သန်းထိုက်ဦး Wednesday, April 07, 2010
.မန္တလေးတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးကိုအာဏာပိုင်များ၏ဖိအားပေးမှုကြောင့်ပြီးခဲ့သည့် စနေ့နေ့ကပိတ်လိုက်ရကြောင်းမန္တလေး NLD အဖွဲ့ဝင်များက ပြောသည်။
ရုံးကိုဒေသခံအာဏာပိုင်များကအမြန်ဆုံးပိတ်ခိုင်းသည်ဟုအိမ်ပိုင်ရှင်ကNLDတာဝန်ရှိသူများကို လာရောက် အကြောင်းကြား ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ထို့ကြောင့်မတ်လ၃ရက်နေ့တွင်ရုံးကိုပြန်အပ်လိုက်ရကြောင်းမန္တလေးNLDစည်းရုံးရေးအဖွဲ့ဝင်ဦးမျိုးနိုင်က ဧရာဝတီသို့ပြောသည်။
လွန်ခဲ့သည့်မတ်လ၂၉ရက်နေ့တွင်NLDကရွေးကောက်ပွဲမ၀င်ရေးကိုဆုံးဖြတ်ချက်ချခဲ့ပြီးနောက်ပိုင်း အာဏာပိုင်များကအိမ်ပိုင်ရှင်ကိုဖိအားပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မန္တလေးတိုင်း NLDရုံးကိုလူစည်ကားသည့်လမ်း၃၈၊၇၉ နှင့်၈၀လမ်းကြားတွင်ဖွင့်လှစ်ထားသည်။ သို့သော်လည်းရွေးကောက်ပွဲဥပဒေကြေညာခဲ့ပြီးနောက်မတ်လ၁၀ရက်နေ့တွင် ဒေသခံ အာဏာပိုင်များက မန္တလေးတိုင်း NLDဥက္ကဌ ဦးသိန်းတန်နှင့်တွဲဖက် အတွင်းရေးမှူး ဦးမောင်မောင်သန်းတို့ကို ခေါ်ယူ၍ NLD ရုံးများကို ဖွင့်ရန် စီစဉ်ခဲ့ပြီးနောက် ရက်ပေါင်း ၂၀ခန့် အကြာ ယခုကဲ့သို့ ထပ်မံ အပိတ် ခံရခြင်းဖြစ်သည်။
၂၀၀၃ခုနှစ်ဒီပဲယင်းအရေးအခင်းနောက်ပိုင်းအာဏာပိုင်များကNLDရုံးခန်းတချို့ကို၇နှစ်ခန့် အပိတ်ခံခဲ့ရသည်။၂၀၀၃ခုနှစ်မေလ၃၀ရက်နေ့တွင်ဒေါ်အောင်ဆန်းစုကြည်ကစစ်ကိုင်းတိုင်း ဒီပဲယင်းမြို့သို့ စည်းရုံးရေးဆင်းသည့်ကာလ၌ယာဉ်တန်းကိုစစ်အစိုးရ၏ကျောထောက်နောက်ခံပြုထားသည့် အဖွဲ့ အစည်းများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။
ယခုကဲ့သို့NLDရုံးကိုပိတ်လိုက်ရသည့်အတွက်ရုံးပစ္စည်းများကိုပုသိမ်ကြီးမြို့နယ်သို့ ယာယီပြောင်းရွှေ့ထားရာယင်းမြို့နယ်စည်းတာဝန်ခံအားအာဏာပိုင်များကရုံးထပ်မံဖွင့်မဖွင့် လာရောက်မေးမြန်းခဲ့ကြောင်း ဦးမျိုးနိုင်က ပြောသည်။
NLDသည်ရွေးကောက်ပွဲကော်မရှင်ထံမှတ်ပုံမတင်ရန်ဆုံးဖြတ်ထားသဖြင့်တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံရပါကပါတီပိုင်ပစ္စည်းများကိုစီမံခန့်ခွဲနိုင်ရန်အတွက်စီမံခန့်ခွဲရေးကော်မတီတရပ်ကို ပြီးခဲ့သည့် တနင်္လာနေ့ကဖွဲ့စည်းခဲ့သည်။ယင်းအဖွဲ့ကိုဒုဥက္ကဋ္ဌဦးတင်ဦးကဦးဆောင်၍အဖွဲ့ဝင်၁၇ဦးဖြင့် ဖွဲ့စည်းထားသည်။
ထို့အပြင်မြန်မာနိုင်ငံ၏ဒီမိုကရေစီပြောင်းလဲရေးကိုဖော်ဆောင်ရန်ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့်NLDအနေဖြင့်နိုင်ငံတ၀န်းလုံးရှိထောက်ခံသူများကိုယမန်နေ့ကထုတ်ပြန်သောခဲ့သော ကြေညာချက်တွင် တောင်းပန်ခဲ့သည်။
NLDစတင်တည်ထောင်ချိန်မှပြည်သူလူထုနှင့်အတူတသားတည်း ရပ်တည်ခဲ့သော်လည်း အာဏာပိုင်များက ပါတီဝင်များကိုဖမ်းဆီးအကျဉ်းချခြင်း၊ဖိနှိပ်ခြင်းများပြုလုပ်ခဲ့ကြောင်း၊ ယင်းဖိနှိပ်မှုများကြောင့်NLDအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကိုဖော်ဆောင်ရာတွင်မအောင်မမြင် ဖြစ်ခဲ့ရသဖြင့်ပြည်သူလူထုကိုအနူးအညွတ်တောင်းပန်ကြောင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
သို့သော်လည်းNLDအနေဖြင့်ထောက်ခံသူများကိုဘယ်သောအခါမှကျောခိုင်းသွားမည်မဟုတ်သကဲ့သို့ ဒီမိုကရေစီရည်မှန်းချက်အောင်မြင်သည်အထိအကြမ်းမဖက်သောနည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းသွားမည်ဟု ပြည်သူလူထုကို ပန်ကြားထားသည်။
Geen opmerkingen:
Een reactie posten