ရန်ငြိမ်းအောင် (လူငယ်) 
ကြာသပတေးနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၀ မိနစ် .
(ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် သမိုင်းဝင် ဆုံးဖြတ်ချက် ချပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဘာဆက်လုပ်မည်၊ ဘယ်လိုယန္တရားဖြင့် လည်ပတ်မည်ကို သိချင်နေသူများအတွက် အဖွဲ့ချုပ်လူငယ်များက ဖြေကြားပေးလိုက်သော ဆောင်းပါးဖြစ်သည်။)
မှတ်ပုံတင်ခြင်းမပြုရန်တညီတညွတ်တည်းဆုံးဖြတ်ပြီးနောက်နယ်မှဗဟိုဦးစီးအဖွဲ့များ၊ ကိုယ့်နေရင်း ဒေသများသို့ ပြန်ကြပြီဖြစ်သော်လည်း၊NLDရုံးချုပ်တွင် ယခင်ကထက်ပင် စည်ကားလျက်ရှိနေသည်ဟု သိရပါသည်။ရောက်လာသမျှသောအဖွဲ့ဝင်များ၏ရင်ထဲတွင်ဘယ်လိုဆက်လုပ်ကြရမှာလဲဟူသော မေးခွန်းကရှိနေမည်မှာမလွဲပါ။မတ်လ၃ဝရက်နေ့မှစ၍နေ့စဉ်အဆက်မပြတ်လာရောက်နေကြသော နိုင်ငံခြားသံတမန်များကလည်းဤမေးခွန်းကိုပင်မေးကြသည်ဟုဆိုပါသည်။ဤမေးခွန်းကိုဖြေရန် မကြိုးစားမီ ယခုရောဘယ်လိုလုပ်နေကြသလဲဟုဆန်းစစ်ရန်လိုသည်ဟုထင်ပါသည်။ 
ဒီပဲယင်းလုပ်ကြံမှုနောက်၂ဝဝ၄ခုနှစ်ဧပြီလတွင်ဗဟိုအဖွဲ့ချုပ်ရုံးကိုဖွင့်ပြီးကတည်းကရန်ကုန်၊ပဲခူး၊ဧရာဝတီ၊ မွန်၊တနင်္သာရီ၊မကွေးတိုင်း၊ပြည်နယ်စည်းအားလုံးတို့သည်ရုံးချုပ်မှာသာရုံးထိုင်အစည်းအဝေး လုပ်နေခဲ့ကြသည်မှာယနေ့နောက်ဆုံးအခြေအနေအထိပင်ဖြစ်ပါသည်။ကျန်တိုင်း/ပြည်နယ်စည်း အားလုံးတွင်လည်းမန္တလေးတိုင်းစည်းတခုတည်းသာပုံမှန်နီးပါးအမှီအခိုကင်းစွာလှုပ်ရှားနိုင်ပါတော့သည်။ မြို့နယ်စည်းများမှာလည်းဆက်သွယ်ရေးအဖွဲ့သာသာလောက်သာရှိပါတော့သည်။ နိုင်ငံရေးလှုပ်ရှားမှုကိုထား၍ အခမ်းအနား၊ ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို မလုပ်နိုင်သည့်အပြင် အဖွဲ့ချုပ်၏ တရားဝင်စာရွက်စာတမ်းများပင်ပုံမှန်လက်ကမ်းရန်မတတ်နိုင်ကြပါ။ဤသို့ဆိုလိုက်၍ဒီပဲယင်း လုပ်ကြံမှုပြီးကတည်းကအခုအချိန်ထိ၇နှစ်ကာလအတွင်းNLDများ ဖြစ်ဖြစ်မြောက်မြောက်ဘာမှ မလုပ်ခဲ့ဟုဆိုလျှင် မှားပါလိမ့်မည်။
အပြင်းအထန်ဖိနှိပ်နေသည့်ကြားမှပင်Signaturecampaignများ၊ဆုတောင်းပွဲများ၊အခမ်းအနားများ လုပ်ခဲ့ကြပါသည်။အဓမ္မလုပ်အားပေးကိစ္စ၊ကလေးစစ်သားကိစ္စများတွင်လည်းယနေ့တိုင်တက်ကြွစွာ လုပ်နေခဲ့ကြပါသည်။၂ဝဝ၇ရွှေဝါရောင်တော်လှန်ရေးစလယ်ဆုံးကာလသုံးပါးလုံးတွင် အဖွဲ့ချုပ်အဖွဲ့ဝင်များကပါဝင်လှုပ်ရှားရန်၊ခေါင်းဆောင်ရန်နောက်မကျခဲ့ကြပါ။သို့သော် ထိုသို့လှုံ့ဆော်လှုပ်ရှား၊ပါဝင်ခေါင်းဆောင်ခဲ့ကြသူများမှာအဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံယန္တရားနှင့် ကင်းလွတ်ပြီး လုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
အချို့ကအဖွဲ့ချုပ်ဗဟိုကမသိအောင်လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး၊အချို့ကအဖွဲ့ချုပ်ညွှန်ကြားချက်များကို ချိုးဖောက်ပြီးဗြောင်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါသည်။အားလုံးသိပြီးကိစ္စဖြစ်နေ၍ဥပမာများ၊နမူနာများ ပေးနေရန် မလိုပါ။ NLDနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြားမှ အနေအထားကို ကြည့်လျှင်လည်း ထိုနည်းတူစွာပင်ဖြစ်ပါသည်။အဖွဲ့ချုပ်ဗဟိုအနေနှင့် ပြည်ပဒီမိုကရေစီအင်အားစုများကိုမဆိုထားဘိ၊ ကုလသမဂ္ဂနှင့်ပင်ပုန်းကွယ်၍ဆက်သွယ်ဆက်ဆံခဲ့ရပါသည်။ပြင်ပမှာစည်းရုံးလှုပ်ရှားနေရသော သူများသာမက၊ရန်ကုန်ရှိသံတမန်များထဲမှာပင်အဖွဲ့ချုပ်၏သဘောထားတစုံတရာကိုသိလိုလျှင်၊ ဘယ်သူ့ကို မေးရမှန်းမသိ၊ ဘယ်လိုဆက်သွယ်ရမှန်းမသိ ဖြစ်နေသည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
ထို့ကြောင့်လွန်ခဲ့သောဒီပဲယင်းလွန်ကာလအတွင်းကအဖြစ်အပျက်များကို ပြန်လည်သုံးသပ်လျှင်အဖွဲ့ချုပ်၏ ပုံမှန်ဖွဲ့စည်းပုံသည်အသွင်ပျက်နေသည့်အပြင်အရေးဟယ်၊အကြောင်းဟယ်ဆိုလျှင်အသုံးမကျ၊အဖွဲ့ဝင် တဦးချင်း(သို့မဟုတ်)နီးစပ်ရာစုစည်းထားသော၊ပုံမှန်မဟုတ်သောအဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်နှင့်သာလှုပ်ရှားခဲ့ရသည်ဟုမြင်နိုင်ပါသည်။ထို့ပြင်အဖွဲ့ချုပ်၏တရားဝင် ရပ်တည်မှုဆိုသည်ကလည်းတကယ်ဖြစ်လာပြီဆိုပါကဘာမှအကာအကွယ်မပေးနိုင်သည်ကို၊ဧရာဝတီတိုင်း ဘိုကလေးမြို့က အဖွဲ့ချုပ်ဆိုင်းဘုတ် အတင်းဆွဲချခံခဲ့ရခြင်းကသက်သေပြနေပါသည်။
ထိုမျှသာမကပါ၊အခြေအနေနှင့်မကိုက်ညီတော့သည့်ထိုအသွင်ပျက်ဖွဲ့စည်းပုံအပိုင်းအစများအတွင်းမှာပင် လူနှင့်နေရာလျော်ညီမှုရှိမရှိကလည်းသံသယဖြစ်စရာကောင်းပါသည်။ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူသိအများဆုံးဟုဆိုရမည့်မစုစုနွေးသည်သာမန်အဖွဲ့ဝင်ဘဝမှမြှင့်တင်ပေးခြင်းမရှိဘဲအဖွဲ့ချုပ်ထဲမှ ထုတ်ပစ်ဖို့လုပ်ခြင်းကိုအကြိမ်ကြိမ်ခံခဲ့ရသည်မှာလည်းအများအသိပင်ဖြစ်ပါသည်။ထိုထိုသော အကြောင်းများကြောင့်အဖွဲ့ချုပ်၏ခေါင်းဆောင်မှုအခန်းကဏ္ဍဆိုသည်မှာ၊တကယ့်အခြေအနေများတွင် ဘယ်ရောက်နေမှန်းမသိ ဖြစ်ရသည်မှာ မဆန်းလှပါ။
အဖွဲ့ချုပ် လက်ရှိဖွဲ့စည်းတည်ဆောက်ပုံ အနေအထား၏ ထိရောက်မှု မရှိခြင်းကို Vote "No" Campaign ကို ကြည့်လျှင်သိသာပါသည်။ ဆန္ဒခံယူပွဲကျင်းပသည့် အချိန်တွင် ရွှေဝါရောင်တော်လှန်ရေးပြီး၍ ၈ လ ခန့်သာ ရှိသေးသည်။ မတရား လုပ်နေမှန်း ပြည်သူလူထုကလည်း သိပါသည်။သို့လျက်နဲ့ပင်Vote"No"Campaignသည်လိုအပ်သောအရှိန်အဟုန်ကိုမရောက်ခဲ့ပါ။အပေါ်ကအောက်ကိုခိုင်း၊အောက်ကအပေါ်မှ ခေါင်းဆောင်ပြီးလာလုပ်ပါဟုဆိုရင်းနှင့်ပြီးသွားခဲ့ပါသည်။အဖွဲ့အစည်း၏လှုပ်ရှားမှုအသွင်ဖြင့် စခဲ့သော်လည်း၊တဦးချင်းစွမ်းဆောင်နိုင်မှုအပေါ်မှာမူတည်၍သာအောင်မြင်မှုအချို့ရခဲ့ပါသည်။
ရွှေဝါရောင် တော်လှန်ရေးကာလက၊ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ဗဟို၏ သဘောထားကို စောင့်မနေဘဲ မိမိတို့ ယုံကြည်ရာကို ယုံကြည်ချက်တူရာ ကျန်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ မိမိတို့ကို အားပေးနေသော ပြည်သူများနှင့်အခြေအနေအရလိုအပ်သလိုပူးပေါင်းညှိနှိုင်းပြီး လှုပ်ရှားခဲ့ကြပါသည်။အဖွဲ့ချုပ် အဖွဲ့ဝင်တို့ကလည်းလိုအပ်လျှင်အပြင်လူတို့၏ ခေါင်းဆောင်မှုနောက်တွင်လိုက်ရန် ဝန်မလေးခဲ့သောကြောင့်၊ တလကျော်ကျော် အချိန်တိုလေးအတွင်း နိုင်ငံရေးပရောဟိတ် အားလုံးလောက်က မဖြစ်နိုင်တော့ပါဟု ဟောထားသော အုံကြွမှုတရပ် ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအုံကြွမှုကိုလည်း ဘယ်သူကမှ စည်းရုံးမထားသော လူငယ်လေးများက နည်းပညာသစ်များကို သုံး၍ အာဏာပိုင်များ ဆက်သွယ်ရေး လမ်းကြောင်းများမှတဆင့် ကမ္ဘာကို သိစေခဲ့ပါသည်။
ထိုအချက်များကိုကြည့်၍ဘယ်လိုဆက်လုပ်ကြမလဲဟူသောမေးခွန်းကိုဖြေရပါလျှင် အရေးအကြောင်းရှိလျှင်၊ လုပ်နေကျအတိုင်း လုပ်ကြတာပေါ့ဟု ဖြေချင်ပါသည်။ အတိအကျ ပြောပါဆိုလျှင်တော့ …
(က)အဖွဲ့ချုပ်စထောင်ကတည်းကရှိခဲ့သောအထက်အောက်ဆက်ဆံရေးVertical(သို့)Hierarchical organizationalmodel(သို့)ပိရမစ်ပုံစံဖွဲ့စည်းပုံ(သို့)MaxWeber၏Bureaucraticmodelကို နှမြောမနေပါနှင့်။ထိုပုံစံသည်ပုံပျက်နေပြီ ဖြစ်သည့်အပြင်အသုံးမတည့်တော့ပါ၊လွှင့်ပစ်လိုက်စမ်းပါ။
(ခ)အကြောဆုံချက်(Node)နှင့်ချိတ်ဆက်(Link)များကိုအခြေခံသော ကွန်ယက် (Network organization) ကို တပြေးညီဆက်သွယ်ရေး (Horizontal)ပုံစံဖြစ်အောင်အဖွဲ့ချုပ်တွင်လက်ရှိကျန်နေသူများနှင့် ပြန်လည်ဖွဲ့စည်းပါ။ မှတ်ပုံတင်ရန် မလိုပါ။ တရားလည်း ဝင်ပါသည်။
(ဂ)အဖွဲ့ထဲကလက်ရှိများသာမက၊ထွက်ထားသူ၊ထုတ်ထားသူ၊အပြင်ကလှုပ်ရှားသူ၊အားပေးသူ၊ယုံရသူ၊ မယုံရသူ စသည့် နယ်စည်းခြားနားခြင်းများကို လျှော့ပြီး ဒီမိုကရေစီရေး လှုပ်ရှားသူများ (ဒီ/လှုပ်)နှင့် စိတ်ဝင်စားသူ၊အားပေးသူအားလုံးဆက်သွယ်ရေးလမ်းကြောင်း(Communicationlinks)များဖွင့်ပါ။ မိမိကွန်ယက် (Network) နှင့် ချိတ်ဆက်ပါ၊ ဆက်သွယ်ရန် နည်းမျိုးစုံကို သုံးပါ။
(ဃ)ထို့နောက်တွင်Nodeတခုစီကမိမိတို့ယုံကြည်ရာကိုမိမိတို့ဘာသာအမှီအခိုကင်းစွာ ဆောင်ရွက်နိုင်ပါသည် (သို့) အဆက်အသွယ်ရှိသော အခြား Nodeများနှင့် ညှိနှိုင်းပူးပေါင်း၍ Synchronize (တပြေးညီ) လှုပ်ရှားမှု လုပ်ပါ။
(င)တပြည်လုံး၏Networkအားလုံး၏ ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည် ဖြစ်သည်ဟု ခံယူထားပါ။ Node များတွင် အပေါ်/အောက်ဟူ၍ မရှိသော်လည်း ဗဟိုနှင့် အဝန်းဒေသ (Center and Peripheral) ဟူ၍ ရှိမည်ဖြစ်ပါသည်။
( www.youthrecord.co.cc တွင် အဖွဲ့ချုပ်လူငယ်များ၏ ဆောင်းပါးများကို ဖတ်ရှုရရှိနိုင်ပါသည်။)
Geen opmerkingen:
Een reactie posten