စိုးမိုး/ ၈ ဧပြီ ၂ဝ၁ဝ
စစ်အစိုးရခန့်အပ်လိုက်သည့်စစ်ဗိုလ်ချုပ်ဟောင်းဦးဆောင်သည့်ရွေးကောက်ပွဲကော်မရှင်ကလာမည့်၂၀၁၀ ရွေးကောက်ပွဲတွင်ကြီးကြပ်ရန်အစိုးရ၀န်ထမ်း(၂၅၂)ဦးကိုယခုလဧပြီ (၇)ရက်မှ(၉)ရက်နေ့အထိ(၃) ရက်သင်တန်း စတင်ပေးနေပြီဖြစ်သည်။
စစ်အစိုးရတရားရေးဝန်ထမ်းများ၊လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှအရာရှိများစုစုပေါင်း(၂၅၂)ဦးအား ပြီးခဲ့သည့်မတ်လ(၈)ရက်မှစတင်ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲဥပဒေများနှင့်ပတ်သက်ပြီးဥပဒေ၊နည်းဥပဒေများနှင့်လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရာ၌ရှင်းလင်းလွယ်ကူစေရန်ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် လုပ်ငန်းလမ်းညွှန်များ၊မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်များကိုပြုစုထုတ်ပြန်ထားပြီးဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌစစ်ဗိုလ်ချုပ်ဟောင်းဦးသိန်းစိုးကဖွင့်ပွဲတွင်ပြောကြားသည်။
ယင်းသို့ရွေးကောက်ပွဲဥပဒေများထုတ်ပြန်ပြီးရွေးကောက်ပွဲကျင်းပရေးကော်မရှင်ဖွဲ့စည်းခြင်း၊ရွေးကောက်ပွဲ ကြီးကြပ်ရေးအတွက်အစိုးရ၀န်ထမ်းများအားသင်တန်းပေးခြင်းများလုပ်ဆောင်နေသော်လည်း ပြည်သူလူထုအနေဖြင့်မည်သို့ မဲပေးရမည်ဆိုသည်ကိုမသိရှိရသေးပေ။
ပြည်တွင်းမှသတင်းဂျာနယ်အယ်ဒီတာတဦးက“အခုထွက်တဲ့ဥပဒေတွေအားလုံးထဲမှာလွှတ်တော်တွေ အများကြီးကိုကျနော်တို့ပြည်သူတွေအနေနဲ့ဘယ်လိုမဲပေးရမယ်၊နိုင်ငံရေးပါတီတွေကိုဘယ်ပါတီဘယ်လို ပေးရမယ်ဆိုတာမပါသေးဘူး။အဲဒါကိုကြီးကြပ်သူတွေကဘယ်လိုကြီးကြပ်မလဲမသိသေးဘူး။ လုပ်ငန်းလမ်းညွှန်ထုတ်ပြီးပြီပြောပေမယ့်အဲဒါကဘာကိုထုတ်သလဲမသိဘူးခင်ဗျ”ဟုပြောသည်။
စစ်အစိုးရကမတ်လ(၈)ရက်ကစပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နှင့်တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာနည်းဥပဒေများကိုထုတ်ပြန်ထားပြီးဖြစ်သော်လည်း ယင်းလွှတ်တော်ကိုယ်စားလှယ်များကိုပြည်သူလူထုကမည်သို့ရွေးကောက်တင်မြှောက်ရမည်ကို မထုတ်ပြန်သေးပေ။
“ပါတီထောင်ဖို့ပုံစံနဲ့ပါတီဝင်မှတ်ပုံတင်တဲ့အဆင့်လောက်ပဲသူတို့ပြောသေးတာကိုး။ဘယ်လိုလူတွေဘယ်လို ၀င်ရမလဲဆိုတာနောက်မှထပ်ထွက်မယ်ထင်တယ်။အဲဒီဟာကိုကျနော်လည်းရှင်းရှင်းခုထိဖတ်ကြည့်နေတာ မတွေ့သေးဘူး” ဟုဥပဒေ အတိုင်ပင်ခံ ဦးအောင်သိန်းက ပြောကြားသည်။
စစ်အစိုးရက ယခုနှစ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမည်ဆိုကာ ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်ခဲ့သော်လည်း တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲ ဥပဒေအဖြစ် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်ပြောကြားထားပြီး မြန်မာ့အဓိက နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)ကလည်း စစ်အစိုး၏ မတရားသည့်ဥပဒေဖြင့် ရွေးကောက်ပွဲမ၀င်ဟု ယတိပြတ် ကြေညာလိုက်ပြီဖြစ်သည်။
Geen opmerkingen:
Een reactie posten