ဧရာဝတီ Wednesday, April 07, 2010
.ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)ကရန်ကုန်တိုင်း၊ဧရာဝတီတိုင်းတို့တွင်လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ပြီး ရွေးကောက်ပွဲတွင် ကြိုတင်မဲများရရေးအတွက်စည်းရုံးနေသည်ဟု သိရှိရသည်။
ကြံ့ဖွံ့အသင်း ဆိုင်းဘုတ်ထူ၍ လမ်းခင်းစဉ် (ဓာတ်ပုံ - ဧရာဝတီ)
စည်းရုံးရေး လုပ်ငန်းများတွင်လမ်းခင်းခြင်း၊ငျွေချးခြင်း၊ဆေးရုံ၊ဆေးပေးခန်း၊စာသင်ကျောင်း ဆောက်လုပ်ခြင်းများ ပါဝင်သည်ဟု သိရသည်။
“ရပ်ကွက်မြေသားလမ်းတွေကိုကတ္တရာလမ်းအဖြစ်ကြံ့ဖွံ့ကငွေစိုက်ထုတ်ပြီးခင်းပေးမယ်။ဒီလိုခင်းပေးတဲ့ အတွက် ရပ်ကွက်နေပြည်သူတွေရဲ့အိမ်ထောင်စုစာရင်းနဲ့ နာမည်တွေကိုကြံ့ဖွံ့ကဖွဲ့စည်းမယ့် ပါတီအတွက် ကြိုတင် မဲပေးသူတွေ စာရင်းမှာ ထည့်လိုက်မယ်”ဟုအင်းစိန်မြို့နယ်၊ဖော့ကန်ရပ်ကွက် ဒေသခံ အာဏာပိုင် အဖွဲ့ဝင် တဦးက ပြောသည်။
ထိုမဲများမှာ ထောက်ခံမဲများ ဖြစ်လာမည်ဟု သူက ရှင်းပြသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းတွင် အတိုးနှုန်း သက်သာစွာဖြင့် ငွေထုတ်ချေးနေကြောင်း၊ ငွေချေးယူသူတို့ကို ရွေးကောက်ပွဲ မတိုင်မီ ကြိုတင် မဲပေးကြစေရန် စီစဉ်မည်ဟု ယူဆရကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ သတင်း ရပ်ကွက်မှ သိရှိရသည်။
ငွေထုတ်ချေးသည့် ပမာဏမှာ ကျပ် နှစ်သောင်းမှ ငါးသောင်း အထိ ဖြစ်သည်ဟု သိရသည်။
ကြံ့ဖွံ့အသင်းက ဖြိုးစေတနာဟု အမည်ပေးထားသည့် အခမဲ့ဆေးကုခန်းများကို ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အများအပြားတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိသည်။
ယခုနှစ်အတွင်းရန်ကုန်မြို့တွင်းရှိလမ်းများခင်းခြင်းအပါအ၀င်ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ကြံ့ဖွံ့အသင်း၏သုံးစွဲငွေမှာကျပ်၁၂ဘီလီယံကျော်ရှိမည်ဟုမြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းက မကြားသေးမီက ပြောခဲ့သည်။
ပြီးခဲ့သည့်လမှစတင်၍ရန်ကုန်ရှိအလုံ၊ကြည်မြင့်တိုင်၊စမ်းချောင်း၊ကမာရွတ်၊လှိုင်မြို့နယ်များတွင် လမ်းမီးများ လင်းစေရန်လည်းဆောင်ရွက်ခဲ့သည်ဟုကြည့်မြင်တိုင်မြို့နယ်ကြံ့ဖွံ့အသင်းမှတာဝန်ရှိသူတဦထံမှ သိရသည်။
မြို့တော်စည်ပင်အရာရှိတဦးကလည်းဓမ္မာရုံကဲ့သို့သောသာသနိကအဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများ မွမ်းမံခြင်း၊အစားထိုး ပြန်ဆောက်ခြင်း၊အသစ်ဆောက်ပေးခြင်းများကို ကြံ့ဖွံ့အသင်းက မတ်လ ၃၁ ရက်နေ့တွင် အပြီးသတ် လုပ်ဆောင်ခဲ့ကြောင်း ပြောပြသည်။
ကြံ့ဖွံ့အသင်း၏ လုပ်ရပ်များမှာ ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်မှုနှင့် ဆက်စပ်နေပုံကို ဒေသခံများက သတိပြုမိပုံ မရကြောင်း ကြည်မြင်တိုင်မြို့နယ်မှ ဥပဒေအရာရှိတဦးက ပြောသည်။
ဤအတောအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တို့တွင် ကြံ့ဖွံ့အသင်းက အာဏာပိုင်များ၏ အကူအညီဖြင့် ဒေသခံများကို ဆင့်ခေါ်ပြီး အသင်းဝင် လျှောက်လွှာများ ဖြည့်စွက်စေခြင်း၊ အသင်းဝင် ကတ်များ ထုတ်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သတင်း ရရှိသည်။ အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များအရ ကြံ့ဖွံ့အသင်းဝင်ပေါင်း ၂၄ သန်း ရှိသည်ဟု ဆိုသည်။
ယခုနှစ်အတွင်း ပြုလုပ်မည်ဟု အာဏာပိုင်တို့က အကြိမ်ကြိမ် ပြောဆိုနေသည့် ရွေးကောက်ပွဲတွင် ပါဝင်ရန် ကြံ့ဖွံ့အသင်းက ပါတီ ၃ ခု ထောင်မည်ဟူသော သတင်းလည်း ပြီးခဲ့သည့်လက ပေါ်ထွက်လာခဲ့သည်။
၂၀၀၃ ခုနှစ်က ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ တိုက်ခိုက်ခံရမှု၊ ၂၀၀၇ ခုနှစ်က မတ္တရာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင် မျက်လုံးကွယ်သည်အထိ တိုက်ခိုက်ခံရမှု တို့သည် ကြံ့ဖွံ့အသင်း၏ လက်ချက်များ ဖြစ်သည်ဟု အတိုက်အခံများက စွပ်စွဲထားကြသည်။ သို့သော်လည်း ကြံ့ဖွံ့ အသင်းက တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိပေ။
အောင်သက်ဝိုင်းနှင့် နရီလင်းလက် ပူးတွဲ ရေးသားသည်။

Geen opmerkingen:
Een reactie posten