စိုးမိုး/ ၇ ဧပြီ ၂ဝ၁ဝ
ထိုင်းနိုင်ငံတွင်းယနေ့နံနက်ပိုင်းကထွက်ပေါ်ခဲ့သည်ဆူနာမီသတိပေးချက်ကြောင့်ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေပိုင်းဒေသများရှိရွှေ့ပြောင်းမြန်မာများလည်းထိုင်းဒေသခံများနည်းတူ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံဆူမတ်တြားကျွန်းတွင်ယနေ့နံနက်(၅)နာရီ(၁၅)မိနစ်ကရစ်ခ်ျတာစကေး(၇.၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်အတွက်တချိန်တည်းမှာပင်ထိုင်းနိုင်ငံအတွင်းဆူနာမီသတိပေးချက် ယနေ့နံနက်(၅)နာရီ(၁၅)မိနစ်တွင်ထွက်ပေါ်ခဲ့ပြီးနံနက်(၈)နာရီခန့်တွင်အန္တရာယ်မရှိကြောင်း ပြန်လည်ကြေညာပေးခဲ့သည်။
“သူတို့ကပြောတယ်၊(၇)ကျော်တယ်ဆိုတော့မနက်(၅)နာရီ(၁၅)လောက်မှာငလျင်ဖြစ်ရင် ပြေးရမယ့်နေရာကိုအားလုံးပြေးကြတယ်။ကျနော်တို့ရွာကစာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းကို အားလုံးသွားကြတယ်”ဟုထိုင်းနိုင်ငံတောင်ပိုင်းပင်လယ်ကမ်းခြေကျေးရွာဘမ့်နမ်းခန်မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုတာက ပြောကြားသည်။
ထိုင်းနိုင်ငံတောင်ပိုင်းဖန်ငခရိုင်၊တကွာပါမြို့နယ်ရှိဘမ့်နမ်းခမ်ရွာလူဦးရေထက်ဝက်ခန့်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားများဖြစ်ပြီး ၂၀၀၄ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် ရွာလည်းဖြစ်သည်။
“ဒီမှာကပင်လယ်ကမ်းစပ်ဖြစ်နေတာရောပြီးတော့ဆူနာမီပြီးကတည်းကငလျင်ဆိုဘယ်လို ပြေးရမယ်ဆိုတာ သိနေကြပြီ။နောက်ကျနော်တို့ရွာမှာထိုင်းသဘာဝဘေးဒဏ်ကာကွယ်ရေးအဖွဲ့ရော၊မြန်မာအဖွဲ့ရော ရှိတယ်။ သူတို့က လိုက်ပြီး ဆိုင်ကယ်တွေနဲ့ သတိလိုက်ပေးတယ်” ဟု ကိုတာက ပြောသည်။
ထိုင်းနိုင်ငံတောင်ပိုင်းတံငါရွာများတွင်မြန်မာရွှေ့ပြောင်းအများစုအတွက်မြန်မာသဘာဝဘေးဒဏ်သတိပေး နှိုးဆော်ရေးအဖွဲ့များလည်း ရှိနေပြီးထိုင်း၊မြန်မာဘာသာစကားဖြင့်လှည့်လည်သတိပေးကြောင်း သိရသည်။
“မနက်(၅)နာရီ(၁၅)မှာကျနော်တို့အများစုကပြေးကြတယ်။လှည့်အော်တာပေါ့။တချို့က(၆) နာရီလောက်မှ ပြေးလာကြတယ်။မနက်(၈)နာရီခွဲလောက်ကျတော့အန္တရာယ်မရှိတော့ဘူးဆိုပြန်လာပြောတယ်။ကျနော်တို့ အနီးအနား ရွာတွေလည်း ပြေးကြတယ်” ဟု ကိုတာက ပြောကြားသည်။
၂၀၀၄ ခုနှစ်တွင်ဆူနာမီဒဏ်ခံခဲ့ရပြီးနောက်(၆)နှစ်အကြာကာလအတွင်း ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေဒေသနေ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် သဘာဝဘေးဒဏ်နှင့်ပတ်သက်ပြီး ဗဟုသုတ ပိုမိုပြည့်ဝလာကြောင်း အလုပ်သမားရေးရာ အဖွဲ့များက ပြောသည်။
“ဆူနာမီသတိပေးမျှော်စင်တွေရှိလာပြီလေ။၂၀၀၄ဖြစ်ပြီးတော့NGOတွေအဲဒီဒေသကို အခြေချပြီးတဲ့နောက် သင်တန်းတွေအများကြီးလုပ်ကြတယ်။ အဲဒီတော့ ဘယ်လို ဆောင်ရန် ရှောင်ရန်တွေ သိလာရတာပေါ့” ဟု ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ရွှေ့ပြောင်းအလုပ်သမားတာဝန်ခံ ဦးသက်ခိုင်က ပြောသည်။
ထိုင်းပင်လယ်ကမ်းခြေဒေသများတွင်နေထိုင်သောမြန်မာရွှေ့ပြောင်းအလုပ်သမား(၄)သိန်းမှ(၅) သိန်းခန့်ထိ ရှိသည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း မြောက်ပိုင်းတွင် ယနေ့ ဒေသစံတော်ချိန် နံနက် (၅) နာရီ (၁၅) မိနစ်၌ ငလျင် စတင်လှုပ်ခတ်ခဲ့ပြီး ယင်းဒေသအတွက် ၂၀၀၈ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံး ငလျင်ဖြစ်ကာ အပျက်အစီးမရှိကြောင်း လတ်တလော သတင်းများက ဆိုသည်။
ယင်းငလျင်ကြောင့် အင်ဒိုနီးရှားအပါအ၀င် ထိုင်းနိုင်ငံတွင်လည်း ဆူနာမီ သတိပေးချက်များ ထွက်ပေါ်ခဲ့ပြီး ထိုင်းအစိုးရက ပင်လယ်ကမ်းခြေ ဒေသများကို ဘေးကင်းရာ ခိုလှုံရန် သတိပေးခဲ့ခြင်းဖြစ်သည်။
Geen opmerkingen:
Een reactie posten