မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 8 april 2010

စစ်တွေတွင် နေကပူ ရေကရှား ပြည်သူတွေ ဗျာများ

မျိုးချစ်သူ/ ၈ ဧပြီ ၂ဝ၁ဝ
ရခိုင်ပြည်နယ်စစ်တွေမြို့တွင်သောက်သုံးရေရှားပါးမှုကြောင့်မြို့လူထုများအခက်ကြုံနေရကြောင်း စစ်တွေမြို့ခံများကပြောသည်။
စစ်တွေတွင်နေပူရှိန်လည်းပြင်းထန်နေသောကြောင့်ရေမရရှိသည့်အတွက်မြို့ခံများပို၍ စိတ်ပျက်နေကြကြောင်း ဘောက်သီးစုရပ်ကွက်မှ ပြည်သူတဦးက ပြောသည်။
၎င်းက “နေကလည်းပူတယ်၊ ရေကလည်း မလာဘူး၊ အတော်အခက် အခဲရှိနေပါတယ်။ အခု ရေကို အပြင်က ဝယ်သုံးနေရသူတွေ များတယ်။ ငွေကြေးကျပ်တည်းရတဲ့အထဲမှာ အခုလို ငွေပိုကုန်တယ်ဆိုတော့ ပိုဆိုးတာပေါ့။ ရေဝယ်ယူသုံးရတာ တနေ့မှာ အနည်းဆုံး (၃၀၀) ကနေ (၁,၀၀၀) ကျပ်အထိ ကုန်တယ်” ဟု ပြောသည်။
စစ်တွေရှိကန်တော်ကြီးကန်မှရေကိုစစ်တွေစည်ပင်ကပိုက်လိုင်းစနစ်ဖြင့်ပေးဝေရာတွင် မလာသည်ကများနေပြီးလာလျှင်လည်း(၄)ရက်ခန့်မှတကြိမ်လာကာရေလာပါကလည်း ရေအားနည်းကြောင်း မြို့ခံများထံမှ သိရသည်။
ရေလာရက်မမှန်သော်လည်းရေတင်စက်တပ်ဆင်ထားသောအိမ်တအိမ်လျှင်လစဉ်ရေဖိုး(၂,၀၀၀) ကျပ်ပေးရပြီးရေစက်မတပ်ဆင်ရသေးသူများမှာပိုက်မှတဆင့်ယူရသည့်အတွက်တလလျှင်(၁,၀၀၀) ကျပ်ပေးရကြောင်း စစ်တွေ မြို့ခံများက ပြောသည်။
စစ်တွေတွင်ရေရှားပါးနေသောရပ်ကွက်များမှာဘောက်သီးစု၊ဆင်ကူးလမ်း၊ရွှေပြား၊အုန်းတစ်ပင်၊ ပါဒလိပ်ချိတ်၊ကျောင်းတက်လမ်း၊လမ်းမတော်စသည့်ရပ်ကွက်များဖြစ်ပြီးအသစ်တည်ဆောက်ထားသော ဆင်ခြေဖုံးရပ်ကွက်များတွင်လည်းအခက်အခဲရှိနေကြောင်း သိရသည်။
စစ်တွေမှအာဏာပိုင်များကမူစစ်တွေမြို့နေပြည်သူတို့နွေရာသီရေလုံလောက်မှုရှိစေရန် အောင်ဒိုင်ရေချိုကန်မှရေကို(၈)လက်မပိုက်များဖြင့်သွယ်ကာတနေ့လျှင်ရေဂါလန်(၆)သိန်း ဖြည့်တင်းပေးနေကြောင်း၊စစ်တွေကန်တော်ကြီးတွင်လည်းမိုးရေလှောင်ကန်ပြုလုပ်ကာအမြင့်မှအနိမ့်သို့ အလိုအလျှောက် ရေပို့လွှတ်သောစနစ် ပြုလုပ်ပေးထားကြောင်း ပြောဆိုသည်။
“ဘယ်လိုစနစ်တွေလုပ်ထားလဲတော့မသိပါဘူး။ရေမလာလို့ရေကိုဝယ်သုံးနေရတာတမြို့လုံးသိပါတယ်”ဟု ဘောက်သီးစု ရပ်ကွက်နေသူတဦးက ပြောသည်။
စစ်တွေတွင်လူဦးရေ(၁)သိန်းခွဲခန့် နေထိုင်လျက်ရှိပြီးတနေ့လျှင်ရေဂါလန်(၃)သန်းခန့်ပေးဝေရန်လိုအပ်ကြောင်း၊သို့သော်ယင်းလိုအပ်ချက်၏ (၄၁)ရာခိုင်နှုန်းကိုသာ ပေးဝေနိုင်ပြီး ပေးဝေရာတွင်လည်း (၄၁)ရာခိုင်နှုန်းအပြည့်အ၀မရရှိဖြစ်နေကြောင်းကိုစစ်တွေစည်ပင်ကပြောကြားသော်လည်း မည်သည့်အတွက်ကြောင့်ရေမရရှိသည်ကိုမူပြောကြားနိုင်ခြင်းမရှိပေ။
“ရေအခက်အခဲအတွက် ကြံ့ဖွံ့က မတည်ငွေ သိန်း (၃၀၀) လှူပါတယ်။ ပြီးတော့ ရှိုင်းဆောက်လုပ်ရေးက (၈) လက်မPVCပိုက်တွေအလုံး(၉၀၀)ကျော်လှူပါတယ်။ လုပ်ငန်းတခုလုံးအတွက် ငွေကျပ်သိန်း (၁,၄၀၀) ကုန်ပါတယ်။ ကန်တော်ကြီးကန်နဲ့ ဝေးတဲ့ ရပ်ကွက်တွေကိုပါ ရေရနိုင်ဖို့ ရေစုကန်တွေ တည်ဆောက်တာပါ။ အခုပြီးသွားပါပြီ။ ရေလည်း လွှတ်နေပါပြီ” ဟု စစ်တွေ စည်ပင်တာဝန်ရှိသူက ပြောသည်။
ရခိုင်ပြည်နယ်သည် တနှစ်လျှင် မိုးရေချိန်လက်မ(၁၂၀)ကျော်ထိရွာသွန်းသော်လည်းသောက်သုံးရေ ရရှိမှုကိုစနစ်တကျစီစဉ်မှုမရှိကြောင်း၊ ယင်းအတွက် နှစ်စဉ် နွေရာသီရောက်တိုင်းစစ်တွေမြို့နှင့်အနီးရှိ နယ်မြို့များ၊ကျေးလက်တောရွာများတွင်ရေရှားပါးကြောင်းစစ်တွေမြို့ခံအငြိမ်းစားပညာရေးဝန်ထမ်းတဦးက ပြောသည်။
၎င်းက“အစိုးရကဘာမှသေသေချာချာလုပ်ပေးတာမရှိဘူး။ဒီလိုနွေရောက်တိုင်းရေပြဿနာရှိတာပဲ။ဒါကို သူတို့လည်း အသိပါ” ဟု ပြောသည်။





Geen opmerkingen: