ရဲရင့်/ ၇ ဧပြီ ၂ဝ၁ဝ
ထိုင်းနယ်စပ်ရှိနို့ဖိုးဒုက္ခသည်စခန်းတွင်တရားမ၀င်ထီနှင့်ဘောလုံးလောင်းကစားမှုများပြားလာပြီးဒိုင်များက ဒေသခံစခန်းလုံခြုံရေးဝန်ထမ်းများအားလစဉ်ကြေးပုံမှန်ပေးကာလွတ်လပ်စွာလုပ်ကိုင်ခွင့်ရနေကြသည်ဟု စခန်းတွင်းနေထိုင်သူများထံမှ သိရသည်။
နို့ဖိုးစခန်းတွင်တရားမ၀င်လောင်းကစားမှုများယခင်ကအသင့်အတင့်သာရှိခဲ့သော်လည်းပြီးခဲ့သည့်(၁) နှစ်ကျော်ကာလမှစတင်ကာပိုမိုများပြားလာကြောင်း၊စခန်းတာဝန်ရှိသူအချို့၏ပါဝင်ပတ်သက်မှုများကြောင့်ဖြစ်ကြောင်း အဆိုပါစခန်းမှ ကျောင်းဆရာတဦးက ပြောသည်။
နှစ်လုံးထီကိုင်သည့် ဒိုင်တဦးက“နို့ဖိုးဒုက္ခသည်စခန်းမှာဒုက္ခသည်(၁၆,၀၀၀)လောက်ရှိတယ်။စခန်းနဲ့ စခန်းအပြင်ကရွာပါဆိုရင်နှစ်လုံးထီ၊သုံးလုံးထီနဲ့ဘောလုံးလောင်းတဲ့ဒိုင်အားလုံး(၂၀)လောက်ရှိတယ်။စခန်း လုံခြုံရေးယူထားတဲ့ယပလက်တွေကိုတလဘတ်ငွေ(၃,၀၀၀)ပေးရတယ်။ဒါကြောင်စခန်းထဲမှာဒီအလုပ်တွေ ပေါ်ပေါ်ထင်ထင်ဖြစ်လာတာ” ဟုပြောသည်။
စခန်းအတွင်းလောင်းကစားသူတနေ့ထက်တနေ့များလာသည့်အတွက်တာဝန်ရှိသူများက အမြန်ဆုံးအရေးမယူလျှင်အခြေအနေပိုမိုဆိုးလာနိုင်ကြောင်းစခန်းအတွင်းရှိဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။
၎င်းက“နှစ်လုံးထီကတပတ်မှာ(၅)ရက်ရှိတယ်၊သုံးလုံးထီကတလ(၂)ကြိမ်၊ဘောလုံးလောင်းတာလည်း နေ့တိုင်းနီးပါးပဲ။ကလေးလူကြီးအတော်များများလောင်းကစားကြတော့စိုးရိမ်ရတဲ့အနေအထားဖြစ်နေပြီ။ တချို့ဆိုရင်စခန်းကပေးတဲ့စားနပ်ရိက္ခာတွေကိုရောင်းပြီးလောင်းကစားကြတယ်။နိုင်ငံခြားက ဆွေမျိုးသားချင်းတွေပို့ပေးတဲ့ငွေတွေကိုလည်းမစားရက်မသောက်ရက်နဲ့လောင်းကစားကြလို့ ဒုက္ခရောက်နေကြတဲ့ လူတွေများကြီးရှိတယ်” ဟု မိန့်ကြားသည်။
နို့ဖိုးဒုက္ခသည်စခန်းမှကိုအောင်က“ဒီမှာလောင်းကစားတာကကြေးကအစနည်းနည်းမြင့်တော့တချို့ဆိုရင် အခြားတနေရာကနေဖုန်းနဲ့တဆင့်အီးမေးလ်အင်တာနက်တွေကနေတဆင့် လောင်းတာတွေတောင်ရှိတယ်။စခန်းထဲမှာကဖုန်း၊အီးမေးလ်အင်တာနက်ဆိုင်တွေပါရှိတော့ ဘောလုံးဆိုရင်ကြိုက်တဲ့အသင်းကိုရွေးပြီးစိတ်ကြိုက်လောင်းလို့ရတယ်။နှစ်လုံးထီကိုတော့ ထိုင်းရုပ်သံကလွှင့်တဲ့ ရှယ်ရာဈေးကွက် နောက်ဆုံးအပိတ်နှစ်လုံးကိုယူပြီးလောင်းကြတာ”ဟု ပြောသည်။
ဆက်သွယ်ရေးနည်းပညာများတိုးတက်လာသည့်အတွက်လောင်းကစားရာတွင်ယခင်ကကဲ့သို့ အခက်အခဲများမရှိတော့ဘဲပိုမိုတွင်ကျယ်ကာလွယ်ကူလာသည်ဟုလည်း ၎င်းကပြောသည်။
၎င်းက“နည်းပညာခေတ်ဆိုတော့လောင်းကစားနည်းတွေလည်းဒုက္ခသည်စခန်းအထိထိုးဖောက်လာပြီး အရင်လိုစာရွက်စာတမ်းတွေနဲ့ငွေကိုအထုတ်အထည်နဲ့သယ်ပိုးစရာမလိုတော့လို့အဖမ်းအဆီးလည်း မကြောက်ရတော့ဘူး။ ဒါပေမယ့်
ဒီလောင်းကစားတွေကြောင့်ဒုက္ခသည်တွေပိုပြီးတော့ဒုက္ခရောက်ကြရတာပဲ ရှိတယ်။အဆင်ပြေသွားတာက ဒိုင်နဲ့လုံခြုံရေးဝန်ထမ်းတွေပဲ။စခန်းကော်မတီဥက္ကဋ္ဌနဲ့အဖွဲ့လည်းဘာမှမပြောရဲဘူးဆိုတော့အခြေအနေက ဒီထက်ပိုဆိုးဖို့ပဲ ရှိမယ်” ဟု ဆက်ပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍စခန်းတာဝန်ရှိသူတဦးကမူ“ဒီလောက်ကြီးလည်းဆိုးဆိုးဝါးဝါးမဟုတ်ပါဘူး။ လူတွေကချဲ့ကားပြီးတော့ပြောကြတာ။ဒီိလောင်းကစားတွေကစခန်းထဲမှာအနည်းအကျဉ်းလောက်ပဲ ရှိတယ်”ဟုပြောကြားသည်။
နို့ဖိုးဒုက္ခသည်စခန်းသည်ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့မြောက်ဘက်ကီလိုမီတာ(၂၄၀) ခန့်တွင်တည်ရှိပြီး မြန်မာဒုက္ခသည် (၁၆,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။
 
 
 



 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
Geen opmerkingen:
Een reactie posten