ဂါမဏိ
၇/ ဧပြီ ၂၀၁၀
“ကျနော့်အမြင်တော့တပ်ကနောက်ဆုတ်နေတာ၊ ရှေ့တိုးတာ မဟုတ်ဘူး။ တပ်မှူးကောင်းတို့မည်သည်ကား တပ်ကိုဆုတ်တဲ့အခါမှာအစီအစဉ်တကျဆုတ်ရပါတယ်။အခု၂၀၀၈ခုနှစ် အခြေခံဥပဒေကိုနောက်ခံထားပြီး ဆုတ်တာဖြစ်တယ်။”
အဲသလို ပြောသွားသူကတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် နန့်နန့်တက်ဖြစ်နေတဲ့ ဦးသုဝေပဲဖြစ်ပါတယ်။
ဒီနေရာမှာရှင်းရှင်းသိထားဖို့ကနအဖတပ်မှာနောက်ဆုတ်တယ်ဆိုတာမရှိပါဘူး။ခွာစစ်ဆင်တယ်ဆိုတာပဲ ရှိပါတယ်။နအဖတပ်ဟာဂျပန်ဖက်ဆစ်တပ်ကမွေးထုတ်ထားတာဖြစ်လို့ဂျပန်ဖက်ဆစ်တပ်လိုပဲ တပ်ဆုတ်တဲ့ ဘာသာရပ်ကိုသူ့စစ်ဗျူဟာမှာလက်မခံပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာဗမာ့တပ်မတော်ကိုစတင်တည်ထောင်တုန်းကဂျပန်စစ်တပ်ရဲ့တပ်မဆုတ်ရေး အားနည်းချက်ကိုသိမြင်ပြီးဗမာ့တပ်မတော်ရဲ့စစ်သဘောတရားမှာတပ်ဆုတ်ရေးဗျူဟာနဲ့သဘောတရားကို အသေအချာထည့်သွင်းဖို့လမ်းညွှန်ခဲ့ပါတယ်။လွတ်လပ်ရေးရပြီးနောက်ပိုင်းဗမာ့တပ်မတော်ရဲ့ စစ်ပါရဂူဖြစ်လာတဲ့ဗိုလ်မှူးချုပ်ကျော်ဇော၊ဗမာ့တပ်မတော်ရဲ့သဘောတရားပါရဂူလုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကလည်းတပ်ဆုတ်ခွာခြင်းသဘောတရားနဲ့လက်တွေ့ကိုစစ်မဟာဗျူဟာ နည်းဗျူဟာတွေထဲစနစ်တကျထည့်သွင်းချမှတ်ခဲ့ပါတယ်။
ဒါပေမယ့်ဒီမိုကရေစီအစိုးရကိုဖြတ်လမ်းနည်းနဲ့အင်အားသုံးဖြုတ်ချခဲ့တဲ့ဗိုလ်နေဝင်းရဲ့ စစ်အာဏာသိမ်းပွဲနောက်ပိုင်းမှာတော့ဗမာ့တပ်မတော်ဟာဖက်ဆစ်တပ်မတော်မူလဇာတိရုပ်ကို ပြန်လည်ရုပ်လုံးဖော်လာခဲ့ပါတယ်။အခြေခံစစ်ပညာလေ့ကျင့်ရေးတပ်ကအစဗိုလ်သင်တန်းကျောင်း၊ စစ်တက္ကသိုလ်၊စစ်ဦးစီးတက္ကသိုလ်အလယ်၊နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်အဆုံး တပ်မတော်စစ်မဟာဗျူဟာစစ်နည်းဗျူဟာသင်ကြားပို့ချမှုအားလုံးဟာမဆုတ်ရေးကိုဘဲဦးစားပေးလာပြီး တပ်ဆုတ်ရေးကိုလုံးဝလျစ်လျူရှုခဲ့ပါတော့တယ်။တပ်ဆုတ်ရေးအစားခွာစစ်ဆင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ပဲ အကန့်အသတ်ကြီးကြီးမားမားနဲ့သွတ်သွင်းလာပါတော့တယ်။အင်္ဂလိပ်လိုmilitaryretreatလို့ သုံးနှုန်းပေမယ့် မြန်မာလိုတော့ စကားလုံးအဓိပ္ပာယ်အရကို ယာယီခွာထားတဲ့သဘော၊ ပြန်ထိုးမယ့်သဘောဖြစ်ပါတယ်။
နအဖစစ်တပ်သတ်မှတ်ထားတဲ့ခွာစစ်ဆင်ဖို့ အကြောင်းတရားတွေကတော့ (က)ရန်သူအား နှောင့်ယှက်ရန်၊ အင်အားယုတ်လျော့စေရန်၊ (ခ)ရန်သူအားကျုံးသွင်း၍ ဖျက်ဆီးရန်၊(ဂ)အဆုံးအဖြတ်တိုက်ပွဲများအတွက် ပြင်ဆင်ချိန်ပိုရရန်၊ (ဃ)မိမိတပ်များ တပ်ဖြန့်ပုံနှင့် တညီတစည်းတည်းဖြစ်ရန်၊ (င) မိမိတပ်အစိတ်အပိုင်းကို အခြားတဒေသတွင် သုံးနိုင်ရန်၊ (စ)ရန်သူ့ထိုးစစ်ကို ရင်ဆိုင်နိုင်စွမ်းမရှိလို့ မိမိအင်အား လုံးဝချေမှုန်းခံရမယ့် အခြေအနေမျိုး မိမိအကျိုးယုတ်စေမယ့်အခြေအနေမျိုးကိုရှောင်ရှားရန်တို့ဖြစ်ပါတယ်။ ဒီကနေ့ နအဖလုပ်နေတာဟာအဲဒီအချက်(၆)ချက်နဲ့တောင်အကျုံးမဝင်သေးပါဘူး။ တကယ်လို့ အကျုံးဝင်မယ်ဆိုရင်လည်းဘယ်လိုမှနောက်ဆုတ်တာမဟုတ်ဘဲကိုက်မယ့်ခွေး နောက်တလှမ်းဆုတ်တာလောက် ဆိုတဲ့သဘောပဲဖြစ်ပါလိမ့်မယ်။
လက်တွေ့ရှေ့တန်းစစ်မြေပြင်မှာဆိုရင်နအဖစစ်တပ်ဟာမဆုတ်တမ်းခံစစ်စခန်းဆိုတာတွေ တည်ဆောက်ထားပါတယ်။ခ-အဆင့်မဆုတ်တမ်းခံစစ်စခန်းဆိုတာ တိုင်းစစ်ဌာနချုပ်အမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့စခန်းဖြစ်ပြီးက-အဆင့်မဆုတ်တမ်း ခံစစ်စခန်းဆိုရင်တော့ ကကကြည်းအမိန့်မရဘဲ ဆုတ်ခွင့်မရှိတဲ့စခန်းဖြစ်ပါတယ်။ကကကြည်းဟာဘယ်တော့မှ ဆုတ်မိန့်ပေးတဲ့ ထုံးစံမရှိလို့ တကယ်တော့ လုံးဝမဆုတ်ဘဲ အသေခံရတဲ့ စခန်းတွေသာဖြစ်ပါတယ်။ ဒီလိုစခန်းမျိုးတွေက ဆုတ်ရင် သေချာပေါက် စစ်ခုံရုံးနဲ့ တွေ့တော့မှာဖြစ်ပါတယ်။
ဗမာစစ်တပ်မှာလူကိုအလေးထားတာမဟုတ်တဲ့အတွက်လူမသေဘဲလက်နက်ဆုံးရင် စစ်ခုံရုံးရောက်တာချည်း ဖြစ်ပါတယ်။လေတပ်မှာဆိုရင် ပျံနေရင်းလေယာဉ်ပျက်လို့ လေယာဉ်မှူး လေထီးနဲ့ ခုန်ဆင်းရင်စစ်ခုံရုံးနဲ့တွေ့ပါတယ်။နာဂစ်မုန်တိုင်းတုန်းကရေတပ်အရာရှိတွေ၊စစ်သည်တွေဟာ အခြေအနေကိုသေချာသိလျက်နဲ့စစ်ခုံရုံးကိုကြောက်လို့စစ်သင်္ဘောအစုတ်ကလေးတွေ ပေါ်မှာပဲ တွယ်ကပ်နေကြရတဲ့အတွက် ရေတပ်ရဲဘော် ရာနဲ့ချီပြီး အသက်ဆုံးခဲ့ကြပါတယ်။ ဒါဟာ နအဖစစ်တပ်ရဲ့ မဆုတ်ရေးသဘောတရားအပေါ် အခြေခံတာဖြစ်ပါတယ်။
ဒီလိုလက်နက်ကလေးတလက်၊ စခန်းလေးတခု၊ လှေကလေးတစီးကိုတောင် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် စွန့်လွှတ်ဖို့ စိတ်မကူးတဲ့ နအဖဟာ တနှစ်ကို အနည်းဆုံးဒေါ်လာ သန်း (၂,၀၀၀) လောက်ဝင်နေတဲ့ သဘာဝဓာတ်ငွေ့တွေ၊ ဒေါ်လာသန်းချီရတဲ့ ကျောက်စိမ်း၊ ကျောက်နီ၊ ကြေးနီ၊ ကျွန်း၊ ပိတောက်၊ ငါးပုစွန်၊ ရွှေနဲ့တကွ တပြည်လုံးက လူထုတွေ လုပ်ငန်းရှင်တွေဆီက ဆက်ကြေးတွေကို စွန့်လွှတ် ဆုတ်ခွာပြီး သဟိတ်ဂ်မြို့ သို့မဟုတ် ဘရပ်ဆဲမြို့က စစ်ရာဇဝတ်မှုအထူးခုံရုံး သို့မဟုတ် လူသားမျိုးနွယ် ဆန့်ကျင်ရေးရာဇဝတ်မှု အထူးခုံရုံးဆီ ချီတက်ဖို့ ဘယ်တော့မှ မလုပ်ပါဘူး။
အခုဆိုရင်ဗိုလ်ချုပ်ကြီးများအဓိကရှယ်ယာပါတဲ့စီးပွားရေးကုမ္ပဏီတွေ၊ဦးပိုင်နာမည်ခံထားတဲ့ မြန်မာ့စီးပွားရေး ဗိုလ်ပိုင်လီမိတက်နဲ့ တခြားစစ်တပ်ကုမ္ပဏီက ဗမာပြည်စီးပွားရေးအဆောက်အအုံကြီးကို စိတ်ပိုင်းခွဲခြမ်းပြီးအိတ်တွေထဲထည့်နေကြတာတွေ့ရသလိုအနှစ်(၂၀)လုံးလုံးစီးပွားရေးထဲနစ်နေတဲ့ တိုင်းရင်းသားအပစ်ရပ်တွေရဲ့ခေါင်းပိုင်းတွေကိုမညှာမတာကိုယ်ချင်းမစာကန်ထုတ်ပြီး ပင်လုံအခွင့်အရေး တခုမှမပေးဘဲ ရှိသမျှ လူ-လက်နက်-နယ်မြေ အားလုံး မောင်ပိုင်စီး အခွံခွာဖို့လုပ်နေတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲဥပဒေ၊ ပါတီမှတ်ပုံတင်ဥပဒေတွေကို ကြည့်လိုက်တဲ့အခါ လက်ရှိထောင်ကျနေတဲ့ ပါတီဝင်တွေကိုဖယ်ထုတ်ဖို့တင်မကထောင်ကျခဲ့ဖူးပြီးနအဖရဲ့‘သက်ဆိုင်ရာ’ကအမတ်အဖြစ် ပယ်ဖျက်ထားသူတွေပါရွေးကောက်ပွဲမဝင်နိုင်အောင်လုပ်ထားတာတွေ့ရပါတယ်။၂၀၀၈ နာဂစ်အခြေခံဥပဒေဆိုတာ တမျိုးသားလုံး၊ တိုင်းရင်းသားပြည်သူ အားလုံးကို ကျွန်ပြုမယ့်ဥပဒေလို့ အများက သတ်မှတ်ထားပေမယ့် အခု ၂၀၁၀ ရွေးကောက်ပွဲဥပဒေတွေကတော့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေကို အထူးသီးသန့်ရွေးပြီး ကျွန်ပြုဖို့ ထုတ်ပြန်ထားတဲ့ ဥပဒေတွေ ဖြစ်နေပါတယ်။
ဒါ့အပြင်ခွာစစ်မှာလုပ်ရကိုင်ရမယ့်လုပ်ငန်းစဉ်တွေကိုသတ်မှတ်ထားတာလည်းရှိပါသေးတယ်။ အဲဒီထဲပါတာတွေကတော့ရန်သူနဲ့အဆက်ဖြတ်ခြင်း၊အမြောက်ပစ်ကူပေးခြင်း၊လှည့်စားခြင်း၊ နောက်ချန်တပ်ခွဲထုတ်ခြင်း၊ဒေသန္တရတန်ပြန်တိုက်ခိုက်မှုပြုခြင်း၊ဟန့်စစ်ဆင်ခြင်း၊ဖုံးကွယ်လျှို့ဝှက်ခြင်း၊ အတားအဆီးများချခြင်း၊ဖောက်ခွဲဖျက်ဆီးခြင်း(ဆက်သွယ်ရေးလမ်းများ၊ပစ္စည်းကိရိယာများ၊ မြေလှန်စနစ်) တို့ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အစပိုင်းက အင်္ဂလိပ်စစ်တပ်တွေ မြေလှန်စနစ်ကျင့်သုံးပြီး ဗမာပြည်ကနေ ‘အောင်မြင်စွာ’ ဆုတ်ခွာသွားရာမှာ ဗမာပြည်တခုလုံး ဖွတ်ဖွတ်ကြေသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ အခုလည်း အင်္ဂလိပ်ထက် အဆတထောင်မက ပိုဆိုးတဲ့ နအဖတွေ ဒီလိုဆုတ်ခွာမှာကို ပြောနေတာဆိုရင်တော့ ကျနော်တို့ မြန်မာပြည်သူတွေ ထိုင်း၊ မလေးရှား၊ ဘင်္ဂလား၊ တရုတ် ရရာနိုင်ငံကို ရတဲ့အပေါက်ကနေ အသားကုန်ပြေးဖို့၊ မပြေးနိုင်ရင်တော့ ကမ္ဘာမှာရှိသမျှ ဘုရားအားလုံးကို တ,နေဖို့ပဲရှိပါတော့တယ်။
ခံစစ်အကြောင်းတရား ခံစစ်လက္ခဏာတွေကတော့ (က)ထိုးစစ်ဆင်ဖို့ ပိုအခွင့်သာတဲ့ အခြေအနေများပေါ်ပေါက်ရန် (စစ်ကူ-အချိန်) စောင့်ခြင်း (ခ)တနေရာတွင် စစ်အင်အားခြိုးခြံခြင်း၊ ရန်သူကို ထိန်းချုပ်/တားဆီးထားခြင်း၊ အမှည့်ခြွေထားခြင်းဖြင့် အခြားတနေရာတွင် ရန်သူ့ထက်သာလွန်တဲ့ အင်အားများ စုရုံး၍ ပြတ်သားစွာ ထိုးစစ်ဆင်နိုင်ရန်၊ (ဂ)အချက်အချာနေရာတခုကို ရန်သူမသိမ်းနိုင်အောင် ကာကွယ်ရန်၊ (ဃ) စစ်နံကို ကာကွယ်ရန်တို့ဖြစ်ပါတယ်။
တိုက်စစ်အကြောင်းတရား တိုက်စစ်လက္ခဏာတွေကို ကြည့်တဲ့အခါ (က)ရန်သူ့အင်အားများကို ဖျက်ဆီးရန်၊ (ခ)ရန်သူ့နယ်များသိမ်းပိုက်ရန်၊(ဂ)ရန်သူကမိမိတပ်မှူးသဘောကိုလိုက်နာစေရန်၊(ဃ)ရန်သူကို ပထမအဆင့်ထိန်းချုပ်ထား၊ဒုတိယအဆင့် စစ်ကစားထားပြီး တတိယအဆင့် ဖိဖိစီးစီး တိုက်ခိုက်ဖျက်ဆီးရန်၊ (င)ခံစစ်၊ခွာစစ်၊ချီစစ်များဖြင့်လိုအပ်သလိုကျွမ်းကျင်ပါးနပ်စွာပေါင်းစပ်ပြီးစစ်အောင်စေရန်လို့ တွေ့ရပါတယ်။ ဒါ့အပြင်ရန်သူနဲ့လူထုကိုချောက်ချားတုန်လှုပ်စေတာ၊ရန်သူ့ပစ္စည်းကိရိယာ အဆောက်အဦ လမ်းပန်းဆက်သွယ်ရေးတွေကို ဖျက်ဆီးလုယူတာ၊ရန်သူ့လှုပ်ရှားမှုကျွံသွားစေတာ၊ ရန်သူ့လှုပ်ရှားခွင် ကျဉ်းသွားစေတာ၊ ရန်သူ့အင်အား ပြန့်ကျဲသွားစေတာလည်း တိုက်စစ်ဖြစ်ပါတယ်။
ဒါတွေနဲ့အခု၂၀၁၀ရွေးကောက်ပွဲအတွက်နအဖလုပ်နေတာတွေကိုချိန်ထိုးကြည့်ရင်နအဖအခုလုပ်နေတာ ခွာစစ်လား၊ခံစစ်လား၊တိုက်စစ်လားသိနိုင်ပါတယ်။မဆလ-နဝတ-နအဖ စစ်အုပ်စုဟာတပ်ဆုတ်ဖို့ မပြောနဲ့၊ ခွာစစ်ဆင်နေတဲ့အရိပ်အယောင်တောင်နည်းနည်းလေးမှမတွေ့ရပါဘူး။ကမ္ဘာပေါ်က ဖက်ဆစ်စစ်တပ်တိုင်းမှာတပ်ဆုတ်တယ်ဆိုတာမရှိဘဲသေတာတောင်ချေးပန်းမရပ်ဘူးဆိုတဲ့ စရိုက်လက္ခဏာ တင်းပြည့်ကျပ်ပြည့် ရှိပါတယ်။
ဒါပေမယ့်တချိန်ကဦးနုရဲ့ပီဒီပီလက်နက်ကိုင်တော်လှန်ရေးသမားအဖြစ်ကနေမဆလမောင်နေဝင်းထံ လက်နက်ချခဲ့၊ရှစ်လေးလုံးအရေးတော်ပုံရဲ့ကြားဖြတ်အစိုးရဖွဲ့စည်းရေးတောင်းဆိုချက်ကို ပထမဆုံးစွန့်လွှတ်ပြီး ၉၀ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီပါတီအဖြစ် အဦးဆုံး မှတ်ပုံတင်ခဲ့၊ နောက်တခါ ၂၀၀၈ နာဂစ်အခြေခံဥပဒေအတည်ဖြစ်သွားတဲ့နောက်မှာရန်ကုန်နဲ့ကနေဒါစီးပွားရေးလောကမှာ နာမည်ပျက်လှတဲ့မူးယစ်ရာဇာတဖြစ်လဲဖိုးတွမ်တီးထောင်ပြေးမိုက်ကယ်ချူးဟွာကျော်မြင့်လက်ဝေခံအဖြစ် ယူဒီပီပါတီလုပ်ခဲ့၊အခုနောက်ဆုံးမှာတော့၂၀၁၀ရွေးကောက်ပွဲအတွက်ဒီမိုကရက်တစ်ပါတီအဖြစ်ဝင်ဖို့ ရွပိုးထိုးနေတဲ့ဆရာကြီးကသာရောင်စုံအလံတွေလွှင့်ထားတဲ့၈၈ပျက်၊၇၄ပျက်၊၆၂ ပျက်၊မဆလပျက်၊ အလံနီပျက်၊ဗကပပျက်၊ပြည်ပြေးပျက်၊အန်အယ်လ်ဒီပျက်စတဲ့တွင်းတူကျင်းဆို့တသိုက်နဲ့အတူဖရိုဖရဲ ပရမ်းပတာနဲ့တပ်ဆုတ်ပြီးရင်းဆုတ်လိုက်တာနောက်ဆုံးဝက်တို့ပျော်စံရာတွင်းသာယာထဲအထိ ရောက်သွားတာတွေ့ရပါကြောင်း …။ ။
ရည်ညွှန်း။ ။ (၁) ဦး-ရေး-ထောက်ဆိုင်ရာ အရာရှိများလက်စွဲစာစောင်
(၂) စစ်မြေပြင်လက်စွဲကျမ်း
(၃) ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးမှုလက်စွဲ


Geen opmerkingen:
Een reactie posten