မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 april 2010

အမျိုးသားပြန်လည်သင့်မြတ်ရေး တောင်းဆိုချက်များ မရပါက ယူအန်အေ ရွေးကောက်ပွဲမ၀င်

ဝီရ/ ၇ ဧပြီ ၂ဝ၁ဝ
ကုလသမဂ္ဂမှအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်တောင်းဆိုထားသည့်ဆုံးဖြတ်ချက်များကို ထောက်ခံကာနအဖထံတင်ပြတောင်းဆိုထားသည်ကို အကြောင်းမပြန်ကြားပါက၂၀၁၀ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်းစည်လုံးညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (ယူအန်အေ) က ယနေ့ကြေညာချက် ထုတ်ပြန်လိုက်သည်။
ယူအန်အေမှ ပြောခွင့်ရပုဂ္ဂိုလ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒု-ဥက္ကဋ္ဌနိုင်ငွေသိမ်းက“ကုလသမဂ္ဂက ညှိနှိုင်းထားတဲ့အတိုင်းစစ်အစိုးရကိုယူအန်အေက အကြိမ်ကြိမ် တောင်းဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပြီးတော့၂၀၀၈အခြေခံဥပဒေကဒီမိုကရေစီအရဆန့်ကျင်နေတဲ့ တရားမျှတမှုမရှိတဲ့ဥပဒေပါအချက်အလက်တွေကိုသုံးပွင့်ဆိုင်ဆွေးနွေးသွားခြင်းဖြင့် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အဖြေရှာသွားဖို့ ကိစ္စကို စစ်အစိုးရဘက်က စဉ်းစားပေးပြီး အကြောင်းပြန်ကြားဖို့ အခုလို တောင်းဆိုလိုက်တာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
ကုလသမဂ္ဂက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ နအဖ၊ အန်အယ်လ်ဒီနှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရေး၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပြန်လည်သုံးသပ် ပြင်ဆင်ရေးတို့ကို နအဖစစ်အစိုးရထံ တောင်းဆိုထားသည်။
၂၀၁၀ရွေးကောက်ပွဲတွင်လွတ်လပ်ပြီးတရားမျှတမှုရှိစေရန်ဘက်ပေါင်းစုံမှပါဝင်သင့်သူအားလုံး ပါဝင်နိုင်ရန်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်းကစစ်အစိုးရအား တောင်းဆိုထားသည့်အတိုင်း စစ်အစိုးရက လုပ်ဆောင်သင့်ကြောင်းလည်း နိုင်ငွေသိမ်းက ပြောသည်။
“နိုင်ငံတကာနဲ့ကုလသမဂ္ဂအဖွဲ့တို့ကအဲဒီလိုဖြစ်လာဖို့တောင်းဆိုတယ်။ဒါပေမယ့်စစ်အစိုးရက လိုက်လျောညီထွေစွာပြန်လည်တုံ့ပြန်လာတာမရှိခဲ့ဘူး။ဒါကိုအကြောင်းမပြန်ရင်ယူအန်အေ အဖွဲ့ဝင်အားလုံးကလာမယ့်ရွေးကောက်ပွဲမှာဝင်ပါဖို့မစဉ်းစားဘူးဆိုတဲ့အကြောင်းထုတ်ပြန်တာဖြစ်တယ်” ဟု ပြောကြားသည်။
၁၉၉၀ရွေးကောက်ပွဲဝင်တိုင်းရင်းသားလူမျိုးစုပါတီ(၁၂)ခုဖြင့်ဖွဲ့စည်းထားသောယူအန်အေ မဟာမိတ်အဖွဲ့သည် ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်(အက်စ်အန်အယ်လ်ဒီ)မှလွဲ၍ကျန်အဖွဲ့များမှာ စစ်အစိုးရ၏ ဖျက်သိမ်းခြင်း ခံထားရသည်။
ယူအန်အေ၏ ဧပြီ(၇)ရက်ကြေညာချက်တွင် မြန်မာစစ်အစိုးရက ထုတ်ပြန်ထားသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့်ပါတီများ၊ပုဂ္ဂိုလ်များအားလွတ်လပ်စွာတွေးခေါ်ခွင့်၊ လွတ်လပ်စွာဖော်ထုတ်ခွင့်များကိုကန့်သတ်ချုပ်ကိုင်ထားသည့်အတွက်ဒီမိုကရေစီအရကျင်းပမည့် အထွေထွေရွေးကောက်ပွဲဥပဒေများနှင့် ဆန့်ကျင်နေသည် ဟုလည်း ဖော်ပြထားသည်။
နိုင်ငွေသိမ်းက“လာမယ့်ရွေးကောက်ပွဲမှာပြည်သူတွေမန်းဒိတ်ပေးထားတဲ့အန်အယ်လ်ဒီမဝင်ဘူး။ ယူအန်အေထဲကအဖွဲ့တွေမဝင်ဘူး။နိုင်ငံတကာကလည်းရွေးကောက်ပွဲဟာလွတ်လပ်မျှတမှု ရှိမှာမဟုတ်ဘူး။ စစ်အစိုးရအနေနဲ့လည်းပြည်သူကိုအသိပေးတာမရှိဘဲတဆင့်ပြီးတဆင့်လုပ်နေတာတွေ့ရတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်ကအစအခုချိန်ထိအတိအလင်းကြေညာသေးတာလည်းမဟုတ်ဘူးလေ။ ဒါကဘာကိုပြသလဲဆိုရင်တရားမျှတမယ့်ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာပြသနေတယ်”ဟု ပြောကြားသည်။
နအဖက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် မြန်မာပြည်သူတို့၏ ဆန္ဒသဘောထားနှင့် ကွဲလွဲနေပြီး နိုင်ငံတကာ၏ အကြံပြုချက်များနှင့်လည်း ဆန့်ကျင်နေသည့်အတွက် ကုလသမဂ္ဂအနေဖြင့် စစ်အစိုးရအား ပိုမိုဖိအားပေးသွားရန် ယူအန်အေက ပြီးခဲ့သည့် မတ် (၁၆) ရက်တွင် ကုလသမဂ္ဂသို့ စာရေးသားပေးပို့ခဲ့သည်။
ပြီးခဲ့သည့်မတ်(၂၉)ရက်တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ငံရေးပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်းဆုံးဖြတ်လိုက်သည့်သဘောထားကြေညာချက်သည် ယူအန်အေအဖွဲ့၏ သဘောထားနှင့် ထပ်တူထပ်မျှ ဖြစ်သဖြင့် ထောက်ခံကြိုဆိုကြောင်းလည်း ယူအန်အေ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
ယူအန်အေ၏ ရှေ့လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ဘဝတူအဖွဲ့အစည်းများ၏ သဘောထားဆန္ဒအတိုင်းအများအကျိုးအတွက်ဆက်လက်ရပ်တည်သွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နိုင်ငွေသိမ်းက ပြောကြားသည်။





Geen opmerkingen: