မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 april 2010

သင်္ကြန်ရုံးပိတ်ရက်အတွင်း အလုပ်ခိုင်းလျှင် အရေးယူမည်

ဝီရ/ ၇ ဧပြီ ၂ဝ၁ဝ
နှစ်သစ်ကူးသင်္ကြန်ရုံးပိတ်ရက်အတွင်းလုပ်ငန်းဆောင်ရွက်ရန်လိုအပ်နေသောလုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားတို့၏ဆန္ဒမပါဘဲအလုပ်ခိုင်းစေခဲ့လျှင်အရေးယူမည်ဟုအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့အနော်ရထာလမ်းရှိစတိုးဆိုင်မန်နေဂျာတဦးက“သင်္ကြန်ပိတ်ရက်တွေမှာဆိုင်ဖွင့်မယ်ဆိုရင် အလုပ်သမားဝန်ကြီးဌာနကိုအခုအချိန်ကစပြီးကြိုတင်အကြောင်းကြားထားဖို့နဲ့အဲဒီလိုအကြောင်းမကြားဘဲ ဆိုင်ဖွင့်မယ်ဆိုရင်အရေးယူခံရမယ်ဆိုတာဌာနကဆိုင်တွေကိုစာပို့ထားတယ်”ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
သတ်မှတ်ထားသောသင်္ကြန်ရုံးပိတ်ရက်များအတွင်းဖွင့်လှစ်မည့်လုပ်ငန်းများအနေဖြင့်ဝန်ထမ်းများအား တရက်လျှင်လုပ်ခလစာ(၂)ဆမဖြစ်မနေပေးရမည်ဖြစ်ကြောင်းနှင့်ထိုသို့ပေးရမည့်လုပ်ငန်းများတွင် ပုဂ္ဂလိကကုမ္ပဏီများ၊စက်ရုံ၊အလုပ်ရုံများ၊အလုပ်အကိုင်ဌာနများ၊စတိုးဆိုင်များအားလုံးအကျုံးဝင်ကြောင်း ယခုအပတ်တွင်း ထုတ်ပြန်လိုက်သော အလုပ်သမားဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
အထက်ဖော်ပြပါဥပဒေသည်သင်္ကြန်အကျနေ့(၁၄ ဧပြီ ၂၀၁၀)မှနှစ်ဆန်းတရက်နေ့(၁၇ ဧပြီ ၂၀၁၀) အထိသာအကျုံးဝင်သည့်အတွက်အလုပ်သမားများအနေဖြင့်ထိရောက်သည့်အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း စတိုးဆိုင် မန်နေဂျာက ပြောသည်။
၎င်းက “ဒီနှစ်အတွက် အမှန်တကယ် ရုံးပိတ်ရက်က ဧပြီ (၁၂)ရက်ကနေ (၂၁)ရက်အထိ (၁၀) ရက်တောင် ရတယ်။ ကျနော်တို့လို စတိုးဆိုင်တွေက သင်္ကြန်အကျနေ့ကနေ နှစ်ဆန်း (၁)ရက်နေ့အထိ ဘယ်ဆိုင်မှ မဖွင့်ဘူးလေ။ဒါကိုထိရောက်စေချင်ရင်အစိုးရရုံးပိတ်ရက်(၁၁)ရက်စလုံးအကျုံးဝင်မှ အလုပ်သမားတွေဘက်က အကျိုးရှိမှာပေါ့” ဟု ပြောကြားသည်။
ယင်းဥပဒေသည် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနက ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ ထုတ်ပြန်ခြင်းဖြစ်ပြီး အိုင်အယ်လ်အို ခေါ် နိုင်ငံတကာ အလုပ်သမားများအဖွဲ့ချုပ်နှင့် စစ်အစိုးရ တာဝန်ရှိသူများအကြား ဆွေးနွေးခဲ့ပြီး နောက်ပိုင်း ယင်းကဲ့သို့ ဥပဒေများ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း အိုင်အယ်လ်အို ရန်ကုန်ရုံးမှ ဝန်ထမ်းတဦးက ပြောသည်။
၎င်းက“အလုပသမားအခွင်အရေးတွေအတွက်ဒီလိုဖြစ်လာတာကောင်းပေမယ့် အလုပ်သမားတွေအတွက်ဆိုပြီး တာဝန်ဝတ္တရားအရ အပေါ်ယံလောက်သာ ထုတ်ပြန်ပြီး အရေးယူမှုအပိုင်း အားနည်းနေရင်အောင်မြင်တယ်လို့မဆိုနိုင်ဘူးလေ။ဖြစ်နိုင်ရင်တာဝန်ရှိစွာနဲ့လက်တွေ့ကျကျ ဆောင်ရွက်ဖို့ လိုအပ်ပါသေးတယ်” ဟု ပြောဆိုသည်။
သို့သော်ရန်ကုန်မြို့မှအပအခြားသောနယ်မြို့များတွင်ယင်းဥပဒေအကျုံးဝင်မှုရှိမရှိမသိရသေးကြောင်းနှင့် ယင်းဥပဒေကို ကျူးလွန်ပါကမည်ကဲ့သို့အရေးယူမည်ဖြစ်ကြောင်းကြေညာချက်တွင်မပါရှိချေ။
မြန်မာပြည်တွင်း၌အလုပ်သမားများနှင့်ဆိုင်သောအခွင့်အရေးများကိုအိုင်အယ်လ်အိုက စာအုပ်ထုတ်ဝေနိုင်ရန်စိုင်းပြင်းနေပြီးသက်ဆိုင်ရာစစ်အစိုးရဝန်ကြီးဌာနများနှင့်စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။





Geen opmerkingen: