မျိုးဝင်းဇော်/ ၈ ဧပြီ ၂ဝ၁ဝ
သင်္ကြန်ရက်နား နီးလာသဖြင့် ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လိုသော ခရီးသွားပြည်သူများသည် ကားလက်မှတ်၊ ရထားလက်မှတ် ဝယ်ယူရာတွင် အခက်အခဲများ ကြုံတွေ့နေကြကြောင်း သိရသည်။
ကားလက်မှတ် ကြိုတင်ဝယ်လိုသူများအနေဖြင့် ပုံမှန်ကားလက်မှတ်များ မရှိတော့သဖြင့် ငွေပိုပေးကာ ဈေးအဆမတန်ဖြင့် ၀ယ်ယူနေကြရသည်။
သင်္ကြန်ပိတ်ရက် ရန်ကုန်မှ မြစ်ကြီးနားပြန်ရန် လက်မှတ်ဝယ်သည့် ကျောင်းသူတဦးက “မန္တလေးကို ပုံမှန် ကျပ် (၁ဝ,၄ဝဝ) ပေးရတဲ့ ကားခကို ကျပ် (၂၃,ဝဝဝ) ပေးရမယ်ပြောတယ်၊ ဒါနဲ့ ဝယ်ခဲ့ရတယ်။ ရက်နီးမှ ဝယ်မယ်ဆိုရင် ပိုပြီး ဈေးများမယ်လို့ ပြောတယ်။ နောက် မန္တလေးက သူငယ်ချင်းကို မြစ်ကြီးနား ရထားလက်မှတ်လှမ်းစုံစမ်းတော့ရိုးရိုးဝယ်ဖို့မဖြစ်နိုင်ဘူး။ မှောင်ခိုဆိုရင် ရိုးရိုးတန်းကျပ်(၁)သောင်းခွဲ၊ အထက်တန်း ကျပ် (၂) သောင်းခွဲ ဆိုပြီး ပြောတယ်” ဟု ရှင်းပြသည်။
အလားတူရန်ကုန်မှမွန်ပြည်နယ်ရေးမြို့နယ်သို့ပြန်ရန်ရန်ကုန်-မော်လမြိုင် ကားလက်မှတ် ၀ယ်လိုသူတဦးကလည်း ရာဇာမင်း ကားဂိတ်ကို စုံစမ်းရာတွင် (၉၊ ၁ဝ၊ ၁၁၊၁၂)ရက်ထွက်မည့် ကားလက်မှတ် အားလုံးကုန်ပြီဟုပြောကြောင်း၊အမှန်တကယ်ဝယ်ယူလိုပါကလက်မှတ်ရောင်းဌာနသို့လာခိုင်းကြောင်း ပြောဆိုသည်။
အဝေးပြေးယာဉ်များကြီးကြပ်ကွပ်ကဲမှုကော်မတီရုံးနှင့်အဝေးပြေးဝင်းစည်ပင်ကွပ်ကဲရေးရုံးတို့ကနှစ်စဉ် ယာဉ်လိုင်းများကိုကြီးကြပ်နေသည်ဟုဆိုသော်လည်းသင်္ကြန်ကာလနီးလာချိန်တွင်နှစ်စဉ်ကားခများ ဈေးမတန်တဆ တက်ပြီး ပြည်သူများ အခက်အခဲ ကြုံနေရဆဲဖြစ်သည်။
ယခုနှစ်အတွက်ကားလက်မှတ်များအခက်အခဲမရှိစေရန်အောင်မင်္ဂလာအဝေးပြေးဝင်း စည်ပင်ကွပ်ကဲရေးရုံးမှညွှန်ကြားချက်တရပ်ထုတ်ပြန်ထားပြီးယင်းညွှန်ကြားချက်တွင်ကားလိုင်းအားလုံး ကားတစီးလျှင်ထိုင်ခုံ(၈)ခုံကို ကြိုတင်မရောင်းဘဲချန်လှပ်ထားရမည်ဖြစ်ပြီးကားမထွက်ခင်တနေ့နေ့ခင်း (၁၂) နာရီနောက်ပိုင်းတွင်မှရောင်းချရန်ပါရှိသည်။
ရန်ကုန်-မန္တလေးကားလိုင်းတခုမှတာဝန်ရှိသူတဦးက“အဲဒီညွှန်ကြားချက်ကသက်ဆိုင်ရာက တာဝန်ရှိသူတွေသူတို့လက်မှတ်လိုချင်တဲ့အခါဖုန်းဆက်လာရင်ကျနော်တို့ကအဆင်သင့်ရောင်းပေးဖို့ ချန်ထားတာကို ဆိုလိုတာပါ။ ဒါ အရင်ကတည်းက ဒီလိုပါပဲ။ရှေ့ဆုံး (၂)တန်း (၈)ခုံကို ဌာနဆိုင်ရာအတွက် ချန်ထားရတာပါ။အခုချိန်ခရီးသွားကများပြီးကျနော်တို့ထွက်တဲ့ကားအစီးရေကပုံမှန်ပဲဆိုတော့ လက်မှတ်တွေ ကုန်သွားတာပါ။ ကျနော်တို့က ခရီးသည်များတယ်ဆိုပြီး အာဏာပိုင်တွေ ခွင့်ပြုချက်မရဘဲ ကိုယ့်သဘောနဲ့ကိုယ် ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲလို့လည်း မရပါဘူး” ဟု ပြောသည်။
နေပြည်တော်အဝေးပြေးယာဉ်လိုင်းကြီးကြပ်မှုကော်မတီကမူ၎င်းတို့အနေဖြင့်လိုအပ်ပါကကားစီးရေ(၂) ဆခန့် တိုးဆွဲပြီး ခရီးသွားပြည်သူများ အခက်အခဲမရှိရန် ဖြေရှင်းပေးသွားမည်ဟု ကြေညာထားသည်။
Geen opmerkingen:
Een reactie posten