မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 8 april 2010

ရွေးကောက်ပွဲအပြီး ပြည်တွင်းစစ် တကျော့ပြန်ဖြစ်မည်လော

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဧပြီလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၆ မိနစ် .
စစ်အစိုးရက လက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ကိုသူတို့၏ အငြင်းပွားဖွယ်နယ်ခြားစောင့်တပ်ကိစ္စအတွက် အကြောင်းပြန်ရန်နောက်ထပ်နောက်ဆုံးရက်သတ်မှတ်ပေးလိုက်ပြန်ပြီဖြစ်သည်။ ထိုအဖွဲ့များက ယခုထိ အဆိုပါ အစီအစဉ်ကိုလက်ခံရန်ငြင်းဆန်နေသဖြင့်ထိုသို့သာလက်မခံဘဲနေလိုက်ပါကထိုအဖွဲ့များ မည်ကဲ့သို့ ဖြစ်လာမည်ဆိုသည့် မေးခွန်းများ ပေါ်ထွက်လာနေသည်။
ထိုသို့အကြောင်းပြန်ရန် မူလက ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကို နောက်ဆုံးရက် သတ်မှတ်ပေးခဲ့သော်လည်း ယခုအခါ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)SSA-N၊ ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSAနှင့် ရှမ်းပြည်နယ်အထူးဒေသ(၄)မိုင်းလားအဖွဲ့တို့ကို ဧပြီလ၂၈ ရက်နေ့နောက်ဆုံးထား အကြောင်းပြန်ရမည်ဟု ရက်သတ်မှတ်ပေးလိုက်ပြန်သည်။ နယ်ခြားစောင့်တပ်အစီအစဉ်ကိုလက်မခံပါကအဆိုပါအဖွဲ့များသည် မတရားသင်း ကြေညာခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
နယ်မြေတည်တံ့ခိုင်မြဲရေးဆိုသည့်အချက်ကိုအထူးအရေးပါသောအချက်အဖြစ်စစ်အစိုးရကသူတို့ တွေးခေါ်မြော်မြင်မှုတွင်ပင်မဒေါက်တိုင်တရပ်အဖြစ်ထားရှိသည်။သဘောတရားအရဆိုသော် ဤတိုင်းရင်းသားအကျပ်အတည်းကိစ္စကို၂ဝဝ၈ခုနှစ်မေလတွင်ကျင်းပခဲ့သောပြည်သူ့ဆန္ဒခံယူပွဲ မတိုင်မီ အပြတ်ရှင်းရန်ဖြစ်သည်။သို့သော်မဖြစ်ခဲ့။ထို့ကြောင့်ယခုတော့အရေးပါသည့်ဦးဆောင်မှုတာဝန်ကို ယူထားပြီဖြစ်သောစစ်အစိုးရ၏ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးကအာခံဆဲဖြစ်သောအဆိုပါ အဖွဲ့အားလုံးကို နိုင်ငံရေးအင်အား အကုန်သုံး၍ ကိုင်တွယ်ဖြေရှင်းတော့မည့်ပုံ တွေ့နေရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံမတင်ဘဲ လက်ရှိ နိုင်ငံရေးပါတီတရပ် အနေဖြင့်ပင် ဆက်နေသွားရန် ဆုံးဖြတ်ရွေးချယ်လိုက်သဖြင့် ပါတီကို မတရားသင်းအဖြစ် တရားဝင်ကြေငြာလိုက်သည်နှင့်တပြိုင်နက် အဖွဲ့ဝင်အများအပြား ဖမ်းဆီး ခံရမည့် အန္တရာယ်လဲရှိနေပြန်သည်။ စစ်အစိုးရစီစဉ်ညွှန်ကြားသည့် နိုင်ငံတည်ဆောက်ရေး စီမံကိန်းတွင် မပါဝင်ဘဲ ဘေးထွက်ထိုင်ရန် ဆုံးဖြတ်လိုက်မည့် လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များအတွက်မူ ထို့ထက်ပင် ပို၍ဆိုးနိုင်သည့် အခြေအနေဆိုးများနှင့် ကြုံရလိမ့်မည်။
ထိုအဖွဲ့အများအပြားသည် နှစ်ပေါင်းရှည်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ကြသည်။ အင်အား ၃ သောင်းရှိ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်ဆိုလျှင် နှစ်ပေါင်း ၂ဝ နီးပါးမျှ အပစ်ရပ်ထားခဲ့သည်။ သို့သော် မတရားသင်း ကြေညာခံရသည်နှင့်တပြိုင်နက် အလွန်ကြီးမားသော ခေတ်မီရေး စီမံကိန်းများနှင့် တည်ဆောက်ထားသော မြန်မာ့တပ်မတော်ကို ဖက်ပြိုင်တိုက်ခိုက်ရတော့မည်။ အဆိုပါ ခေတ်မီရေး စီမံကိန်းများကို ဗိုလ်ချုပ်ကြီးနေဝင်းနှင့် သူ၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတို့ ခေတ်လွန်တွင် စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါလက်နက်ကိုင်အဖွဲ့၃ ဖွဲ့အကြောင်းပြောမည်ဆိုလျှင်မီးကုန်ယမ်းကုန်ဘက်စုံစစ်ပွဲကြီး မဆင်နွှဲမီ အရေးပါသည့်မြန်မာ့အိမ်နီးချင်း၂နိုင်ငံဖြစ်သောတရုတ်နှင့်ထိုင်းနိုင်ငံတို့ကို တိုင်ပင်ညှိနှိုင်းရဦးမည်ဖြစ်သည်။ သို့သော်ယခုနှစ်တွင်ကျင်းပရန်ပြင်ဆင်ထားသောရွေးကောက်ပွဲများကြောင့်နိုင်ငံရေး အတိုက်အခံများအပေါ်သူတို့ကိုင်တွယ်ဆက်ဆံပုံကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံပြီး သူတို့ဘက်က အသာစီးရနေပြီဟု စစ်တပ်က ထင်မြင်ယူဆပါက ယခုအခါ တဲတဲလေးမျှသာ ရှိနေသာ အပေါ်ယံ ရွှေမှုံကြဲ ငြိမ်းချမ်းရေး ရယူထားသည့် ဒေသများတွင် ပြင်းထန်သည့် စစ်ဇုန်များ ပြန်လည်ပေါ်ပေါက်လာမည်ကို ၂ဝ၁ဝ တွင် မြင်တွေ့ကြရတော့မည်။
တမီလ်ကျားများအပေါ်သီရိလင်္ကာအစိုးရကကြမ်းတမ်းစွာကိုင်တွယ်နှိမ်နင်းခဲ့သည်ပုံနှင့် စစ်ဆင်ရေးများအတွင်း အထူးပင် ကြမ်းတမ်းရက်စက်စွာ ဆောင်ရွက်ခဲ့သည်ကို မှတ်တမ်းမှတ်ရာ အထောက်အထား အပြည့်အစုံ ရှိနေသည့်တိုင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ ဘာမှတုံ့ပြန်မပြောခဲ့သည်ကိုလည်း မြန်မာစစ်ဗိုလ်ချုပ်ကြီးများ မေ့လျော့မသွားသေးပါ။ နိုင်ငံ့အကြီးအကဲသည် စစ်ရေးအတွေ့အကြုံ စစ်ရေးအမြင် ရှိရမည်ဟု၎င်း၊ အခြားစစ်တပ်ကို ပင်းထားသည့် ပြဋ္ဌာန်းချက် အမြောက်အမြားကို ဖွဲ့စည်းပုံဥပဒေတွင် ထည့်သွင်းပြဌာန်းထားသည့်အတွက် ထိုသို့ နောက်တကျော့ပြန် တိုက်ခိုက်ရာတွင် အရပ်သားများ၏ ထောက်ခံမှုကို အပေါ်ယံကလေးရှပ်၍ ရယူရန်မှာ ခက်ခဲလှလိမ့်မည် မဟုတ်ပေ။
မြန်မာ့တိုင်းရင်းသားရေးရာသည်စစ်အစိုးရအတွက်သူတို့ကပြနေရသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရင်ဆိုင်ယှဉ်ပြိုင်နေရခြင်းတည်းဟူသောဇာတ်ပွဲတွင်အမြဲပင်ဒုတိယနေရာမှရှိနေသည်။ယခုလို ရွေးကောက်ပွဲကျင်းပရန်အချိန်အနည်းငယ်မျှသာလိုတော့သောအချိန်တွင်ဖြစ်လာနိုင်စရာ အများကြီးရှိသည်။လက်နက်ကိုင်ငြိမ်းအဖွဲ့များကနယ်ခြားစောင့်တပ်အစီအစဉ်တွင်မပါဝင်ဘဲ ဘေးထွက်ထိုင်နေလိုက်ပါက တိုင်းရင်းသားရေးရာ အမယ်ဘုတ် ချည်ခင်မှာ လွတ်လပ်ရေးရပြီးစ ကာလတုန်းကလိုပင် ဇာတ်စင်အလယ် မီးရောင်အောက်သို့ တဖန် ပြန်လည်ရောက်ရှိလာလိမ့်မည်။





Geen opmerkingen: