဖို့လိုတယ်၊အားလုံးမဲရုံတွေကို မသွားဘဲနဲ့ နေသင့်တယ်။ အဲဒါမျိုးနဲ့ ဆန့်ကျင်သင့်တယ်”ဟုအသက်၂၈ နှစ်အရွယ် အငှားယာဉ်မောင်းတဦးက သူ့သဘောထားကို ပြောသည်။
NLDမပါဝင်သော်လည်းမဲပေးသင့်သည်ဟုဖြေဆိုခဲ့သူအသက်၅၃နှစ်အရွယ်၊ဆက်သွယ်ရေးဝန်ထမ်းတဦးက “၀န်ထမ်း ဖြစ်တဲ့အတွက် မဲပေးကို ပေးရမယ့် အခြေအနေမှာ ရှိတယ်။ NLD မပါဝင်ဘူး ဆိုရင်တော့ စိတ်မကောင်းဖြစ်ရတယ်။ ဒါပေမယ့် သင့်တော်တဲ့ ပါတီ တခုခုကိုတော့ ရွေးပြီး မဲပေးပါမယ်၊ ကြံ့ဖွံ့လို အဖွဲ့မျိုးက လွဲရင်ပေါ့” ဟု ဆိုသည်။
အစိုးရအနေဖြင့် အစိုးရ ၀န်ထမ်းများနှင့် စစ်တပ်များကို မဲ မဖြစ်မနေပေးခိုင်းမည် ဖြစ်ပြီး ထိုမဲများကိုလည်း ၎င်းတို့ စိတ်တိုင်းကျ ဖြစ်စေရန် စီစဉ်သွားနိုင်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။
“ကိုယ်က မဲသွားမပေးဘူး ဆိုရင်လည်း သူတို့က ကိုယ့်ကိုယ်စား မဲတပြားကို အသုံးချဖို့ အခွင့်အရေး ပိုရသွားလိမ့်မယ်။ အဲဒီလို အဖြစ်မခံနိုင်တဲ့ အတွက် မဲကတော့ ပေးကို ပေးရမယ်။ ပါတီကတော့ ရွေးရဦးမှာပဲ” ဟု အသက် ၃၈ နှစ်အရွယ် ကုန်သည် အမျိုးသမီးတဦးက ဆိုသည်။
NLDမပါသော်လည်း မဲပေးသင့်သည်ဟု ဖြေဆိုခဲ့သော အသက် ၆၀ အရွယ် ကျူရှင်ဆရာ တဦးကလည်း “ဘာဖြစ်လို့ မဲပေး သင့်တာလဲ ဆိုရင် မဲပေးခွင့်က ကိုယ့်အခွင့်အရေးပဲ။ ဒါကို ဖော်ထုတ်ပြရမှာပဲ။ နောက်တချက်က ကိုယ့်မဲကို သူ့မဲဖြစ်အောင် လုပ်ကြလိမ့်မယ်။ ဒါကို ထည့်စဉ်းစားသင့်တဲ့အတွက် မဲပေးသင့်တယ်” ဟု ပြောသည်။
NLDမပါသော်လည်းရွေးကောက်ပွဲတွင်မဲပေးသင့်သည်ဟု ဖြေဆိုသူအများစုမှာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြည်သူ့ဆန္ဒ ခံယူပွဲက မဲလွတ်များနှင့် ကြိုတင်မဲများကို အာဏာပိုင်များက ထောက်ခံမဲများအဖြစ် ပြုလုပ်ခဲ့ကြသည့် သာဓကများ ရှိသည့်အတွက် မဲထည့်သင့်ကြောင်း၊ NLDပါတီ မှတ်ပုံမတင်ခြင်းကို မှန်ကန်သည်ဟု မယူဆသူများဖြစ်ကြောင်းတွေ့ရသည်။
“NLD မပါရင်လည်း ရွေးကောက်ပွဲကတော့ ဖြစ်သွားမှာပဲလို့ မြင်တယ်။ အစိုးရကလည်း သူ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်သွားမှာပဲ။ လူတွေကတော့ NLDမပါတဲ့အတွက် ရွေးစရာမရှိဖြစ်သွားတယ်။ ပါတီကြီးတခု ပြိုကွဲသွားတယ် ဆိုပြီး စိတ်မကောင်းကြဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ပျက်တဲ့အထိလည်း ဖြစ်မသွားနိုင်ပါဘူး”ဟုအသက်၃၆ နှစ်အရွယ်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးတဦးက ပြောသည်။
NLDပါတီရွေးကောက်ပွဲမ၀င်ပါကမဲပေးသင့်မသင့်ကိုမစဉ်းစားရသေးကြောင်းအသက်၄၀၀န်းကျင်အရွယ် စီးပွားရေး လုပ်ငန်းရှင်တဦးကပြောသည်။ ၎င်းအနေနှင့် နိုင်ငံရေး အခြေအနေပေါ်တွင် မူတည်ပြီး စဉ်းစားဆုံးဖြတ်သွားမည် ဖြစ်သောကြောင့်လက်ရှိ အခြေအနေတွင် မဖြေဆိုနိုင်သေးဟု ဆိုသည်။
သမ၀ါယမ ဦးစီးဌာနတွင် အကြီးတန်း စာရေးတာဝန် ထမ်းဆောင်ခဲ့ဖူးသော အသက် ၇၀ ၀န်းကျင်အရွယ် အမျိုးသား တဦးက “နိုင်ငံရေး အခြေအနေက တချိန်နဲ့ တချိန်မတူဘူး၊ ပြောင်းနေတာ။ ပြောင်းလည်း ပြောင်းဦးမှာ ဆိုတော့ အခု မပြောနိုင်သေးဘူး။ NLDမပါဘူးလို့လည်း တရားဝင်ပြောသေးတာ မဟုတ်တော့ ကျနော်တို့အနေနဲ့ ဘာမှ မပြောနိုင်သေးဘူး” ဟု ပြောသည်။
၎င်းအနေဖြင့်NLDပါတီမှတ်ပုံမတင်ခြင်းကိုမှန်ကန်သည်ဟုမြင်သော်လည်း ထိုသို့ မှတ်ပုံမတင်သောကြောင့် ပါတီ ဖျက်သိမ်းခံရပြီး ပါတီဝင်များ နိုင်ငံရေးလောကမှ ပျောက်ကွယ်သွားလျှင် လူထုအတွက် ဆုံးရှုံးနစ်နာမှုကြီးတခု ဖြစ်သည်ဟု ထင်ကြောင်း သုံးသပ်သည်။
အသက်၇၂ နှစ်အရွယ် အငြိမ်းစားကျောင်းအုပ်ဆရာမတဦးကမူ“ဒီပါတီက လူတွေ ရွေးချယ်ခဲ့ကြတဲ့ အတိုက်အခံ ပါတီကြီးပါ။ အဲဒါကို သူတို့ သဘောနဲ့ သူတို့ မှတ်ပုံမတင်ကြဘူး ဆိုတာကို ကျမတော့ မကြိုက်ဘူး။ လူတွေရဲ့ သဘောထားတွေကို မကြည့်ဘူးလို့ မြင်တယ်။ လူတွေက ပါတီကို ရွေးကောက်ပွဲ ၀င်စေချင်ကြတယ်။ ရွေးကောက်ပွဲ ၀င်ရင် သူတို့ မဲထည့်ကြဦးမှာပဲ။ မှန်မှန်ကန်ကန်သာ ဖြစ်ခဲ့ရင် NLD က ပြန်ရဦးမှာပါ” ဟု ပြောသည်။

Geen opmerkingen:
Een reactie posten