မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 9 april 2010

ပူးဇိုဇမ် (Pu Zo Zam)

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၄၄ မိနစ် .

ပူးဇိုဇမ် (Pu Zo Zam)
(ဥက္ကဋ္ဌ၊ ချင်းအမျိုးသားပါတီ)

အမည် ပူးဇိုဇမ် (Pu Zo Zam)
ငယ်နာမည် Zam Cim Pao
ကလောင်နာမည် Zo Zam
မွေးသက္ကရာဇ် ၂၆. ၆. ၁၉၅၆
မွေးရပ်ဇာတိ Thuk Lai ကျေးရွာ၊ တီးတိန်မြို့နယ်၊ ချင်းပြည်နယ်
မိဘအမည် ကျောင်းအုပ်ကြီး ဖခင် C.Mang Thawng နှင့် မိခင် Ciin Khaw Mang
မွေးချင်း ၁၁ ဦးအနက် ၈ ဦးမြောက်
ဇနီး ကျောင်းဆရာမ Cing Tuai
သားသမီး သား ၂ ဦး၊ သမီး ၁ ဦး
နေရပ်လိပ်စာ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်း
ပညာအရည်အချင်း ၁၉၈၂-၈၃ ခုနှစ် ဂျာမဏီနိုင်ငံသို့ အစိုးရ ပညာတော်သင်အဖြစ် ၂ နှစ် သွားရောက် သင်ကြားခဲ့။ မကွေးတိုင်း ချောက်မြို့ GTI ကျောင်းသား၊ မန္တလေးသက္ကသိုလ် ဓာတုဗေဒဘာသာရပ်မှ ရန်ကုန်သက္ကသိုလ်သို့ ပြောင်းရွှေ့၊ ဇီဝဗေဒဘာသာရပ် ဘွဲ့ယူ။ ၂ဝဝ၈ ခုနှစ် စီးပွားရေး တက္ကသိုလ် ဖွံ့ဖြိုးရေးပညာ မဟာဘွဲ့ရခဲ့။
အလုပ်အကိုင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင် စက်မှုသင်တန်းကျောင်းတွင် နည်းပြဆရာအဖြစ် ၁၂ နှစ်ခန့် တာဝန်ယူခဲ၊ ၁၉၈၈ ခုနှစ်တွင် အလုပ်မှ နှုတ်ထွက်ခဲ့။
စာနယ်ဇင်းများတွင် ကာတွန်းရေးဆွဲ၊ ကာတွန်းစာအုပ်ထုတ်၊ မဟေသီမင်္ဂဇင်းတွင် ဆောင်းပါးရေး။ ၂ဝဝ၄ ခုနှစ် ကြေးမုံသတင်းစာတွင် ချင်းတောင်အခြေအနေနှင့်ပတ်သက်၍ “ထင်းရှုးတောများ မပြုန်းစေချင်” ဆောင်းပါး ရေးသားခဲ့။
နိုင်ငံရေးသို့ ရောက်ရှိပုံ ကျောင်းတက်စဉ်ကတည်းက နိုင်ငံရေးလောကသို့ ရောက်ရှိလာခဲ့။ ဦးသန့် အရေးအခင်း၊ ချောက်မြို့ ကျောင်းသားအရေးအခင်းတွင် ပါဝင်ခဲ့။
ပါဝင်ခဲ့ဖူးသည့်အဖွဲ့ရန်ကုန်ချင်းလူမှုရေးအသင်းတွင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊တီးတိန်မြို့ လူမှုရေးအသင်း ဒုဥက္ကဋ္ဌ၊ချင်းနှစ်ခြင်းအသင်းတော်ဘာသာရေးအသင်းတွင်အတွင်းရေးမှူးတာဝန်ယူခဲ့ဖူး။

ပါတီအဖွဲ့အစည်း

အဖွဲ့ဝင်၁၆ဦး၊အများအားဖြင့်ဘွဲ့ရကျောင်းသားလူငယ်များပါရှိသည့်အဖွဲ့ဝင်၁၆ဦးဖြင့် ချင်းအမျိုးသားပါတီတွင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည်။ချင်းအမျိုးသားအားလုံး၏အရေးအရာအတွက် ဦးစားပေးဆောင်ရွက်မည်။ထိုသို့သောသဘောထားချင်း၊ခံယူချက်ချင်း၊ခံစားချက်ချင်းတူညီသူများဖြင့် ပါတီအား ဖွဲ့စည်းထားခြင်း ဖြစ်သည်။
လာမည့်ရွေးကောက်ပွဲတွင်မွေးဇာတိတီးတိန်မြို့နယ်မှကိုယ်စားလှယ်လောင်းအဖြစ်ပါဝင်ရွေးချယ်ခံရန် ဆုံးဖြတ်ထားသည်။ပါတီအနေဖြင့်ချင်းပြည်နယ်၉မြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်။

ပါတီ၏ ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်မှု အခြေအနေ

''၈လလောက်ကတည်းကနေပြင်ဆင်ခဲ့တယ်။ကျနော်တို့ရဲ့သဘောတရားတွေနည်းနည်းပါးပါး ရှင်းလင်းထားတယ်။တနှစ်ထဲမှာပဲရွာကိုပြန်ပြီးပြောတာ၎ကြိမ်ရှိပြီပေါ့နော်။ကျနော်ရွာတွေမှာ ပြောပြတာတွေလုပ်ခဲ့တယ်။အခုပါတီထောင်ခွင့်ရပြီဆိုရင်တပြည်နယ်လုံးသွားပြီးစည်းရုံးဖို့ မျှော်မှန်းထားတယ်။ကျနော်တို့အဖွဲ့တွေအဲဒီ၉မြို့နယ်မှာကိုယ်စီရှိကြတယ်။စည်းရုံးနေပါပြီ။ လူအင်အားကတော့ ဘယ်လောက်ရှိတယ်ဆိုတာ မသိနိုင်သေးဘူး''

ရွေးကောက်ပွဲဝင်ရသည့် အဓိက အကြောင်းအရင်းနှင့် ပါတီမူဝါဒ

''ကျနော်တို့ကအလုပ်လုပ်ချင်တဲ့လူတွေပဲ။ဘယ်လိုအလုပ်လုပ်ချင်လဲဆိုတော့နှစ်ပေါင်း၂ဝလောက် အိမ်မက်မက်ကြတယ်။အခုအိမ်မက်ကနေလန့်နိုးရတော့မယ်။မနိုးလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ လုပ်နိုင်တဲ့အခြေအနေလည်းရှိတယ်။လုပ်ချိန်လည်းတန်ပြီ။ကျနော်တို့အိမ်မက်မမက်ချင်တော့ဘူး။ လက်တွေ့ကျကျ အလုပ်လုပ်လို့ ရမယ်လို့ ထင်လို့ ကျနော်က ဒီနိုင်ငံရေးလောကထဲကို ဝင်တာ''

ပြည်သူလူထုက ပါတီအကြောင်း အကျယ်အပြန့် သိ၊ မသိ

''အဲဒါကတော့မီဒီယာကနေပြောလို့ရမှာပေါ့။ပြည်သူသိဖို့ခက်ပါတယ်။ဒါပေမဲ့ကျနော်ပြောရဲပါတယ်။ ကျနော့်ရဲ့ပုဂ္ဂိုလ်ရေး၊ကျနော့်ရည်ရွယ်ချက်တွေသိမယ်ဆိုရင်တော့ကျနော့်ကိုဘယ်သူမှကန့်ကွက်မယ် မထင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကျနော်နဲ့အတူရင်ခုန်သံတူတဲ့လူတွေပါလာကြမယ်လေ။ကျနော်က ချင်းတမျိုးသားလုံးအတွက်ဆောင်ရွက်ဖို့ရည်ရွယ်ထားတာကိုး။ကမ္ဘာမှာရှိတဲ့လူသားဝါဒဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရမယ်လေ။နောက်တခုကမြန်မာပြည်ရဲ့ဒီမိုကရေစီစနစ်ပီပီပြင်ပြင်ပေါ်ထွန်းလာဖို့ဆိုတာ စိတ်ထဲမှာအားလုံးရှိကြတာပဲ။ကျနော်တို့ကလက်တွေ့ကျကျလုပ်လို့ရမယ်လို့ရလိမ့်မယ်လို့ထင်လို့ လုပ်ကြည့်မလို့ပါပဲ''

ဘယ်လိုအကြောင်းအရာကို အခြေခံပြီး စည်းရုံးမလဲ။

''စည်းရုံးရေးကတော့ မဆင်းသေးပါဘူး။ ရင်ခုန်သံချင်းတူရင်တော့ ကျနော့်လူတွေပဲ''

တရားမျှတမှုမရှိသောရွေးကောက်ပွဲဥပဒေဟုပြောဆိုသံများရှိနေစဉ်မည်သို့သောကြောင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်သလဲ။
''ရွေးကောက်ပွဲဥပဒေကတရားမျှတမှုမရှိဘူးဆိုတာကကျနော်နည်းနည်းပြောချင်တယ်။ကျနော်တို့ တိုင်းရင်းသားအားလုံးရဲ့ခံစားချက်မတူဘူးနော်။ကိုယ့်ဗိုက်နာတာကိုယ်ပဲသိတယ်။တရားတယ်၊ မတရားဘူးဆိုတာပြောလို့မရဘူး။ကျနော့်အနေနဲ့ဒါကိုတရားပါတယ်လို့ပြောလို့မရဘူးလေ။ဒါတရားတယ်၊ဒါ မတရားဘူးဆိုပြီးဘေးထိုင်ပြီးပြောနေလို့အလကားပဲ။တရားသလား၊မတရားဘူးလားဆိုတာကျနော် လက်တွေ့ကျကျ အလုပ်လုပ်ချင်တယ်။ အလုပ်လုပ်ရင် ပေါ်လာမယ်လေ။ အဲဒီအခါကျရင် မတရားရင်တော့ မတရားဘူးလို့ ပြောမှာပဲ။ တရားမျှတရင်တော့ တရားတယ်လို့ ပြောမှာပဲ။ ဘေးထိုင်ပြောလို့ မရတော့ဘူး။ ကိုယ်တိုင်ခံစားကြည့်မယ်''

၂ဝဝ၈ အခြေခံဥပဒေအပေါ် သဘောထား

''၂ဝဝ၈ဖွဲ့စည်းပုံကတကယ်ပြင်ဆင်ဖို့လိုအပ်တာအများကြီးပါ၊တကယ်လိုအပ်တာပါ။ကျနော်
ကြိုက်တာရှိတယ်၊မကြိုက်တာအများကြီးပါ။ဒါကတော့ကျနော်တယောက်ထဲအယူအဆပါ။ဘာကြောင့် ရွေးကောက်ပွဲဝင်သလဲဆိုတော့ ဥပမာတခုပေးမယ်။ထမင်းစားပွဲတခုဖိတ်တယ်၊ထမင်းပွဲက၁ဝဝရှိတယ်၊၂၅ ပွဲကိုစားမယ့်သူရှိတယ်၊ကျန်တဲ့၇၅ပွဲစားမယ့်သူမရှိဘူးဆိုရင်ဒီအတိုင်းအပုပ်ထားမလား၊ဒီအတိုင်း အပုပ်ထားခဲ့မလား။ဒါဆိုရင်၂၅မှာလည်းစား၇၅မှာလည်းစားသင့်တဲ့ပုဂ္ဂိုလ်တွေစားကြမယ်လေ။စားပွဲဝိုင်းမှာ ထိုင်တယ်ဆိုတာအဲဒါပဲ။ဒါကြောင့်စားပွဲဝိုင်းမှာသောက်ကြစားကြစကားပြောကြမှပဲကျနော်တို့လိုရင်းကို ရောက်မှာ''
အာဏာရခဲ့လျှင်ပြည်သူအတွက်လုပ်ဆောင်ပေးမည့်ရည်မှန်းချက်နှင့်မည်မျှအထိလုပ်ပိုင်ခွင့်ရမည်လဲ။
''ကျနော်ကတော့အာဏာရဖို့မမျှော်မှန်းရဲပါဘူးဗျာ။အာဏာရဖို့လုပ်တာမဟုတ်ပါဘူး။ကျနော် အယူအဆတခုပဲဖြစ်ဖြစ်၊ကျနော်ရဲ့အတွေးအခေါ်ပဲဖြစ်ဖြစ်၊ကျနော့်ခံစားချက်၊ခံယူချက်ပဲဖြစ်ဖြစ်ကျနော် ဖော်ထုတ်နိုင်လိမ့်မယ်လို့ယူဆတယ်။ကျနော်အာဏာတော့ရမယ်မထင်ပါဘူး''
''လုပ်ပိုင်ခွင့်ကတော့သူ့ဟာနဲ့သူရှိလိမ့်မယ်လို့ထင်တာပဲ။ဘာဖြစ်လို့လဲဆိုတော့တကယ့်ပြည်သူရဲ့ အဆုံးအဖြတ်ခံရမယ်၊ပြည်သူရဲ့ကိုယ်တိုင်ရွေးကောက်တင်မြှောက်ခံရတဲ့လူဖြစ်လို့ရှိရင်တော့၊အဲဒါကလည်း တကယ့်တရားမျှတတဲ့ပြည်သူကိုယ်၌ကရွေးချယ်တင်မြှောက်တဲ့ရွေးကောက်ပွဲဖြစ်ဖို့လိုတယ်။အဲဒါမှ ကျနော်တို့ရဲ့ရည်မှန်းချက်ကိုက်မယ်လေ။အာဏာရဖို့ပဲလုပ်ရင်တော့ဘယ်တော့မှအောင်မြင်မှာ မဟုတ်ပါဘူး။အဓိကတော့ပြည်သူ့ဆန္ဒကိုဖော်ထုတ်နိုင်လိမ့်မယ်ထင်လို့လုပ်တာပဲ။တကယ်လို့ လွှတ်တော်ထဲရောက်ရင်တော့ကျနော့်တာဝန်ပါပဲ။အဲဒီကနေအဖွဲ့အစည်းကိုတင်ပြလို့ရမယ်။အများက တင်ပြပိုင်ခွင့်ရှိတယ်။ဖြစ်လာ၊မဖြစ်လာဘူးဆိုတာကတော့အများဆုံးဖြတ်ပေါ့နော်။ကျနော်တင်ပြစရာရှိတာ တင်ပြမှာပဲ''

ရွေးကောက်ပွဲရလဒ်ကို နိုင်ငံတကာ အသိအမှတ်ပြုနိုင်ဖွယ် ရှိ၊ မရှိ

''ကျနော်တို့မြန်မာပြည်ကနိုင်ငံတကာတွေကိုသိပ်ဂရုမစိုက်ပါဘူးဗျာ။ကိုယ့်တိုင်းပြည်ကိုကျနော်တို့က ဦးစားပေးရတယ်။ကျနော်တို့ချင်းပြည်နယ်ဆိုတော်တော်ကိုအောက်ကျနောက်ကျခဲ့တယ်''

လက်ရှိ စီးပွားရေးမူဝါဒ အမြင်

''ကျနော်ကFreeMarket(လွတ်လပ်သောဈေးကွက်)၊အထူးသဖြင့်ကျနော်ကချင်းပြည်နယ်အတွက် လုပ်နေတာကိုးအိန္ဒိယဈေးကွက်ကိုဖွင့်ချင်တယ်။အိန္ဒိယဈေးကွက်ကအကြီးကြီးပဲလေ။အခုကျနော်တို့နဲ့ အဲဒီ ဈေးကွက်ကသိပ်မကျယ်ပြန့်သေးဘူး။အိန္ဒိယဈေးကွက်ကိုကျနော်ကအရမ်းနှမျောတာ။စားသုံးသူ ဒီလောက်များတဲ့အိန္ဒိယမှာအခုထက်ထိအသုံးမပြုသေးဘူး။ဘာဖြစ်လို့လဲဆိုတော့လမ်းပန်းဆက်သွယ်ရေး တအားခက်တာကိုး။အဓိကကျနော်နိုင်ငံရေးထဲဝင်တာအဲဒါလည်းပါတယ်။ဒီချင်းတောင်ကနေအိန္ဒိယကို လွတ်လွတ်လပ်လပ်စနစ်တကျဈေးကွက်ဖွင့်ချင်တယ်။အဲဒါဆိုရင်ကျနော်တို့ချင်းပြည်နယ် တအားတိုးတက်မယ်လို့ ကျနော်ထင်တယ်''
''ကျနော်ကရေကြောင်းတက္ကသိုလ်မှာMasterofDevelopmentstudyတက်ခဲ့တယ်။ဒီပလိုမာတက်တယ်။ အဲဒီမှာပညာတိုးလာတယ်။စီးပွားရေးနဲ့ပတ်သက်လို့လေ။အဓိကတော့ဖွံ့ဖြိုးရေးပညာပေါ့။ ကိုယ့်ဒေသဖွံ့ဖြိုးဖို့ လက်တွေ့ကျကျသင်ယူခဲ့တယ်။သူများ၂နှစ်သင်တာကျနော်က၄နှစ်ခွဲလောက်သင်လာတယ်။ ကျနော်မွေးတဲ့ဒေသဖွံ့ဖြိုးဖို့ကျနော့်မှာတာဝန်ရှိတယ်လို့ ခံယူထားတယ်''
''လျှပ်စစ်ဆိုရင်ကျနော်တို့ကိုယ်ထူကိုယ်ထစနစ်နဲ့မီးပေးထားတာရှိတယ်။ရွာလေးတွေမှာချောင်းတွေမှာ ဟိုက်ဒရိုပါဝါလေးတွေလုပ်ထားတာရှိတယ်။အခုတီးတိန်မှာဆိုရင်လျှပ်စစ်ဓာတ်အားပေးနေတာ။ကျနော်တို့ လူငယ်တွေနဲ့စုပေါင်းပြီးတော့လုပ်ခဲ့တယ်။မီဂါဝပ်က၂ဝ၊၁ဝကီလိုဝပ်ရှိတယ်''

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် သဘောထား

''ကျနော်ကကျောင်းသားဘဝအဖွဲ့ထဲပါတယ်။ကျောင်းသားအဖွဲ့ထဲပါတာပေါ့ဗျာ၊အဲဒီလောက်ဆို သဘောပေါက်ပါတော့။ကျနော်တို့အိမ်မက်မက်ခဲ့တာပါ''



Geen opmerkingen: