ရန်ကုန်သားတာတေ Wednesday, April 07, 2010
.“သင်္ကြန် နေပြည်တော် သွားမှာ”
“ရန်ကုန်မှာနေမှာ”
“ဟာ နေပြည်တော်က စည်မှာကွ၊ နေပြည်တော် သွားမှာကွ”
“ရန်ကုန်ကိုလည်း စည်အောင် လုပ်မှာတဲ့ကွ၊ ရန်ကုန်ကမှ တကယ့် သင်္ကြန်စစ်စစ် အရသာရှိတာ”
နှစ်သစ်ကူး သင်္ကြန် အချိန် ရန်ကုန်တွင် နေမည်၊ နေပြည်တော်တွင် နေမည်ဟု ငြင်းခုန်နေ ကြသော ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ရန်ကုန်၊ နေပြည်တော် တို့နှင့် လားလားမှ မဆိုင်သည့် ချင်းမိုင် ကျုံးဘေးတွင် ပေါက်ပေါက် ဖောက်နေကြ ခြင်းသာ ဖြစ်သည်။ ပူလွန်း သောကြောင့် ကျုံးဘေး ထဖဲဂိတ်တွင် လာထိုင်ကာမှ အလိုက်မသိ ဆယ်တန်း မအောင်သည့် ငတိ နှစ်ဖော်ကြောင့် ဘေးက ဦးရုက္ခစိုးလည်း တော်တော် စိတ်ညစ်လာသည်။
ရုက္ခစိုး။ ။နေစမ်းပါဦး၊မင်းတို့ကိုဘယ်သူကပြည်ဝင်ခွင့်ပေးမှာမို့လို့ငြင်းခုန်နေကြတာလဲ။ငါ့လည်းအားနာဦး။ ရာသီဥတုကပူရတဲ့အထဲနားပါပူတယ်။
ဖိုးရှုပ်။ ။ ဘယ်သူမှ ပြည်တော်မပြန်ပါဘူး ဦးရုက္ခစိုးရယ်။
ကြွက်။ ။ နတ်ဖြစ်ပြီး ပူနေရလား။ ကျနော်တို့ လူတွေ ပူဖို့လည်း ထားပါဦး။
ရုက္ခစိုး။ ။ နတ်လည်း ပူတာပဲကွ။နေစမ်းပါဦးပြည်တော်မပြန်ဘဲနဲ့မင်းကြီးတော်ကြီးယောက်ျားနောက် လိုက်ပြေးမှာမို့လို့နေပြည်တော်သွားမယ်…ရန်ကုန်သွားမယ်နဲ့အလောတကြီးဆွေးနွေးငြင်းခုန် နေတာလား။
ဖိုးရှုပ်။ ။ သြော် ဒါလား …ဒါက ကျနော်တို့ သွားကြမှာကို ပြောတာမဟုတ်ပါဘူး။ ချိုကုပ်ဒူးကြီးရဲ့ မြေးတော်လေး ဖိုးလောက်လန်း ဘယ်မှာ သင်္ကြန်ကျမလဲဆိုတာ ငြင်းနေတာ။
ရုက္ခစိုး။ ။ တော်တော် အားနေကြတယ် ဟုတ်လား။ သူ့ဘာသာ ဘယ်နေနေ မင်းတို့နဲ့ ဘာဆိုင်လဲ။
ကြွက်စုတ်။ ။ ဘာမှတော့ မဆိုင်ဘူးပေါ့ ဦးရုက္ခစိုးရယ် ...။ ဒါပေမယ့် သူ့ဘိုးတော်ဘုရားက နေပြည်တော် သင်္ကြန်ကြီးမစည်စည်အောင်လုပ်ရမယ်ဆိုပြီး ရန်ကုန်ကရှိသမျှ နာမည်ကြီးတွေကိုငွေနဲ့ပေါက်တန်ပေါက်၊ အာဏာနဲ့ဖိတန်ဖိပြီးနေပြည်တော်ခေါ်နေတဲ့အချိန်မြေးကရန်ကုန်မှာပဲသင်္ကြန်ကျမယ်ဆိုတာမျိုး ဖြစ်လာမလား၊ မြေးနဲ့ အဘိုး အားပြိုင်ပွဲ ဘယ်သူ အနိုင်ရမလဲ ဆိုတာ စဉ်းစားစရာကောင်းနေတာကိုးဗျ။
ရုက္ခစိုး။ ။ ဟေ့ကောင် … တော် … တော်…မင်းလေသံက ဒေဝါလီမဂ္ဂဇင်းရဲ့ ရာဟု စကားဝိုင်းသံ ပေါက်နေပြီ။ သူ့ဘာသာ အားပဲပြိုင်ပြိုင် …ထိပ်ပဲပေါက်ပေါက် … ခေါင်းပဲကွဲကွဲ မင်းနဲ့ မဆိုင်ဘူး။ တကယ်ဆို အခုအချိန်မှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေကို ပြောနေရမယ့်အချိန်ကွ ...။ NLD ဘာလဲ၊ ဘယ်လဲ … ဆိုတာ ဘယ်လောက် စိတ်ဝင်စားဖို့ ကောင်းလဲ။
ဖိုးရှုပ်။ ။ ဘာလဲ … ဘယ်လဲ လုပ်မနေနဲ့တော့လေ ဦးရုက္ခစိုးရဲ့။ ဘာမှမလဲဘူး … ။ NLD က ပြည်သူတွေကို တောင်းပန်လိုက်ပြီ။
ရုက္ခစိုး။ ။ တောင်းပန်တယ် ဆိုတာတော့ ဟုတ်ပါပြီ၊ သူ့ကိုမဲထည့်ခဲ့ပြီး အနှစ် ၂၀ လုံးလုံး စောင့်နေရတဲ့ ပြည်သူလူထုကိုတော့ ဘာလေးလုပ်လိုက်ပါ ဆိုပြီး တခုခု ပြောသင့်တယ် မဟုတ်ဘူးလား။ အခုတော့ ဘာမှလည်း မပြောဘူး။ လူတွေက ဘာလုပ် ရမှာလဲ။ ချိုကုပ်ဒူးကြီး လုပ်သမျှ ဆက်ခံရမှာလား။ ဒါမှမဟုတ် တောင်းပန်တဲ့အတွက် ကျေးဇူးတင်ရမှာလား။
ကြွက်စုတ်။ ။ NLD မပါလည်း ချိုကုပ်ဒူးကြီးက သူ့လမ်းပျောက်မြေပုံကြီးကို အဆုံးထိ ဆက်လျှောက်မှာပဲဟာ …။
ဖိုးရှုပ်။ ။ဟုတ်တယ်၊အဲဒီတော့လူတွေကမဲမထည့်ဘဲငုတ်တုတ်ထိုင်နေရင်ချိုကုပ်ဒူးကြီးကသူနိုင်စေချင်တဲ့ ပါတီကို အနိုင်ပေးလိုက်လိမ့်မယ်၊မဲထည့်ရင်လည်းမဲခိုးပြီးသူနိုင်ချင်တဲ့ပါတီကိုပဲ အနိုင်ပေးလိုက်ကြလိမ့်မယ်။
ရုက္ခစိုး။ ။ ဘာလဲ … မင်းပြောချင်တာက ကြံ့ဖွံ့လား ...။
ဖိုးရှုပ်။ ။ ဒါပဲရှိတာပဲဟာ…မှတ်ပုံတင်တဲ့ပါတီ၁၀ခုကျော်မှာတဝက်လောက်က အလံရှူးတွေ၊ ကျန်တဲ့တဝက်ကိုချိုကုပ်ဒူးကြီးကလုံးဝစာရင်းထဲမထည့်။ကြံ့ဖွံ့ကအခုကတည်းက ရေမီးအစုံနဲ့ မဲဆွယ်နေပြီ။
ထိုစဉ် သူတို့နားသို့ လူတယောက် ချဉ်းကပ်လာပြီး…“ဒီလိုလည်း မဟုတ်သေးပါဘူးဗျာ”ဟု ပြောလိုက်သည်။ ထိုသို့ ပြောလိုက်သူက ဦးနေဝင်းပြောင်ဖြစ်သည်။
ကြွက်စုတ်။ ။ ဟာ … အသံတိတ်ဂျာနယ်ရဲ့ ဆင်အီးယိုကြီး။
ပြောင်။ ။ စီအီးအိုလုပ်စမ်းပါဗျာ။
ရုက္ခစိုး။ ။ စိတ်မရှိပါနဲ့ဗျာ … သူက အင်္ဂလိပ်လို အသံထွက် တော်တော်ညံ့တာ။
ပြောင်။ ။ ခင်ဗျားတို့ပြောနေတာတွေက နည်းနည်း အစွန်းရောက်လွန်းတယ်ဗျာ ...။ အခုဆို ကျုပ်တပည့်လေးတွေလည်းပါတီထောင်တော့မှာဗျ။ စောစောကတော့ NLDဝင်မဝင်ကို တချက်စောင့်ကြည့်နေတာ။ခုသူမဝင်ဘူးဆိုတော့ကျန်တာတွေကိုသိပ်ကြောက်စရာမရှိဘူးလေ။ ပွဲလန့်တုန်း ဖျာလေးဘာလေး ဝင်ခင်းမလားလို့။
ဖိုးရှုပ်။ ။ ခင်ဗျားရဲ့တပည့်တွေဆိုတာ အီးမြက်တွေလား။ ဘယ်လိုလူတွေပါလိမ့်။
ပြောင်။ ။ သြော် လူချမ်းသာ မိသားစုတွေက ပေါက်ဖွားလာတဲ့ ပေါ်ကျော့လေးတွေပေါ့။ မိဘပိုက်ဆံ ဖြုန်းချင်တိုင်း ဖြုန်းနိုင်တဲ့လူတော်လေးတွေပါ။အလုပ်တွေတော့မရှိရှာဘူး…အားအား ယားယား ဘာလုပ်ရမှန်းမသိ ဖြစ်နေကြရှာလို့ ပါတီထောင်လို့ ပြောထားတယ်။
ကြွက်စုတ်။ ။ အီးမြက်ကို ဘယ်သူက နောက်ခံ ငွေကြေး ထောက်ပံ့ပေးမှာလဲဗျ။
ပြောင်။ ။ နိုး၊ နိုး …အီးမြက်က သပ်သပ်၊ ပါတီနာမည်က အစိမ်းရောင်တဲ့ …။ ဟဲဟဲ မြန်မာပြည်နဲ့ မလိုက်ဘူးလား။ ထောက်ပံ့မယ့် သူတွေကတော့ ကျုပ်နဲ့ ကျုပ်အပေါင်းအပါ မှောင်ခိုကြီးတွေပေါ့ဗျာ။ ကြားဖူးမှာပေါ့ ဂွမောင်ခွေ တို့ တင်မောင်ဗျန်းတို့လေ။ ကြောင်သက်ဗန်းနဲ့က သယ်ယင်းတွေပေါ့။
“အင်း … အစိမ်းရောင်ကကို မထွက်ပါလား” ဟု ဦးရုက္ခစိုးက စဉ်းစားလိုက်သည်။
ဖိုးရှုပ်။ ။ ခင်ဗျားကကော ဘယ်နေရာက နေမှာလဲ။
ပြောင်။ ။ ကျုပ်က နိုင်ငံရေးသမားမလုပ်ဘူး … ရှေးက သက်တော်တို အမတ်ကြီးတွေလိုပေါ့ … မင်းတိုင်ပင် … ငါ့တိုင်ပင် … အဲ … အဲ … အဲဒါက ကျုပ်ရဲ့ မဟာ အိပ်မက်တော်ကြီးပဲဗျ။
ကြွက်စုတ်။ ။ ရူးပါပေ့ …အဲ …ကျနော်ဆိုလိုတာကလေ …အဲဒီလို ရူးမှ…ထူးမယ် … ဟုတ်တယ်မဟုတ်လား။ အဟီး။
ကြွက်စုတ်စကားကြောင့် ဦးနေဝင်းပြောင်၏ မျက်နှာကြီးမှာ ကတ္တရာပုံးထဲ ကျသကဲ့သို့ မည်းခနဲ ဖြစ်သွားရာ စကားကို ကမန်းကတန်း ပြန်ပြင်ပြောလိုက်ရသည်။
ပြောင်။ ။ ကျုပ်က နောက်ကနေပဲ အစစအရာရာ ညွှန်ကြားမယ်လေ။ ရှေ့မထွက်တော့ဘူး။ ထွက်လည်း အရပ်ကပုနေတော့ မြင်ကြမှာမဟုတ်ဘူး။ ကျုပ်ဘော်ဒါတွေကတော့ စစ်အစိုးရနဲ့ ပေါင်းစားထားတဲ့ ပိုက်ဆံတွေဘယ်နားထားရမှန်းမသိတဲ့အတူတူကျုပ်ပံ့ပိုးချင်တဲ့ ပါတီကို ဝိုင်းပံ့ပိုးကြမှာ။ နိုင်ငံရေးခွင်ထဲဝင်ပြီး ကစားကြည့်ကြမှာပေါ့ဗျာ။ ပေါင်းစား …အဲလေ … ယောင်လို့ … ပူးသတ်ရမယ်လေ … ဟုတ်တယ်မဟုတ်လား။
ရုက္ခစိုး။ ။အင်း ဒီနှစ်သင်္ကြန်စာအလိုအရတော့ဗြဟ္မာကြီးဦးခေါင်းကိုယူမယ့်နတ်သမီးကငိုပြီးမှယူမှာတဲ့ ...။
ဦးရုက္ခစိုးစကားကြောင့် ဖိုးရှုပ်နှင့်ကြွက်စုတ်တို့ ကြောင်သွားသည် ...။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး … နိုင်ငံရေး အကြောင်း စိတ်ဝင်စားတယ်ဆို ...။
ရုက္ခစိုး။ ။ သောကြာသား အတာစားမယ်ဆိုတော့ … သန်းတို့ သိန်းတို့ … အင်း … ဒင်းတို့က အတက်နေ့မှာ ကောင်းမှုကုသိုလ် လုပ်လိုက်ရင် တနှစ်လုံး ကြံတိုင်း အောင်မယ်ဆိုပါလား။
ကြွက်စုတ်။ ။ နိုင်ငံရေး ပြောမလို့ဆို ဦးရုက္ခစိုး … ဘယ့်နှယ် သင်္ကြန်စာ ...။
ရုက္ခစိုး။ ။ ဒီနှစ်မှာ အနုပညာရှင်တွေ၊ ပန်းချီဆရာတွေ၊ မျက်လှည့်သမားတွေ အထူးကောင်းမယ်တဲ့ … ဟုတ်တော့ ဟုတ်နေပြီ။
ပြောင်။ ။ ဗျာ ဘယ်လို၊ ဘယ်လို … မျက်လှည့်သမားတွေ ကောင်းမယ် ဟုတ်လား။ တကယ်လား။
ရုက္ခစိုး။ ။ သင်္ကြန်စာက ဆိုတာပဲဗျ။
ပြောင်။ ။ လုပ်မယ်ဗျာ။ ကျုပ်က ဗေဒင်တို့၊ ယတြာတို့ အောက်လမ်းတို့ …၁၂ ကြိုးတို့၊ ၁၃ ကြိုးတို့ သိပ်ယုံတာဗျ။ အင်း …ပန်းချီကတော့ မဖြစ်ဘူး၊ ဝလုံးတောင် ဖြောင့်အောင်ရေးတတ်တာ မဟုတ်ဘူး။ အနုပညာကျတော့လည်း မျောက်က တောင် အချိုးကျကျ မကတတ်ဘူး။ သီချင်းဆိုရင်လည်း ပတ်ဝန်းကျင်က ခဲနဲ့ထုလို့ ပြေးပေါက်မှားဦးမယ် … မဖြစ်ဘူး။ ဒီတော့ … ဟုတ်ပြီ။ အခုအချိန်ကနေ စပြီး မျက်လှည့် သွားသင်မယ်။
ပြောပြောဆိုဆိုနှင့် နှုတ်မဆက်ဘဲ ဦးနေဝင်းပြောင် ထွက်သွားရာ…ဖိုးရှုပ်က သတင်းထောက်ပီပီ အတင်းလိုက်၍ စပ်စုသည်။
ဖိုးရှုပ်။ ။ ဟေ့လူ … မျက်လှည့် ဘယ်မှာသင်မှာလဲ … ပြောသွားဦးလေ။
ပြောင်။ ။ချိုကုပ်ဒူးကြီးဆီမှာ တပည့်ခံပြီး သင်မလို့။ ဒီကမ္ဘာမှာ မျက်လည့်အကျွမ်းဆုံးက ချိုကုပ်ဒူးကြီးပဲလေ။ အနှစ်၂၀လောက်တည်တံ့ခဲ့တဲ့NLDပါတီကို တရက်တည်းနဲ့ ဖျက်သိမ်းရအောင် လုပ်နိုင်တာ …ချိုကုပ်ဒူးကြီး မဟုတ်ဘူးလား။ သူ့ကိုမှ မျက်လှည့် ကျွမ်းတယ် မပြောရင် ဘယ်သူ့ကို ပြောမလဲ … ငှဲငှဲငှဲ။ ။
“ထွေရာလေးပါး”သည်Satireခေါ်သရော်စာကဏ္ဍဖြစ်ပါသည်။သတင်းမှန်များအပေါ်အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

Geen opmerkingen:
Een reactie posten